သစ်ခက်သံလွင် ကဗျာရှည် ၂၊ ယောဟန် ရဲ့ "မေ့လျော့ ခံရခြင်းဟာ ဖက်ရှင်တခုဖြစ်တယ်"

မေ့လျော့ ခံရခြင်းဟာ ဖက်ရှင်တခုဖြစ်တယ်
Hans Kanters Surrealist Art
လွန်ခဲ့သောနှစ်ပေါင်း ၆၅ သန်းက
ဒိုင်နိုဆောတွေမျိုးသုဉ်းပျောက်ကွယ်ခဲ့မှုဟာ
ဖလောရန့်မြို့အနီးမှာ အီရီဒီယမ် ဒြပ်စင်ကို
ရှာဖွေတွေ့ရှိတာနဲ့ ဆက်စပ်နေပါတယ်
သောကြာရဲ့စနေဆီနယ်ချဲ့မှုကြောင့်
တနင်္လာက တနင်္ဂနွေကို ကျူးကျော်ဖို့အားနာနေတာလား
ဟား ...ရှုပ်နေတာပဲကွာ
ခန္ဓာကိုယ်ချင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အချစ်ဟာ
သေဆုံးနေတဲ့ မီးတောင်ပဲ
ဘယ်သူမှမသိလိုက်ကြဘဲ စာအုပ်တွေထဲမိုးတွေသွားသွားရွာ
ရသ တွေကိုမီးရှို့လိုက်တော့ အလင်းရောင်ထက်
မီးတောက်ထက် မီးခိုးတွေကအူထွက်လာတာပေါ့
ကဗျာရေးတာနဲ့ ဒိုင်ဗင်ထိုးတာဟာ သင်ပေးလို့မရဘူး
သူတို့ရဲ့လက်ပေါ်ဝိညာဉ်တခုခုပူးကပ်လိုက်မှ
ကဗျာတွေဖြစ်ပေါ်လာတယ်လို့ ဂရိတွေက ဆိုပါတယ်
လူတယောက်ဟာ အခြားလူတယောက်အဖြစ်သရုပ်ဆောင်ရင်း
ပွဲတော်ကြီးထဲ အရာခပ်သိမ်း အရည်ပျော်သွားမှာ
သန်းတွေမွှားတွေ ဘက်တီးရီးယားတွေနဲ့အတူ ကြောက်စိတ်ဟာ
ခန္ဓာကိုယ်ပေါ်ကပ်တွယ်နေရာက
လူတိုင်းမှာအတောင်ပံတွေထွက်လာကြပြီး
ဆန်ကာပေါက်တွေကနေ အလင်းရောင် ဝင်လာ
မျက်စိကို စပါးမွှေးတွေစူးကြ
မနက်စောစော ဒါလဟိုဇီလမ်းပေါ်မှာ ဆိတ်ခွာတွေနဲ့အတူ
မီးကျွမ်းနေတဲ့ပါတီဝင်ကဒ်ပြားတွေပျံ့ကြဲနေတာ
မှတ်မိသေးရဲ့လား
သစ်ပင်တွေရဲ့အရိပ်ကအေးမြပြီးလူတွေရဲ့အရိပ်ကပူလောင်လို့
အသွင်ပြောင်းလဲခြင်းကို ကပ်စတန်မာ တွေစိတ်ဝင်စားလာကြတယ်
အဲဒီမျက်နှာကို နာနာခလောက်ပြီးသွန်သာသွန်ချလိုက်ပါ
ဆောင်းဥတုပေါင်းများစွာထွက်ကျလာတာကိုကြည့်ရင်း
သင်မငိုမိပါစေနဲ့ အံစာတုန်းဟာနှစ်ပေါင်းတရာကျော်တဲ့အထိ
သူ့ဂဏန်းခြောက်လုံးကိုဝှက်ထားလို့ကောင်းတုန်းပဲနော်
သတ္တိရှိကြောင်း ရှိုးဖို့ ကိုယ့်ဒူး ကိုယ်ချိုးဖို့မလို
နိဗ္ဗာန်ကို တိုက်လေယာဉ်တွေတက်သိမ်းမှာ မကြောက်ဘူးလား
မိုးပေါ်မှာကို ကြယ်တွေကင်းစောင့်ခဲ့ရတဲ့ကာလဆိုးကြီး
ဘယ်တော့မှအတိုအရှည်ညှိလို့ရမှာမဟုတ်တဲ့ခြေထောက်တစုံ
ရယ်သံတွေဆီသွားဖို့တန်းစီစနစ်ဟာအသုံးကျတုန်းပဲ
ဘောပဲဆိုလည်း ဘောပဲပေါ့ကွာ အဲဒီတုန်းက
ကောင်းကင်ဆိုတာဒီလောက်ပြာမှန်း စက်ရုံမီးခိုးတွေနဲ့
လင်းနို့အုပ်တွေပဲသိခဲ့ကြတာလေ
ယင်ကောင်တွေကမြို့ကိုမောင်းထုတ်လိုက်ကြတော့
စီးဆင်းနေတဲ့အချစ်ပေါ် ခေါင်းပြတ်တွေပြုတ်ကျလာတယ်
လူ့အသက်ဟာစစ်ပွဲတွေကိုမောင်းနှင်ဖို့
ညှို့အားအပြင်းဆုံးလောင်စာ
အခိုက်အတန့်တခုအတွင်းမှာ
ဟယ်ရီပေါ်တာဟာ အေလန်ဂင်းစဘတ်
ကီယာနူးရိဗ် ဟာ ဗုဒ္ဓအလောင်းအလျာ
မေ့လျော့ခံရခြင်းဟာ ဖက်ရှင်တခုဖြစ်လာပြီးတဲ့နောက်
ခင်ဗျားသိတဲ့ လေး ငါး ခြောက်ယောက်ဟာ
တစုံတဦးပဲဖြစ်နေခဲ့မယ်ဆိုရင်
အဲဒီအညွှန်းခံပုဂ္ဂိုလ်ဟာ ကိုယ်ပါပဲလို့ဝန်ခံလိုက်ချင်သလိုလို။

ယောဟန်
( ၂၀၁၆ )
-
+ + + ခေါင်းစဉ်ပေးထားတဲ့စာသားက ဆရာမြင့်သန်းဘာသာပြန်ထားတဲ့ ဘောဇက်နဲ့ အပ်ချုပ်သမလေး
ဝတ္ထုထဲက စာသားဖြစ်ပါတယ်။

Comments