သစ်ခက်သံလွင် ကဗျာစင်မြင့် ၁၊ တေဇလင်း(နည်းပညာတက္ကသိုလ်) "မာရီဂိုးလ် သို့မဟုတ် နေရောင်ချစ်တဲ့ ပန်းကလေး"



မာရီဂိုးလ် သို့မဟုတ် နေရောင်ချစ်တဲ့ ပန်းကလေး
 
Pinterest

ပရိယာယ်တွေသေဆုံးနေတဲ့အလှဟာ …
မာရီဂိုးလ်ပန်းမလေးပြုံးပြနေတာပဲဖြစ်လိမ့်မယ်
သိပ်လှတဲ့ပန်းမလေး …
မြင်တာနဲ့ အားကျငေးမောနေရတဲ့ ပန်းမလေးရယ်
မာရီဂိုးလ်တဲ့ …
ကြမ်းရှတဲ့တောင်စွယ်တောင်တန်းတွေရဲ့အထက်
နေမင်းကိုမျက်နှာအပ်ပြီး အလှပျိုးမဟုတ်တဲ့ဘဝ
တော်မဝင်နန်းမထိုက်အရိုင်းစရိုက်နဲ့ပန်းမလေး
မြေနိမ့်ရာလှံစိုက်မခံ လောကဓံကို အံတုရဲတဲ့ ပီဘိ သတ္တိခဲမလေးပေါ့
အပွင့်သေးသေး အသွေးရင့်ရင့် ဝါလွင့်တင့်တည် ချစ်စရာ့မာရီဂိုးလ် …
မြတ်နိုးစရာ့မာရီဂိုးလ် …
သနားစရာ့မာရီဂိုးလ် …
ရှင်သန်မူတဒင်္ဂသေဆုံးပြီးနောက်  တဘဝမှာလည်း
မာရီဂိုးလ်ဟာ မာရီဂိုးလ်ပီပီသသ အလေ့ကျပါပဲ
ဒါဟာ မာရီဂိုးလ်ရဲ့ဓလေ့ဘဝပဲ
မာရီဂိုးလ်ဟာ …
လိမ္မော်သီးလေးနဲ့ တူတယ်
ရွှေတုံးရွှေခဲကလေးလို လှပတယ်
ဒါပေမဲ့ … အလှမ်းကွာဝေးလှပါရဲ့ပန်းမလေးရယ်
တောင်တန်းတွေချစ်တဲ့မာရီဂိုးလ်
နေရောင်ကိုချစ်တဲ့မာရီဂိုးလ်
တိတ်ဆိတ်ငြိမ်သတ်ခြင်းမှာ
ဘဝအကြိမ်ကြိမ် ရှင်သန်ထမြောက်ခြင်းတွေ
မမှေးမှိန်တဲ့ မာရီဂိုးလ်
ပန်းကလေးပါပဲမာရီဂိုးလ် …
ဘဝပေးလေးညှိုးရှာတော့
နေရောင်ကိုစားသုံး
တောင်စွယ်တောင်တန်းတွေရဲ့ပခုံးပေါ်မှာသာ
မင်းဘဝအစ မင်းဘဝအဆုံး
စံပျော်ရစ်ပါလေတော့
ပန်းကလေး မာရီဂိုးလ်။ ။


တေဇလင်း(နည်းပညာတက္ကသိုလ်)

 မာရီဂိုလ်း = အမေရိကန်ပြည်ထောင်စုအချို့နေရာများတွင် တွေ့ရသည့် ကြမ်းတမ်းနက်ရှိုင်းမှုများကို အံတု ၍ တောင်စွယ်တောင်တန်းတောင် ကမ်းပါးယံများပေါ် ခက်ခဲစွာရှင်သန် ပေါက်ရောက်တတ်သောပန်းတမျိုး


Comments