သစ်ခက်သံလွင် တကိုယ်တော်၊ မင်းနွယ်သွေး ၏ " ဒိုင်ယာရီ "ကဗျာများ

 မင်းနွယ်သွေး ၏ " ဒိုင်ယာရီ "ကဗျာများ
laurabarbosa.wordpress.com
ဒိုင်ယာရီ ၁

သူ့ ခေါင်းထက်ဝယ်
တယုတယ စည်းနှောင်ပေးခဲ့သော
အမှန်တရား
နှစ်ချို့သွားတဲ့ ဖဲကြိုးဝါ

ကိုယ့်လက်ထဲမှာ
စိတ်လိုလက်ရ သိုဝှက်ထားမိသော အရှိတရား
သွေးအားနည်းတဲ့ လိပ်ပြာ

ကျနော်
မျက်နှာ မများခဲ့ပါဘူး ။ ။

မင်းနွယ်သွေး
၉-၉-၂၀၁၆
ဒိုင်ယာရီ ၂

နားကြပ်လေးကနေ တဆင့်
ငါ့ထံ မလွတ်ကင်းနိုင်သော
ပွင့်မယောင် ပန်းနုရောင် ဆိတ်ကွယ်ခြင်းများ

စကားလက်စ မပြတ်ခင်
မမြင်နိုင်သောအရာများသည်
ပိုထင်ရှားကြောင်း အိပ်မက်

ပြောလက်စအတိုင်း
စိတ်ထင်ရာ ကမ္ဘာတည်ခဲ့တယ်
တမျှော်တခေါ် မဝေးဘူးဆိုတာ
နားနဲ့ဆတ်ဆတ် ။ ။

မင်းနွယ်သွေး
၂၃-၉-၂၀၁၆
ဒိုင်ယာရီ ၃  

အသံပျက်နေတဲ့
အခန်းအိုလေးထဲက နံရံပေါ်မှာ
တစုံတရာ မျှော်ငေးသူ

ဘယ်သူလဲ

ကိုယ်တိုင်ကလွဲရင်
ပြန်ပြောဖို့ခက်တဲ့အရာတွေထဲမှာ
သူ ရှိနေတာ အသေအချာ
ကျနော့်မှာ
စိုးရိမ်တကြီး စောင့်ကြည့်နေမိတယ်

ညထဲ  အိပ်မက်ထဲ ။ ။

မင်းနွယ်သွေး
၂၈-၈-၂၀၁၆
ဒိုင်ယာရီ ၄  

သူ ရောက်လာမှာလား

ညနေခင်းအလွတ်ထဲ
ထိုင်းနေသော နေရောင်များ

တရားလက်လွတ်နိုင်လွန်းတယ်။ ။

မင်းနွယ်သွေး
၃-၉-၂၀၁၆
ဒိုင်ယာရီ  

တမင်
နှစ်ချို့အောင် သိမ်းထားတဲ့
ဝိုင်တွေလို
မျိုသိပ်ခဲ့ခြင်းမဟုတ်သော မီးခိုးများ

ရွှေရောင်တလက်လက်
သူ့လက်နဲ့
ဆွတ်ခူးခွင့်ရခဲ့သည်ရှိသော်
ကျနော်
မြူမှုန်လို နှင်းဖွဲလို ။ ။

မင်းနွယ်သွေး
၂-၁၀-၂၀၁၆



Comments