သစ်ခက်သံလွင်၊ ကမ္ဘာတဝန်းရောက်မြန်မာများ၊ ရဲရင့်ဘုန်း၏ " ချက်မယ် ပြုတ်မယ် ပါးပါးလှီးမယ် - အမေရိကမှာပညာသင် (၂) "



အမေရိကမှာပညာသင် (၂) 
ချက်မယ် ပြုတ်မယ် ပါးပါးလှီးမယ်
 ရဲရင့်ဘုန်း
 ကျနော် အမေရိကားရောက်တော့ အဒေါ်ဝမ်းကွဲ အိမ်မှာ ခဏနေရပါတယ်။ ကျနော့်ညီဝမ်းကွဲ ကျော်စွာက ကျနော့်ထက်စောပြီး ၁၉၈၉ ထဲကရောက်တယ်။ သူက Shell ဓာတ်ဆီ ဆိုင်မှာအလုပ်လုပ်ရင်း ကျောင်းတက်နေတယ်။ သူက နှစ်နှစ်ပိုက်ဆံစုပြီး ကျနော်ကြိုက်တဲ့ Honda Prelude 2 Door လေးဝယ်ထားတာ ၂ လလောက် ပဲ ရှိသေးတယ်။ သူ့ကိုပဲဆရာတင်မေးမြန်းရတာပေါ့။ ကျနော်ရောက်ပြီး ၃ လကြာရင် ကျနော်တို့ နှစ်ယောက် အခန်းတစ်ခုပြောင်းနေဖို့ ကြိုးစား မျှော်လင့်ထားကြတယ်။ အဲဒီတုန်းက အိပ်ခန်း တစ်ခန်းပါတဲ့ Apartment က တလ ဒေါ်လာ ၇၀၀ လောက်ပေးရပြီး အိပ်ခန်း ၂ ခန်းဆို ၉၅၀ လောက်ပေးရပါတယ်။ (ဒီနေ့ website ပေါ်တက်ကြည့် လိုက်တော့ တလကို ၂၁၀၀ တဲ့ဗျာ) 


ရေကူးကန်နဲ့ ရေပူကန်လေးလည်းပါတယ်။ ကားရပ်ဖို့နေရာပေးတယ်။ ပိုက်ဆံအကြွေထည့်ပြီးအဝတ်လျှော် အခြောက်ခံတဲ့စက်တွေထားပေးထားတယ်။ ကျောင်းနဲ့လည်း သိပ်မဝေးတော့ ကျနော်တို့နှစ်ယောက်အရမ်း ကို ပြောင်းချင်နေပါတယ်။ ကိုယ့်အိုးကိုယ့်အိမ်မနေဖူးတော့ နေကြည့်ချင်ကြတယ်။ ခက်တာက အဲဒီမှာနေ ချင်ရင် လျှောက်လွှာ တင်ရပါတယ်။
အဓိကကတော့ လစဉ်လခပေးနိုင်လား သက်သေပြရနိုင်ရတယ်။ ကိုယ့်လခရဲ့ ၆၀% ထက်အခန်းခက မပိုရ စသည်ဖြင့်သူတို့မှာ တွက်တဲ့ ဖော်မြူလာရှိပါတယ်။ ကျနော်တို့ နိုင်ငံခြားကျောင်းသားတွေက ကျောင်းမှာပဲ တပတ်ကို နာရီနှစ်ဆယ်ပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။ စာကြည့်တိုက်၊ ကင်တင်း၊ ရုံးခန်း စသည်ဖြင့်ပေါ့။ ကျနော်နေတဲ့မြို့လေးက လှပသာယာ ဒုစရိုက်မှုနည်းပေ မယ့် ရပ်ကွက်သန့်တော့ ဈေးကြီးတယ်။ အလုပ်အကိုင်ရှားပါးတယ်။ နားလည်မှုနဲ့ ယာယီအလုပ်ရဖို့ မလွယ် ကူပါ။ နောက်မှသိလာတာ L.A နဲ့ ၁၅ မိုင်လောက်အကွာမှာ ရောက်ခါစ မြန်မာတွေစုနေတဲ့ နေရာလေးတွေ ရှိပါတယ်။ Alhambra, Rosemead, San Gabriel စသည်ဖြင့် မြို့လေးတွေဆက်နေတဲ့နေရာ။ 

တရုတ်အများစုမို့ ဈေးဆိုင်တွေများ၊ ဈေးလည်း သက်သာ ကားလည်း ရှိစရာမလိုပါဘူး။ ထမင်းဟင်း ၄ ဒေါ် လာလောက်နဲ့ရောင်း တဲ့ မြန်မာထမင်းဆိုင်တောင် ရှိပါတယ်။ စားသောက်ဆိုင်အရောင်းဆိုင်ပေါတော့။ အလုပ်ရှာရတာလည်း လွယ်တယ်။ ဆိုင်အကူ စားပွဲထိုးအလုပ်တွေဆို စာရွက်စာတမ်း လည်း မေးမနေပါ ဘူး။ လခကို Cash ပေးတယ်။ ဒါပေမဲ့လည်း ကျနော်တို့နဲ့ မိုင် ၄၀ ဝေးတော့ မဖြစ်နိုင်ပါဘူး။

ကံကောင်းချင်တော့ ကျနော့်ကို သူငယ်ချင်းတယောက်ကပြောပေးလို့ နိုင်ငံခြားသား ကျောင်းသားတွေ လက်ခံတဲ့ ရုံးခန်း International Students Office မှာ အလုပ်ရပါတယ်။ ကျောင်းသားစာရေး အဆင့်တစ် Student Assistant One ရာထူးပါ။ လစာက တနာရီ ၅ ဒေါ်လာနဲ့ ၇၅ ပြား။ 
ကျနော့်ရဲ့ပထမဆုံးအလုပ်ပါပဲ။ ကျနော်ဒီအလုပ်ကိုရတာ အင်္ဂလိပ်လိုပြောတတ်ပြီး ကွန်ပြူတာ လုပ်တတ် လို့ပါ။ Type လည်း ရိုက်တတ်ပါတယ်။ အရေးအခင်းကျောင်းတွေပိတ်တော့ ဆရာမ ဒေါ်ခင်အေးပွင့်ဆီမှာ TOEFL တက် မြို့ထဲက ABC College မှာ လက်နှိပ်စက်ရိုက်သင်တယ်။ ဗိုလ်အောင်ကျော်လမ်းထင်တယ် အတွင်းဝန်ရုံးနားမှာ။ Indian မိသားစုတွေဖွင့်ထားတာ။ Type Writer လည်း လုပ်ရတယ်။ 

သင်တန်းပြီးတော့ တကယ်လည်း တတ်တယ်။
CATFISH MARKET

ကျနော်ရဲ့ရည်ရွယ်ချက်က ပထမနှစ်မှာ ကိုယ့်ရဲ့ နေ/စား စရိတ်ကိုယ်ပေးနိုင်အောင် လုပ်မယ်ပေါ့။ လခ တစ်လကို ဒေါ်လာ ၄၀၀ လောက်ရပါတယ်။ ပထမဆုံးလစာရတဲ့နေ့က အရမ်းကိုပျော်ပါတယ်။ ဒါပေမဲ့ ဒီလခနဲ့တော့ Apartment ငှားဖို့ သိပ်မလွယ်ပါ။ ကျော်စွာက လခ ၁၂၀၀ လောက် ရတော့ တယောက်ခန်းကို ရှယ်မယ်ဆိုပြီး မျှော်လင့်ချက်အပြည့်နဲ့သွားလျှောက်ကြတယ်။ တလ ၇၀၀ ဆို တော့ လည်း ဖြစ်နိုင်ပါတယ်။ မန်နေဂျာ မိန်းမက ပင်မ် Pam (Pamela) တဲ့။ ရွှန်းရွှန်းဝေပဲ။ ဒါနဲ့ ကျနော် တို့ နှစ်ယောက် form တွေဖြည့် ပြီး ပြန်ခဲ့ကြတယ်။ သူတို့က ကိုယ့်အလုပ်ကို ဖုန်းတွေဘာတွေ ဆက်မေးသေးတာ။ ၃-၄ ရက်ကြာတော့ ရပြီတဲ့ ဖုန်းဆက်တယ်။ အမိုးနဲ့ကားရပ်စရာ တနေရာပဲရလို့ သူ့ကားရပ်၊ ကျနော့်ချက်ပလက်ကြီးကတော့ ကြုံရာနေရာရပ်ပေါ့ဗျာ။ နှစ်ယောက်စလုံး အုပ်ထိန်းသူ မရှိပဲ ပထမဆုံးနေဖူးတာပါ။ ဒီနေရာမှာ ကိုယ့် သား သမီးကို အနောက်နိုင်ငံမှာ ပညာသင်ဖို့စိတ်ကူးရင် အနည်းဆုံး ၁၈ နှစ်ပြည့်မှပို့ဖို့ အကြံပေးပါရစေ။ ၂၀ ဆိုရင် ပိုကောင်းပါတယ်။ ပို့ချင်ရင် စင်ကာပူလို နေရာမျိုး ၁-၂ နှစ် အရင်ပို့သင့်ပါတယ်။ အခန်းဖော်နဲ့ မိဘတွေမရှိပဲ ကိုယ့်ဘာသာကိုယ် ထိန်းကျောင်း နိုင်ပြီဆိုမှ အဝေးကို ပို့ရင် ပိုအဆင်ပြေပါလိမ့်မယ်။


အဒေါ်ဝမ်းကွဲအိမ်မှာနေတုန်းက သူတို့ချက်တဲ့ မြန်မာဟင်းတွေစားရပေမယ့် အိမ်လည်းပြောင်းရော စားစရာမရှိတော့ပါ။ အပြင်စာက ဈေးလည်းကြီး အဟာရလည်းမဖြစ်တော့ အိမ်မှာချက်ဖို့ စီစဉ်ရပါ တယ်။ နှစ်ယောက်သား မီးဖိုချောင်ဝင်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားနေကြတယ်။ မီးဖိုဆိုတာ အမေနဲ့ အိမ်ကကောင်မလေးတွေရဲ့မကျူးကျော်ရတဲ့ ပိုင်နက်။ ပထမဆုံးထုတ်လာတာက ကျော်စွာ့အမေပို့ထားတဲ့ "စားမြိန်ဝိုင်း" ဆိုတဲ့ မြန်မာဟင်းချက်နည်းစာအုပ်ကြီး။ အလေးချိန်တွက်တာတွေ နားမလည်ပေမယ့် အနည်းဆုံးတော့ ချက်နည်းလေးသိရတာပေါ့။ သူက ပဲကုလားဟင်းကို အားလူး ခရမ်းသီးနဲ့ချက်မယ်တဲ့။ ကျနော်က အိမ်မှာ အမေကျော်နေကြ ငါးခူစင်းကော အကျွတ်ကျော်လေးကို သွားသတိရတယ်။ ငါးခူကို ဓားလေးနဲ့ ညီညီညာညာမွှန်းပြီး ဆား၊ ဆနွင်းနဲ့နယ်၊ ပြီးမှကျွတ်နေအောင် ကျော်ထားတာ။ 
Vietnam
 ဒါနဲ့ ကျနော်တို့ ဈေးဝယ်ထွက်ကြတယ်။ ကျနော်တို့နဲ့ မိနစ်၂၀ လောက်ဝေးတဲ့ Westminster ဆိုတဲ့ နေရာမှာ အရှေ့တိုင်းသား ရပ်ကွက်နဲ့ ဈေးတွေရှိပါတယ်။ အဓိက ဗီယက်နမ် လူမျိုးများ ဖြစ်ပါတယ်။ သူတို့တိုင်းပြည်ကိုအမှတ်တရနဲ့ ဆိုင်ဂုံလေး Little Saigon လို့ခေါ်ကြတယ်။ အမေရိကန်တွေ ဗီယက်နမ် စစ်ထဲဝင်ပါပြီး စစ်ရှုံးတော့ စစ်ပြေး ဒုက္ခသည်တွေ ရောက်လာရာကနေ တဖြည်းဖြည်းကြီးထွားလာတာပါ။ ခုတော့ သူတို့တွေပဲကြီးစိုးပြီး မြို့ဝန်ကအစ ဆရာဝန်အဆုံး သူတို့ လူတွေ ဖြစ်သွားပါတယ်။ 
ရုတ်တရက်ဆို နိုင်ငံမှားရောက်သွားလားတောင် ထင်ရတယ်။ ဟိုတုန်းကဆို ခံမောက်နဲ့ ဗီယန်နမ်ဝတ်စုံနဲ့ လမ်းဖြတ်ကူးနေတဲ့အဘွားကြီးတွေတောင် တွေ့ဖူးပါတယ်။

ကောင်းတာကတော့ Asian ဈေးကြီးတွေနဲ့ စားသောက်ဆိုင်တွေပေါ်လာတာပါပဲ။ ယိုးဒယားဆန်နဲ့ ဟင်းသီး ဟင်းရွက်ဆို ဗူးသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ငန်ပြာရည်ကအစ ရပါတယ်။ ဟိုရောက်တော့ အမေချက်တဲ့ ငါးခူအသေးလေးတွေမတွေ့ဘဲ နှစ်ပေလောက်ရှိတဲ့ ငါးခူ ဧရာမကြီးတွေပဲတွေ့ပါတယ်။ မထူးဘူးဆိုပြီး ဝယ် ချလာတယ်။ ရေဆေးပြီး ပါးပါးမွှန်းတော့ မြန်မာငါးခူလိုမဟုတ်ပဲ အရေခွံက အထူကြီး။ ရအောင်လှီးပြီး ဆား၊ ဆနွင်းနယ်၊ ဆီအိုးကို ပူကျွတ်နေအောင်တည်၊ မီးဖိုထဲလာပြီး ညီလေးကလည်း စားချင်လို့ငေးနေ တယ်။

ဒါနဲ့ ဆီရပြီဆိုပြီး ၄-၅ တုံး ပစ်ထည့်လိုက်တယ်။ အရေခွံက ဆီများပြီးအထူကြီးဆိုတော့ တဖောက်ဖောက် နဲ့ သေနတ်ပစ်သလို ပေါက်တာဗျာ။ ပူကလည်းပူ ပြေးဖို့လည်းအချိန်မရတော့ ကျနော်က အောက်ကို ထိုင်ချ ပြီး မီးဖိုနဲ့ကပ်နေရတယ်။ ကျော်စွာကလည်း ချထားတဲ့စလောင်းဖုံးကို ဒိုင်းလိုကာပြီးထိုင်ချနဲ့ အသည်းအသန် ခုခံကြရတယ်။

တော်တော်နဲ့မရပ်ဖူး။ ညှီကလည်းညှီနဲ့ စားရခန်း မရောက်လိုက်ပါ။ သူ့ပဲအိုးလည်း မန်ကျည်းရည်များ သွားရာက ငန်ပြာရည်ထည့်လိုက် ရေထည့်လိုက်နဲ့ တအိုးလုံးပြည့်သွားလို့ အဒေါ့်အိမ် သွားပေးလိုက်ရ ပါတယ်။ အခုထိ ကြုံရင်အဲဒီ့အကြောင်းပြောပြီး ရီကြတုန်း။

ဒါနဲ့ပဲ မကြာခင် ရွှေမြန်မာလေး ဈေးလည်းသွားတတ်ပြီ။ ဟင်းလည်းချက်တတ်ပြီ။

ရဲရင့်ဘုန်း
ပထမပိုင်း -"မီးလျှံငြီးငြီး ချက်ပလက်ကြီး - အမေရိကမှာပညာသင် (၁)"

http://www.jojar.net/2016/11/blog-post_98.html
 

Comments