သစ်ခက်သံလွင် အက်ဆေး၊ ကမ်လူဝေး ၏ "အလင်းမဲ့ဘဝများ "



အလင်းမဲ့ဘဝများ
POS

 အချိန်ကာလတို့သည် နှစ်ပေါင်းသုံးဆယ့်ငါးနှစ်လောက် ကျော်ဖြတ်ခဲ့လေပြီ။ ဒီခေတ်ဒီအခါမှာရော ကျွန်တော့်ငယ်ဘဝက သူငယ်ချင်းလို ဆင်းရဲသောကြောင့် ဖယောင်းတိုင်မဝယ်နိုင် LED မီးမဝယ် နိုင်၍ စာမဖတ်ရ စာမလုပ်ရသော ကလေးငယ်များ ဘယ်လောက်တောင်ရှိနေဦးမလဲ ကျွန်တော် မသိနိုင်ပါ။

မှောင်မိုက်သောညသည် တခါတရံ အတွေးစတို့ကို ရှည်လျားစေသည်။ ကာလကြာပြီဖြစ်သော ကိစ္စတို့သည် တိုက်ဆိုင်သောအခါ အတွေးထဲသို့ အလိုအလျှောက် တိုးဝင် ရောက်ရှိလာတတ် သည်။ မထူးဆန်းလှပါ။
ကျွန်တော်ငယ်ငယ်က သူငယ်ချင်း တယောက်ရှိခဲ့ပါသည်။ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်လောက် ကြာခဲ့ပါပြီ။ သူတို့မိသားစုက ဆင်းရဲသည်။ သူက ကျွန်တော်နှင့်တတန်းတည်း တခန်းတည်း ဘေးခြင်းကပ် ထိုင်ဖြစ်သော သူငယ်ချင်း။
ကျွန်တော်က စာတော်သောကျောင်းသား။ သူက စာသိပ်မရ။ သို့သော် ကြိုးစားသူ။ ကျောင်းကအိမ်စာလုပ်ခိုင်းလျှင် တခါတရံပြီးအောင်လုပ်မလာ။ ကျောင်းရောက်မှ အသည်း အသန်ပြီးအောင် လုပ်တတ်သည်။ မနေနိုင်သော ကျွန်တော်က အိမ်စာပြီးအောင်လုပ်ခဲ့ဖို့ တိုက်တွန်းဖြစ် သည်။
 ထိုအခါ သူသည် အားငယ်သောအကြည့်ဖြင့်ကြည့်ရင်း ရေနံဆီကုန်သွားတော့ ဖယောင်းတိုင်လည်း မရှိတာနဲ့ စာဆက်လုပ်လို့မရဘူးဟု ပြောပါသည်။ ကျွန်တော်ရုတ်တရက် နားမလည်ခဲ့ပါ။ 

နားလည်အောင် သေသေချာချာမေးသောအခါမှ အကြောင်းစုံ ကိုသိလာရပါသည်။
သူတို့မိသားစုက လက်လုပ်လက်စား ဆင်းရဲသည်။ နေတော့မြို့စွန်ရပ်ကွက်။ သူတို့အိမ်မှာ လျှပ်စစ် မီတာမရှိ။ အီးပီစီမှလျှပ်စစ်မီး  မသွယ်နိုင်။ ညဖက်မှောင်လျှင် ရေနံဆီမီးအိမ်ထွန်း။ အချိန်တန်တော့ မှောင်ထဲမှာ အိပ်။ ဒါကသူတို့ဘဝ။ ရေနံဆီကလည်း တနေ့စာ တနေ့စာ သူ့ အတိုင်း အဆနှင့်။ အဆင်ပြေ၍ မိဘက ဖယောင်းတိုင်ဝယ်ပေးထားလျှင်တော့ ဖယောင်းတိုင်မီးနှင့် စာဆက်လုပ်။ ဖယောင်းတိုင်မရှိလျှင်တော့ ထိုနေ့အဖို့ပြီးပြီ။ 

ကျွန်တော်ကြားတော့ စိတ်မကောင်းဖြစ်ရသည်။ ဒါဆို မင်းစာကောင်းကောင်းဖတ်လို့ မရဘူးပေါ့ဟု စိုးရိမ်စွာပြောဖြစ်တော့ သူငယ်ချင်းက ရယ်သည်။ ဒီလောက်လည်း မဆိုးပါဘူးကွာ။ မိုးတွင်း မိုးရွာရင်သာ ဒုက္ခတွေ့တာပါ။ ကျန်တဲ့အချိန်က စာသာရေးရခက်တာ စာရေးရခက်လို့ အိမ်စာ မပြီးတာ စာတော့ကျက်လို့ရပါတယ်ဟု ဆိုသည်။
မီးမရှိဘဲ စာဘယ်လိုဖတ်မလဲလို့တအံ့ တသြမေးတော့။ ရပါတယ်ကွ။ အိမ်ရှေ့က လမ်းမီးတိုင် ရှိတာပဲ လမ်းမီးတိုင်အောက်မှာ သွားပြီးဖတ်ရတာပေါ့။ ဒီလိုပဲ အဆင်ပြေပါတယ်လို့ဘဝကို ကြေနပ်စွာ နားလည်ပုံ မျိုးနှင့် ဆိုသည်။

သူ့အခြေအနေကိုသိပြီး ကျွန်တော်မုန့်ဖိုးလေးတွေစု၍ ဖယောင်းတိုင်ထုပ်လေးတွေ ဝယ်ပေးဖြစ်သည်။ ထိုနှစ်က သူရောကျွန်တော်ရော စာမေးပွဲအောင်၍ နောက်တတန်း တက်ခဲ့ကြပါသည်။

နှစ်တွေကြာခဲ့ပြီး သူနှင့်တကြိမ် ပြန်တွေ့ဖြစ်ပါသည်။ သူဆယ်တန်းနှင့် ကျောင်းထွက်လိုက်ရပြီး ပုံတူခဲရေးပန်းချီဆရာအဖြစ် အသက်မွေးနေကြောင်း သိခဲ့ရပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းက သူ့လမ်းကို သူလျှောက်နေလေပြီ။ ကြေနပ်ရပေမှာပေါ့။

အချိန်ကာလတို့သည် နှစ်ပေါင်းသုံးဆယ့်ငါးနှစ်လောက် ကျော်ဖြတ်ခဲ့လေပြီ။ ဒီခေတ်ဒီအခါမှာရော ကျွန်တော့်ငယ်ဘဝက သူငယ်ချင်းလို ဆင်းရဲသောကြောင့် ဖယောင်းတိုင်မဝယ်နိုင် LED မီးမဝယ် နိုင်၍ စာမဖတ်ရ စာမလုပ်ရသော ကလေးငယ်များ ဘယ်လောက်တောင်ရှိနေဦးမလဲ ကျွန်တော် မသိနိုင်ပါ။ ကျွန်တော့်သူငယ်ချင်းလို မီးလင်းနေသော လမ်းမီးတိုင်တွေအောက်မှာ စာဖတ်နေကြမလား။ ဒီခောတ်ကလေးငယ်တွေ ကျွန်တော့်သူငယ်ချင်းလို ကံကောင်းနိုင်ပါ့မလား။ မီးအမြဲ မှန်မှန်လင်းသော လမ်းမီးတိုင်မျိုးက ကျွန်တော်တို့ငယ်ငယ်ကလို ဒီနေ့ရှာလို့လွယ်ပါ့ဦးမလား။

ကျွန်တော့်သူငယ်ချင်း မီးမှန်မှန်လင်းသော လမ်းမီးတိုင်အောက်စာဖတ်ခွင့်ရခဲ့ခြင်းက ဒီနေ့ခေတ် ကလေးငယ်တွေထက် နည်းနည်းများ ပိုကံကောင်းခဲ့လေသလားဟု တွေးမိရင်း …

ကမ်လူဝေး

Comments