သစ်ခက်သံလွင် ကဗျာရှည်၊ ဆောင်းယွန်းလ ရဲ့ "ဘုရားသခင်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး"



ဘုရားသခင်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး

Kazuya Akimoto Art Museum
 နှင်းခြစ်သမားက
ဒီတဆောင်းမှာ
နှင်းကောင်းကောင်းကျပါစေလို့ ဆုတောင်းနေချိန်မှာ
စက်ရုံအလုပ်သမားက
ဒီတဆောင်းထဲ
နှင်းပါးပါစေလို့ ဆုတောင်းနေခဲ့လေတယ်။

ဘုရားသခင်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။

တရားမျှတမှုကို လေးစားလွန်းတဲ့ ဘုရားသခင်က
ဘက်လိုက်ခြင်း ကင်းအောင်ဆိုပြီး
ခေါင်းပန်းလှန်ဖို့ ဒင်္ဂါးပြားတစေ့ကို မိုးပေါ်မြှောက်လိုက်တော့
ဒင်္ဂါးပြားဟာ မေ့ကြီးပေါ်ကို ထောင်ပြီးကျသွားတယ်
သရေကျတယ်လို့ ပြောရမလား
အနိုင်အရှုံးမရှိဘူးလို့ ဆိုရမလား။

ခေါင်းမဟုတ် ပန်းမဟုတ်တဲ့အကြောင်းကို ပြောနေဆိုနေကြတုန်းပဲ
ရာသီဥတုက ဆောင်းကာလအလိုကျ
အဲဒီနှစ်ဆောင်းမှာ နှင်းတွေဖြူပြီး ထူနေအောင်ကျပေးခဲ့တယ်
နှင်းခြစ်သမားဟာ ပျော်လို့ရွှင်လို့
နှင်းတွေကို သီချင်းတွေနဲ့ တွင်တွင်ခြစ်တော့တာပဲ
နှင်းတွေဟာ သူ့အတွက် အသပြာတွေပေကိုး။

ဒီလိုနဲ့ နှင်းတောထဲမှာကြာတော့
နှင်းခြစ်သမားဟာ အအေးမိရင်း အပြင်းဖျားပေါ့
စက်ရုံအလုပ်သမားရဲ့အလုပ်ရုံဟာလည်း
နှင်းတွေထူလွန်းလို့ လုပ်ငန်းကို ခွင့်မဲ့ယာယီရပ်ဆိုင်းထားခဲ့ပေါ့။

အဲဒီမှာတင်ပဲ
နှင်းခြစ်သမားက နှင်းတွေကျတာရပ်ပေးဖို့
ဘုရားသခင်ထံမှာ ဆုတောင်းနေပြန်ပြီး
စက်ရုံအလုပ်သမားကတော့ နှင်းတွေဆက်ကျနေဖို့
ဘုရားသခင်မှာ ဆုတောင်းနေပြန်ပေါ့။

ဘုရားသခင်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။

အပြင်ဘက်မှာ နှင်းတွေဟာ အခဲလိုက်အဆုပ်လိုက်
တတောလုံး ပန်းတွေမြိုင်နေအောင် ပွင့်နေသလိုမျိုး
ကောင်းကင်တခွင်လုံး ငှက်တွေ အုပ်ဖွဲ့ပျံသန်းနေသလိုမျိုး။

ဒီကနေ့တော့
အပြင်ဘက်မှာ နှင်းမပါတဲ့ နေချည့်သက်သက်သာတယ်
ဘုရားသခင်ဟာ
နှင်းခြစ်သမားရဲ့ဆုတောင်းသံကို မကြားရသလို
စက်ရုံအလုပ်သမားရဲ့ ဆုတောင်းသံကိုလည်း မကြားရဘူး
သေချာအောင် ဘုရားသခင်ဟာ နားကိုဆက်ဆက်စွင့်ကြည့်တယ်
ဘာ/ဘယ်ဆုတောင်းသံကိုမှ ဘုရားသခင်မကြားရဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့
ဘုရားသခင်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။

ဆောင်းယွန်းလ
 (နိုဝင်ဘာလ ၈ရက်၊ ၂၀၁၆)


Comments