သစ်ခက်သံလွင် ၊ သမိုင်းအခန်းဆက်များ- ညီတင့်ရေး "ကျနော်နဲ့ မန္တလေး တက္ကသိုလ် သတင်းစဉ်"



ကျနော်နဲ့ မန္တလေး တက္ကသိုလ် သတင်းစဉ်
 


မန္တလေးမှာ အဲဒီအချိန်က လူကြိုက်များ နာမည်ကြီးသတင်းစာ၂စောင်က ဂဠုန်နီနဲ့ စာရေးဆရာများသမဂ္ဂကထုတ်တဲ့ ရှစ်လေးလုံး သတင်းစာနှစ်စောင်ပါ။

 
၈ ရက် ၈ လ အစပိုင်းမှာ မန္တလေးမြို့ဆန္ဒပြလူထုအနေနဲ့ စံနစ်ကျမှု စုစည်းမှုမရှိသေးပါ။ သုံးလေးရက်နေတော့မှ ရပ်ကွက်အသီးသီး သပိတ်စခန်းတွေ သမဂ္ဂတွေ စစ်ကြောင်းတွေ ပေါ်လာပါတယ်။ သပိတ်ကော်မီတီရယ်လို့ စုဖွဲ့မိလာတယ်။ မန္တလေးတက္ကသိုလ်အနေနဲ့လည်း မိန်းထဲမှာ ဆရာဆရာမသမဂ္ဂ ဘွဲ့ရကျောင်းသားများသမဂ္ဂ ကျောင်းသားသမဂ္ဂရယ်လို့  ပေါ်လာပါတယ်။ ကျောင်းသားသမဂ္ဂက လဖုန်းထဲမှလည်း တဖွဲ့ရှိနေတယ်။ တက္ကသိုလ်စစ်ကြောင်းရယ်လို့ ဆန္ဒပြ ချီတက်ကြပါတယ်။

သိပ်မကြာခင် အရေးတော်ပုံသတင်းစာဆိုပြီးထွက်လာပါတယ်။ ဥတ္တရလွင်ပြင်က ကိုသန်းဌေး(သင့်နော်) ထုတ်တာပါ။ တော်တော်စီးပွားရေးအကွက်မြင်တဲ့ တရုတ်ပါလား လို့ အောက်မေ့မိတယ်။ ဗကသအတွက် စာရွက်စာတမ်းဖိုး ရန်ပုံငွေလိုလို့  မောင်မှိုင်းလွင်နဲ့ပေါင်းပြီး သတင်းစာထုတ်ကြောင်း နောင်မှသိရပါတယ်။ သူများသတင်းစာထုတ်တော့ သမဂ္ဂအသီးသီး သတင်းစာထုတ်ဖို့ စိုင်းပြင်းကြတယ်။ ရူပဗေဒဆရာ ကိုကျော်စိုး တောခိုက ဂဠုန်နီသတင်းစာ ထုတ်ရအောင် ကျနော့်ကိုခေါ်ပါတယ်။ ကိုကျော်စိုးက ကျနော့်ကို ညီတယောက်လိုလည်း ချစ်တယ်။ သူခိုင်းရင်လည်း အမြဲမငြင်းမဆန်လုပ်ပေးတတ်တာကြောင့် ကျနော့် အားကိုးနဲ့သတင်းစာ လုပ်ပေးမယ်ဆိုပြီး အာမခံလာတာပါ။ ကျနော့်မှာသူ့ ကိုမပြောပြနိုင်တဲ့လျှို့ဝှက်အလုပ်ကလေးတွေရှိတာကြောင့်အသည်းအသန်ငြင်းရပါတယ်။ ကျနော်တို့လုပ်မပေးနိုင်တာကြောင့် ဂဠုန်နီသတင်းစာဟာ ကိုစစ်ငြိမ်းအေးလက်ထဲ ရောက်သွားပါတယ်။ ဒီဇိုင်းဆရာ ပန်းချီဆရာတဦးလုပ်တဲ့ သတင်းစာဖြစ်လို့ အပြင်အဆင် ကောင်းဓာတ်ပုံတွေဝေဝေဆာဆာနဲ့ သတင်းအစုံအလင်ပါ အလွန်ကောင်းတဲ့သတင်းစာတစောင် ဖြစ်လာတယ်။ မန္တလေးမှာ အဲဒီအချိန်က လူကြိုက်များ နာမည်ကြီးသတင်းစာ၂စောင်က ဂဠုန်နီနဲ့ စာရေးဆရာများသမဂ္ဂကထုတ်တဲ့ ရှစ်လေးလုံး သတင်းစာနှစ်စောင်ပါ။

မန္တလေးတက္ကသိုလ်ကလည်း သတင်းစာတစောင်ထုတ်မယ်ဆိုပြီး ဆရာတွေစည်းဝေး ဆုံးဖြတ်ကြတယ်။ သတင်းစာလုပ်မယ်ဆိုတော့မြန်မာစာဆရာတွေကိုတာဝန်ပေးတယ်။ အောင်ကျော်မိုးနဲ့ထွန်းအေးက တာဝန် ယူလာကြတယ်။ သူတို့ နှစ်ယောက်ပေါင်းမိတော့ ကျနော်ငြင်းလို့ မရတော့ပါ။ နေ့တနေကုန် အလုပ်လုပ်၊ ညအချိန်မနားပဲသူတို့ ကိုကူညီရပါတယ်။ သတင်းစာဖြစ်မြောက်ရေးမှာ ကိုကိုဦး ပထဝီနဲ့ မြန်မာစာ ကိုစိန်ဝင်း ပါပါတယ်။ မြန်မာစာကိုစိန်ဝင်းက သင်္ချိုင်းကုန်းစိန်ဝင်းပါ။ မြန်မာစာမှာ ဆရာစိန်ဝင်းနှစ်ယောက် ရှိတယ်။ ရေဆင်းကပြောင်းလာသူကို ရေဆင်းစိန်ဝင်း။ မနော်ရမန်သင်္ချိုင်းနားနေတဲ့စိန်ဝင်းကို သင်္ချိုင်းကုန်း စိန်ဝင်းလို့ ခေါ်ကြပါတယ်။ ဖြန့် ချိရေးတာဝန်ခံက ပထဝီဆရာ ဂျပန်ကြီးပါ။ သူ့ နာမည်ရင်းမမှတ်မိတော့ပါ။ 
ကျနော်တို့ ကိုအင်းဝဆောင်အရှေ့ဖက်ကပ်လျက် သင်္ချာဆောင်မှာရုံးခန်းပေးတယ်။ တယ်လီဖုန်းတပ်ပေးတယ်။ ပထမနေ့ အောင်ကျော်မိုးက သတင်းနဲ့ပြန်ကြားရေးက ပေးတဲ့သတင်းတွေ ယူလာတယ်။ သတင်းစာခေါင်းကြီးယူလာတယ်။ သူယူလာတာဆောင်းပါးမပါ။ ဒီတော့ဆောင်းပါးရေးဖို့တာဝန် ကျနော့်ခေါင်းပေါ်ကျလာပါတယ်။ ကျနော်က ကဗျာဝတ္ထုသာရေး တတ် တာ ဆောင်းပါး ဟန်ကျပန်ကျမရေးတတ်ပါ။ ဒီတော့ ကိုကိုဦးကဘာအကြောင်းရေး ဘယ်လိုရေးနဲ့ သင်ပေးပါတယ်။ အောင်က်ေမိုးယူလာတဲ့သတင်းတွေနဲ့စာဖောင်မပြည့်ပါ။ ကျနော်ကပဲရန်ကုန်သတင်း နယ် သတင်းတွေ ပေးရပါတယ်။ ကိုစိန်ဝင်းကလက်ရေးတာဝန်ခံ။ ကိုကိုဦး ထွန်းအေးနဲ့အောင်ကျော်မိုးက နေရာ ချထား စာစီပါတယ်။ ကျနော်ကသူတို့ လုပ်နေတုန်းဆောင်းပါးရေးရပါတယ်။ နောက်ရက်တွေမှာ ဆောင်း ပါးရော ခေါင်းကြီးရော ကျနော်တယောက်ထဲရေးပါတယ်။ ဆောင်းပါးမှာကလောင်နာမည်က အယ်ဒီတာ တဦးလို့ ပဲတပ်ပါတယ်။ အောင်ကျော်မိုးလဲအယ်ဒီတာတဦးနာမည်နဲ့ပဲဆောင်းပါးရေးသေးတယ်။
သတင်းစာကိုလှအောင်စီစဉ်ဖို့ ပန်းချီဒီဇိုင်းလိုပါတယ်။ အဲဒီအတွက် သူငယ်ချင်း ပန်းချီဌေးဝင်းလေး မောင်နွေစမ်း ငါန်းဇွန် စိုးဝင်းငြိမ်းတို့ကိုအကူအညီတောင်းရတယ်။ လူထုဒေါ်အမာတွေ့ဆုခန်းမှာ ဌေးဝင်းလေးရေးတဲ့ဒေါ်ဒေါ်ပုံ တော်တော်များများကသဘောကျကြပါတယ်။ အမ်အေဒေါ်အုန်းပုံက စိုးဝင်းငြိမ်းဆွဲတယ်ထင်ပါတယ်။ တွေ့ဆုံမေးမြန်းခန်းတွေကိုတော့ ပြန်ကြားရေး ဌာနကလုပ်ပေးတယ်ထင်ပါတယ်။ ကျနော်တို့ မလုပ်ရပါ။ အောင်ကျော်မိုး အသင့်ယူလာတာပါ။ ကျနော်က တက္ကသိုလ်ခေါင်းစီးကိုမကြိုက်ပါ။ မဂ္ဂဇင်းထဲက တက္ကသိုလ်ဓာတ်ပုံတိုက်စာလုံးယူထားလို့ပါ။ နောက်ကျ စိုးဝင်းငြိမ်းကို ခေါင်းစီးရေးခိုင်းပြီး ပြင်ပါတယ်။
ကျနော်တို့အဖွဲ့သင်္ချာဆောင်ကရုံးခန်းနဲ့ ကီးမကိုက်ပါ။ ခဏတဖြုတ်နားချင် အိပ်ချင်စာသင်ခံပေါ်လှဲရတယ်။ တညလုံးဆိုတော့ ဆာလောင်လာရင်စားစရာဆိုင်ကဝေးတယ်။ နှစ်ညလောက်လုပ်ပြီးတော့ အဆင်ပြေတဲ့ ကိုစိန်ဝင်းရဲ့သင်္ချိုင်းကုန်းဘေးက အိမ်ကိုပြောင်းကြတယ်။ တယ်လီဖုန်းကလဲအဲဒီခေတ်က သိပ်အသုံး မတည့်လို့ မယူတော့ပါ။
ကျနော်တို့ကတညလုံးစီစာရေးပြီးမနက်မလင်းခင်သတင်းစာထွက်နိုင်အောင်ကြိုးစားရတယ်။ကျနော်က ညနေဆို ကိုစိန်ဝင်းအိမ်ရောက်အောင်လာ ရေးရမဲ့ခေါင်းကြီးနဲ့ဆောင်းပါးစဉ်းစား။ ချရေး။ တခါတလေ ဘာရေးရမှန်းမသိတဲ့အခါ အဖွဲ့ကိုအကြံဉာဏ်တောင်း။ ကိုစိန်ဝင်းက အောင်ကျော်မိုးတို့ စီပေးသမျှစာရွက်ပေါ်ဒိုင်ခံရေး။ သူက ဆယ့်နှစ် တချက်ပြီးအောင် ရေးရပါ တယ်။ သူရေးပြီးသားကို ညတွင်းချင်း အီးဝက်စ် ဖောက်ရပါတယ်။ အီးဝက်စ်က ၈၃ လမ်း သစ်ဆန်း စာရိုက်စာကူးမှာပါ။ သစ်ဆန်းက ကျနော်တို့ တက္ကသိုလ်ရဲ့ မဟာကျန်းများရိုက်ရာ ဖောက်သည် ပါ။ နောက်ပိုင်းကျ အပေါ်ဖုံးကို ကျူရှင်ဆရာအောင်ကြီးရဲ့ တရောင်ထွက် အော့ဖ်ဆက်မှာရိုက်ပါတယ်။ ကျူရှင်အောင်ကြီးကလည်း လဖုန်းကျောင်းနောက်ကျောမှာ။ သစ်ဆန်းနဲ့လမ်းသင့်တယ်။ ညသန်းခေါင်ကျော် ကျနော်တို့ စက်ဘီးကိုယ်စီနဲ့ ချီတက်ကြရတယ်။ ရပ်ကွက်တိုင်းတည်လုံး လုံခြုံရေးကင်းစောင့်ကြတယ်။ ဘယ်ကလဲ ဘယ်သွမှာလဲ စစ်ဆေးခံကြ ရတယ်။ ကျနော်တို့ကို သတင်းထောက်မှတ်ပုံ တင်လေးတွေ ကျောင်းက လုပ်ပေးထားတယ်။ တက္ကသိုလ်သတင်းစာအဖွဲ့လို့ပြောရင်ရတယ်။ နောက်ပိုင်းတော့ ကင်းတွေနားရောက်တိုင်း ထွန်းအေးက သူ့အသံစူးစူးနဲ့ တက္ကသိုလ် တက္ကသိုလ်အော်တယ်။ ကျနော်တို့မှန်းသိကြတော့ စစ်ဆေးမနေသွားခွင့် ရပါတယ်။
သတင်းစာလေး ငါးစောင်ထွက်ပြီးတော့ အောင်ကျော်မိုးနဲ့ကိုစိန်ဝင်းက အယ်ဒီတာအဖွဲ့နာမည် ခံကြစို့တဲ့။ ဘာဖြစ်လို့လဲမေးတော့ မိန်းထဲမှာလူတချို့က သတင်းစာ သူတို့လုပ်တာလို့ ပြောနေကြတယ်တဲ့။ တယောက်ကဆောင်းပါးတွေ သူရေးတာပေါ့လို့ပြောသတဲ့။ အခြေအနေက နာမည်ခံဖို့ တောင် မရဲတရဲအခြေအနေပါ။ မန္တလေးမှာပေါ်ပေါ်ထင်ထင်နာမည်စခံတာ ကဗျာဆရာမောင်နွေထက် ပါ။ ရေဆင်းကျောင်းသားတွေထုတ်တဲ့ ရိုးမရေစီးဂျာနယ်ထဲမှာပါ။ ကောင်းပြီလေ အယ်ဒီတာအဖွဲ့ နာမည်ခံကြတာပေါ့ဆိုပြီး အဲဒီနေ့ ကထုတ်တဲ့စာစောင်မှာ အယ်ဒီတာအဖွဲ့နာမည်စခံပါတယ်။ 

တက္ကသိုလ်သတင်းစဉ် အယ်ဒီတာအဖွဲ့
ကိုကိုဦး ပထဝီ
စိန်ဝင်းမောင် မြန်မာစာ
အောင်ကျော်မိုးမြန်မာစာ
ထွန်းအေး မြန်မာစာ
တင်မောင်မြင့် မြန်မာစာ လို့ ထည့်ရေးပါတယ်။

ညီတင့်
ဒုတိယပိုင်းဆက်ရေးပါမယ်

Comments