သစ်ခက်သံလွင် ကဗျာစင်မြင့်၊ မောင်သော်တာ၊ ဒီလူ(တောင်တွင်းကြီး)နှင့် သျှင်မျိုးငယ်တို့၏ကဗျာများ

မြွေ လှေ ကား
www.a-n.co.uk
 ခူးဆွတ်လိုက်ဖို့
အခွင့်အရေးတွေလည်းလွှတ်တင်ထား
ဖြတ်ရိုက်ချလိုက်မယ့်
အစီးအနင်းတွေကလည်း မဖိတ်မခေါ်ဘဲ မိုးလို လိုက်ရွာ
ရွေးချယ်ခွင့်မရှိဘူး/ ငြင်းပယ်ခွင့်မပေးဘူး
ကံတရား' လို့ခေါင်းစဉ်တပ်ချင်သလား ရတယ်
ကိုယ်တိုင်ရှာမှီးခဲ့တာတော့သေချာနေခဲ့ပြီ
ခုန်ကျော်လွတ်မြောက်နိုင်မယ့်တောင်ပံလို
အံစာတုံးတခုကိုလှိမ့်ချလိုက်
ဂဏန်းစဉ်'ရေတွက်ရင်းကစားကွက်မှာ
ပျော်စရာတခုခုကိုရင်တထိတ်ထိတ်နဲ့
စောင့်ကြည့်ရတာကိုက အရသာ
သြော်… ဘဝရယ်။

မောင် သော် တာ
ငါ့အဖြူအစိမ်းလေးငါ့ပြန်ပေး (၂)
www.pinterest.com
 ပျော်ရွှင်မှုကို တီးခေါက်ကြည့်မိတိုင်း
ကျောင်းသားဘ၀လို့ အသံမြည်တယ်
ဟုတ်တယ်
ငါ့ပျော်ရွှင်မှုက
ကျောင်းဘောလုံးကွင်းထဲမှာ
မုန့်ဈေးတန်းမှာ
ဟော်ကိုင်းဒိုးစက်ဘီးလေးပေါ်မှာ
ကျောင်းမတက်ခင်အော်ဆိုခဲ့ရတဲ့
နိုင်ငံတော်သီချင်းပေါ်မှာ။
ကျောင်းပြေးပြီး ဆေးလိပ်ခိုးသောက်တာဟာ
ငါတို့ရဲ့မဟာစွန့်စားခန်းပဲ။
တင်ပါးကအရှိုးရာဟာ ငါတို့ သတ္တိ ပဲ။
ဘယ်လိုတီးတီး
အဖြူရောင်လို့ပဲမြည်ဟီးတယ်။ 


ဒီလူ(တောင်တွင်းကြီး)
5.11.2016
….
အနှစ်သာရ
www.etsy.com
ကမ်းစပ်ကကျောက်ဆောင်တွေဆီကို ဦးတည်ရင်း
အပြင်းချီတက်ခဲ့ရတာပါပဲ
ကြေမွပျက်သုဉ်းသွားခဲ့ရပြီ
ပြိုကွဲပျက်စီးသွားခဲ့ရပြီ
ငါတို့ဟာ လှိုင်းလုံးတွေလို....ဘာအသုံးကျလို့လဲ
နောက်ဆုံးတော့ ပြိုလဲပျက်စီးကြရမှာပါပဲ။

လှိုင်းကလေးကပြောတယ်
"ငါတို့ဟာ လှိုင်းလုံးတွေမဟုတ်ဘူး
သဘာဝတရားရဲ့အစိတ်အပိုင်းသာ ဖြစ်တယ်"
ငါတို့ဟာ......
ငါတို့ မေ့လျော့နေခဲ့တာ နိဒါန်းအစကတည်းကပေါ့။  ။

သျှင်မျိုးငယ်

Comments