၃ နာရီ၊ ၃ ပုဒ်၊
၃ နှစ်
ကျော်ကျော်(မြရည်စမ်း)
အဖြေလွှာစာအုပ်ညိုညစ်ညစ်လေးသည် ခပ်သော့သော့ လက်ရေးများဖြင့်ပြည့်နေသည် မှာ တအုပ်လုံးနီးပါးဖြစ်နေပါပြီ။သင်္ချာဘာသာရပ်ကိုဖြေဆိုထားခြင်းတော့မဟုတ်ပေ။ ကျနော့်အကြောင်း၊ ကျောင်းအုပ် ဆရာကြီးအကြောင်းနှင့်ဂေါက်သီးရိုက်သော ဥက္ကဋ္ဌကြီးအကြောင်းကို စာစီစာကုံး ၃ ပုဒ် အဖြစ် ရေးထားမိခြင်းပင်...
စက္ကူအကောင်းစားနှင့်
ရိုက်နှိပ်ထားသောမင်္ဂလာဆောင်ဖိတ်စာလေးများရောက်လာလျှင် ကျနော် သဘောကျမိသည်။ ထိုစက္ကူသားမျိုးသည်
စာရေးလို့အင်မတန်ကောင်းသည်။ ဖိတ်စာထည့်သည့် အိတ် ကလေးသာမက ဖိတ်စာ၏လွတ်နေသောကွက်လပ်နေရာလေးများ၌လည်း
စိတ်ကူးတည့်ရာ ပုံလေးများ ဆွဲနိုင်သလို၊ ကဗျာတိုစာတိုလေးများလည်း ရေးနိုင်သည်။
မိုးတဖွဲဖွဲရွာနေသောလမ်းမပေါ်
ကျနော်ငေးနေစဉ် ဖိတ်စာတစောင်ရောက်လာပြန်ပြီ။ တန်ဆောင်မုန်းမိုးက ဖွဲလိုက်သည်းလိုက်နှင့် စွေနေတုန်းပင်။
မင်္ဂလာပွဲချိန်ကို ဝိုက်ဘုတ်ပေါ် တေးထားလိုက်ပြီး အနားရှိ ပွိုင့်ဖိုက် ဘောပင်လေးကို ကောက်ကိုင် လိုက်သည်။
ဖိတ်စာနောက်ကျောဖက်တွင် မိုးတဖွဲဖွဲကြား ထီးကိုယ်စီနှင့်သွားလာ နေကြ
သောလူများ၏ ပုံကို ပုံကြမ်းခြစ်လိုက်မိပြီ။ ရေးကြီးသုတ်ပျာဖြတ်ပြေးသွားသော ခွေးတကောင်၏ပုံကိုပါ
ထည့်ဆွဲလိုက်မိ သည်။
ငယ်ကအကျင့်သည် ကြီးသည်အထိ
ဖျောက်နိုင်ခဲလှသည်။ မရေးမခြစ်ရသေးသော စက္ကူများ၊ စာရွက် လွတ်များဆိုလျှင် မလှပ
မပြည့်စုံဟုထင်တတ်သောအကျင့်သည် ဘယ်အခါမှ ပျောက်တော့မည်မဟုတ်။ စိတ်ကတွေးမိသည့်အခါ
လက်ကရေးမိခြင်းကိုလည်း ဘယ်သောအခါမျှ ဘရိတ်အုပ်၍မရ။ ထိုသို့သော အကြောင်းများကြောင့်လည်း
ငယ်စဉ်ခါက အမှတ်တရအဖြစ်များ စွာကြုံခဲ့ရဖူးပြီဖြစ်၏။
ထိုအကြောင်းကို ရေးမိမည်စိုး၍ မတွေးဖြစ်အောင်နေခဲ့သည်မှာနှစ်ကာလများစွာ။ လွတ်လပ်စွာ
ပြောဆိုခွင့်၊လွတ်လပ်စွာရေးသားခွင့် အပြည့်အဝမရသေးသော အခုနေချိန်ခါမျိုးတွင် ဘယ်ဥပဒေ
ပုဒ်မှနှင့်မျှလာဖမ်း၍မရနိုင်သော လွတ်လပ် စွာတွေးတောခွင့်လေးကိုတော့ဖြင့် ရချင်ပါသည်။
လမ်းမပေါ်မှမြင်ကွင်းများကို အကြမ်းခြစ်ထားသော မင်္ဂလာဖိတ်စာလေးကိုဘေးသို့
အသာချထား လိုက်မိ ပါသည်။ ရိုးသားစွာဝန်ခံပါရစေ။ ကျွန်တော်၏အတွေးများသည် တဖွဲဖွဲ
ရွာသွန်းနေသော နိုဝင်ဘာ မိုးစက်များကို ဖြတ်သန်းရင်း နယ်မြို့လေးတမြို့ဆီ ခရီးနှင်သွားကြပါပြီ။
ထိုနေ့က
ဝက်ဝံတံဆိပ်ကျောင်းစိမ်းပုဆိုး၊ တက်ထရွန်အင်္ကျီဖြူလက်ရှည်လေးဝတ်ထားသော
ကျနော် သည် အလွန်ရိုးသားသောဆယ်တန်းကျောင်းသားလေးတယောက်ဖြစ်ပါသည်ဟုများဆိုလိုက်ရလျှင် လွန်ရာကျနေမည်လား။
အတန်းထိပ် တွင်
မားမားကြီးရပ်၍ စာမေးပွဲစည်းကမ်းချက်များကို အောင်မြင်သောအသံနှင့် အော် ဖတ်နေသော
အခန်းစောင့်ဆရာကိုစိတ်မသက်မသာနှင့်ကြည့်နေမိပါ၏။ သူ၏အသံသည် အောင်မြင်ခန့်ညားလှသော်လည်း
ကျနော့်မှာ ကြားတချက်မကြားတချက်။ ပြီးခဲ့သည့် ရက်က သူငယ်ချင်းများနှင့် တိုင်ပင်ပြောဆိုခဲ့ကြသည်များကိုသာ
စိတ်ကရောက်နေသည်။ ပြီးခဲ့သည့် အင်္ဂလိပ်စာမေးခွန်းကို ကျနော်တို့ သူငယ်ချင်းတစု
ကောင်းကောင်း မဖြေနိုင်လိုက်ကြ။ Cloze type အတွက်ကျက်ထားသည်က မတိုး။ ထိုနေ့ညတွင် သွားရောက်ကူးယူခဲ့သော မော်လမြိုင်ဘော်ဒါ၏ ခန့်မှန်းကလည်း တက်တက်စင်လွဲသည်။ မြန်မာစာနေ့က ခန့်မှန်းမေးခွန်းများ
ကွက်တိမှန်ခဲ့သမျှ အင်္ဂလိပ်စာနေ့မှာ ခန့်မှန်းလွဲ၍ အကုန်ကွဲကြသည်။ ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးဖြို ချင်သော ကျနော်တို့သည်လာမည့်နှစ်တွင်မှ မကျေပွဲနွဲရန်တိုင်ပင်ထားကြသည်။
သင်္ချာ ဘာသာဖြေပြီး လျှင်အဖြေလွှာကို ကြက်ခြေခတ်ထားခဲ့ကြမည်။ ခြစ်ချထားခဲ့ကြမည်။
အတွေ့ အကြုံရရန်အတွက်တော့ ဘာသာစုံအောင်ဖြေကြမည်ဟု တွေးထားကြပါ၏။
ကျနော့်ရှေ့တွင် ချထားခဲ့သော အဖြေလွှာစာအုပ်ညိုညစ်ညစ်လေးနှင့်
သင်္ချာမေးခွန်းလွှာကို စိတ်မသက် မသာဖြင့်စိုက်ကြည့်မိသည်။ သူငယ်ချင်းများနှင့်သဘောတူညီချက်ယူထားခဲ့သော်လည်း
ကျနော့် အနေနှင့် ခြစ်ချမည့်အတူတူ ခေါင်းစားခံပြီး မဖြေဆိုလိုတော့။
မေးခွန်းကိုတလှည့် အဖြေလွှာစာအုပ်ကို တလှည့်ကြည့်နေမိ၏။ ခွင့်ပြုချိန် ၃ နာရီဆိုသောစာလုံးမည်းမည်းက ကျနော့်စိတ်ကို မသက်မသာဖြစ်စေ တာကတော့ အမှန်ပင်။
တနှစ်လုံး ကြိုးစားခဲ့ကြသူများ၏ ရလာဒ်ကို
ထို ၃ နာရီက ဆုံးဖြတ်ပေးမှဖြစ်၏ သူတို့အတွက် တော့ အင်မတန်မှနည်းသောအချိန်ဖြစ်၏။
သို့သော် ဖြေဆိုဖို့စိတ်မကူးတော့ပဲ စာမေးပွဲခန်းထဲ ရောက်လာ သည့် ကျနော့်အတွက်တော့ ထို
၃ နာရီသည် သုံးကမ္ဘာလောက် ကြာနေနိုင်ပါသည်။
အတန်းအပြင်သို့လည်း ပြန်ထွက်မရတော့။
အချိန်ပြည့်မှသာအပြင်ထွက်ရမည်ဟု စည်းကမ်း ချက်ဖတ် စဉ်က ကြားလိုက်သေးသည်။
စာသင်နှစ်စ အချိန်များဆီသို့ စိတ်ကရောက်သွားသည်။
အလွန်ပျော်ရွှင်ခဲ့ရသောနေ့ရက်များ ကိုပြန်တွေး မိသောအခါ စိတ်သက်သာရာ ရ၏။ ထိုစဉ်က အဆိုတော်ကော်နီ၏
ကိုကိုချစ် သီချင်း ခေတ်စားနေသော အချိန်။ ကျောင်းအုပ်ဆရာကြီး နာမည်မှာလည်း ဦးကိုကိုချစ် ဖြစ်၏။
ဆရာကြီးအိမ်မှာ ကျောင်းရေတွင်းနှင့်နီးသည်။ တနေ့သား
ဆရာကြီး ကျောင်းပေါ်ရောက်နေသည် အထင်နှင့်ရေခပ်ရင်း သူငယ်ချင်းတစု ကိုကိုချစ်သီချင်းကိုသံပြိုင်အော်ကြရာ
ဆရာကြီး အိမ်ပေါ်မှ ဆင်း လိုက်၍ ပြေးကြရဖူးသည်။ ကျောင်းသားများဖြစ်၍
ပြေးစရာမြေမရှိပါ။ ကျောင်းခန်းထဲသာ ဝင်ပြေးရ သည်။ မိသော်လည်း
ဆရာကြီးက မရိုက်ရှာပါ။ ဆေးလိပ်ခိုးသောက်တာမိ လျှင်ပင် သက်သက်ညှာညှာ ဆုံးမတတ်သောဆရာကြီးက ထိုသီချင်းကို
ကျောင်းတွင်း မဆိုရဟု သာ ရာဇသံပေးရှာသည်။
ဆရာကြီးကြောက်တာတခုသာရှိ၏။ ကျောင်းသားများ နိုင်ငံရေးစကားပြောမည်ကိုတော့
အလွန်ပင် ပူပန်ရှာသည်။ ထမင်းအိုးအကွဲမခံနိုင်ဟူသောစကားသည် ထိုခေတ်ကာလ ဆရာ
ဆရာမများ ကြား ရေပန်းစားခဲ့ဖူးပါ၏။ အချိန်ပြည့်ရောက်လာတတ်သောညွှန်ကြားလွှာများကို ကျောင်းအုပ်
ကြီးအပါအဝင် ဆရာဆရာမများ လက်မှတ်အခါခါ ထိုးထားကြရရှာသည်။
အခန်းအတွင်း စာမေးပွဲ ဖြေနေသူများထံ မျက်လုံးဝေ့ကာကြည့်မိသည်။ မျက်စိစုံမှိတ်ပြီး စဉ်းစားနေဟန်နှင့်တယောက်စနှစ်ယောက်စ။ ခေါင်းကုတ်နေသူများ။ အားကြိုးမာန်တက်
တွက်ချက်နေ ကြသူများ။ ခါးကြားမှ စာရွက်ခေါက်လေး ကြိုးစားထုတ်နေသူများ။
ပုံသဏ္ဍာန်မျိုးစုံကိုမြင်တွေ့ရ ပါသည်။ စာရေးခုံပေါ်မှောက်အိပ်နေသူလည်း ပါသည်။ အခန်းစောင့်ဆရာက တံခါးမကြီး
အပေါက်ဝတွင် ဆရာမလေးနှင့် စကားတွတ်ထိုးနေသည်။ စာမေးပွဲ စည်းကမ်းချက်ဖတ်ပြစဉ်က မာထန်လှသောသူ့အသံသည် ယခုအခါ အံသြဖွယ်ရာ နူးညံ့နေသည်။
စာမေးပွဲဖြေနေကြသည့်သူများ အနှောင့်အယှက်ဖြစ်မှာစိုး၍ ဖြစ်ပေမည်။
ညိုညစ်ညစ်အဖြေလွှာ စာအုပ်လေးကို တရွက်ချင်းလှန်ကာ ဘေးမျဉ်းများဆွဲနေမိ သည်။ ပြတင်းပေါက်ဘေးမှာ ထိုင်နေရသော
ကျနော့်မျက်နှာဆီသို့မတ်လ၏ နေရောင်သည် တိမ်များကိုဟပ်ပြီး ရှိန်လာစေသည်။ သည်။
ပြတင်းပေါက်မှ တဆင့် မိုးကောင်းကင်ကြီးကို လှမ်းမြင်ရသည်။
အဝေးတွင် မြင်နေရသည့် ဖက် ဆွတ်တောင်တန်းပြာပြာက ကျနော်အားလှောင်နေသလို
စိတ်ထဲထင်မိလိုက်သေးသည်။ ကျောင်းရှေ့ တွင်ရှိသော ကတ္တရာလမ်းမကြီးပေါ်တွင် ထီးရောင်စုံများကို မြင်တွေ့နေရပြီဖြစ် သည်။
နေပူဒဏ်ကို အံတု၍
ရင်နှစ်သည်းချာများ ၏ စာမေးပွဲအပြီးကိုမိဘများ လာကြိုနေကြပြီ။
ထီးများအောက်မှ
မျက်ဝန်းများ သည် စာသင်နှစ် တစ်နှစ် စာအတွက် ၃
နာရီဖြင့် ဆုံးဖြတ်သည့် စာမေး ပွဲတွင် မိမိတို့ သားသမီး များဖြေဆိုနိုင်ခဲ့ရေးကို
မျှော်လင့်နေ ကြပေမည်။ အမှတ်ကောင်းခြင်း မကောင်းခြင်းကလည်း တက္ကသိုလ် ဝင်ခွင့်တွင် အရေးပါနေပြန်ရာ တဘဝစာ အဆုံးအဖြတ်လည်း ဖြစ်သွားနိုင်ပေသည်။
ထိုအခိုက်တွင် လမ်းမပေါ်မှ ထီးကိုယ်စီနှင့် စာမေးပွဲအပြီးကိုစောင့်နေကြသူများ လမ်းနံဘေးသို့
ကမျောသောပါး ဆင်းသွားကြ၏။ အမိုးဖွင့်ဂျစ်ကားလေးတစီး အရှိန်ပြင်းပြင်းဖြင့် လူအုပ်ကြားမှ
ဖြတ်ေ မာင်းသွားသည်။ကားနောက်ခန်းထဲတွင် ဂေါက်သီးအိတ်တစ်လုံးကို
တွေ့လိုက်ရသည်။ ကားမောင်း သွားသည့်လူကြီးကို ကျနော်ကောင်းကောင်းသိပါ၏။
ကျနော်တို့မြို့လေး၏ ဥက္ကဋ္ဌကြီးဖြစ်သည်။
ထိုလူကြီး ကျနော်တို့မြို့လေးကိုရောက်လာသည့်တစ်နှစ်ကျော်ကျော်ကာလအတွင်း မြို့ခံ
ဂေါက်သီးကစားသမားများလည်း အတော်ပင် ထွက်ပေါ်ခဲ့ပြီ ဖြစ်သည်။
ဂေါက်သီးဆိုတာ ဂေါက်ပင်ကသီးတဲ့အသီးဟု
ထင်နေသူများပင်လျှင် ဂေါက်သီးရိုက်တတ်နေကြပြီဖြစ် ၏။ ကမ္ဘာပေါ်တွင်
ဘော်လုံးပြီးလျှင် လူကြိုက်များသောအားကစားဖြစ်သည်မှာ အဘယ်အကြောင်းေ ကြာင့်ဟု
ကျနော်မသိပါ။ ကျနော်တို့မြို့လေးတွင်တော့ သာမန်ပြည်သူများထက် ဌာနဆိုင်ရာအရာရှိကြီး များ၊ ရွှေဆိုင်အပေါင်ဆိုင်ပိုင်ရှင်များနှင့်
နယ်စပ်သို့သွားလိုက်ပြန်လိုက် လုပ်နေကြသော ကုန်သည်ကြီး များက ပို၍ကြိုက်ပုံရပါသည်။ အချိန်ပြည့်ဂေါက်သီးအကြောင်း
ပြောနေကြသည်။ နေ့လည်စာစားပြီး သည်နှင့် ဂေါက်ကွင်းသို့သွားနိုင်ရန်
လုပ်လက်စ အလုပ် များကိုကိစ္စဖြတ်ကြသည်။ အခွန်ကိစ္စ၊ ပါမစ်ကိစ္စ၊ ကျွန်းသစ်များ
မန္တလေးပို့ရန် မျှောစာကိစ္စ၊ မြေဂရန်ကိစ္စ အပါအဝင် အရေးတကြီးဟုခေါ်ဝေါ် သတ်မှတ်ကြသော
ကိစ္စအဝဝသည် ဂေါက်ကွင်းမှာ ဆုံးဖြတ်လုပ်ဆောင်နိုင်သည်။
ဂေါက်ကွင်းမှာ နှုတ် မိန့်တောင်းခံနိုင်သည်။ ထိုသို့သောလူ တန်းစားများသာ ဂေါက်ကွင်းနှင့် ရင်းနှီးကြသည်မဟုတ်ချေ။
မြို့လေး၏ အနောက်တောင်အရပ်တွင်ရှိသော လေယာဉ်ကွင်းဟောင်းကြီးကိုဖန်တီးထားသည့်
ထိုဂေါက် ကွင်းကို သာမန်ပြည်သူများလည်း ရင်းနှီးကျွမ်းကျင်ကြပါ၏။ ဘယ်နေရာဘယ်အပင် ရှိသည်၊ ဘယ်နေ ရာ ဗွက်တော၊ ဘယ်နေရာချိုင့်ဝှမ်းဆိုသည်ကို တပတ်တခါသန့်ရှင်းရေးလုပ် အားပေးသွားရခြင်းကြောင့်
အလွတ်ရနေကြပြီဖြစ်သည်။။
ကျနော်သည်ပင် စနေနေ့ကျောင်းပိတ်ရက်များ၌ နေမြင့်အောင် အိပ်စက်၍မရ။
ခေါင်းရင်းအိမ်မှ ဆရာမ အပျိုကြီးနှစ်ယောက်၏ မေတ္တာပို့သံနှင့်
အိပ်ရာထရသည်။ ဥက္ကဋ္ဌကြီးကို မေတ္တာပို့ကြသံ က ကျနော့်ကို
အိပ်ရေးပျက်စေသည်။ စနေနေ့လိုကျောင်းပိတ်ရက်များတွင် ဆရာဆရာမများလည်း မနားရ။ ဂေါက် ကွင်းသန့်ရှင်းရေး သွားကြရသည်။ တအိမ်တယောက် သန့်ရှင်းရေးသွားကြ
ရခြင်းဖြစ်ရာ အိမ်မှလူကြီး များ အလုပ်မအားလပ်သောတနေ့တွင် ကျနော်လူစား
လိုက်သွား သည်။ ကျနော်တို့ကို ရပ်ကွက် ဥက္ကဋ္ဌများက ကြီးကြပ်၍ ဆရာဆရာမများကို ကျောင်းအုပ်ကြီးက ကြီးကြပ်ပါသည်။
မနက်အစောကြီးမေတ္တာပို့နေသော ဆရာမအပျိုကြီးနှစ်ယောက်ကို ဥက္ကဋ္ဌကြီးဘေးမှာ ပြုံးရွှင်စွာ တွေ့ ရသောအခါ အံသြမိ၏။ ထမင်းအိုးအကွဲမခံနိုင်ဘူးဆိုသောစကားကိုအမှတ်ရမိ၏။ ထိုစကား သည် တကယ်ပင် ခေတ်စားလွန်းလှပါသည်။ ထိုခေတ်ကာလက စစ်အာဏာရှင်၏စကားကိုပယ်ရှား ပါက ထမင်းအိုးသာမက မိသားစုပါ အစိတ်စိတ်အမွှာမွှာ ကွဲကြေခဲ့ကြရပါ
သည်။ ထိုစဉ်ကာလ ၌ ဆရာမတို့ကျဉ်တုတ်မခံဝံ့ခဲ့ကြပါ။
အခန်းစောင့်ဆရာမ၏ ရယ်သံလွင်လွင် ထွက်ပေါ်လာချိန်တွင်
သတိပြန်ဝင်လာပြီး အဖြေလွှာကို ပြန် ကြည့်မိ၏။ အံ့အားသင့်စရာကောင်းလှပါသည်။
အဖြေလွှာစာအုပ်ညိုညစ်ညစ်လေးသည်
ခပ်သော့သော့ လက်ရေးများဖြင့်ပြည့်နေသည်မှာ တအုပ်လုံးနီးပါးဖြစ်နေပါပြီ။
သင်္ချာဘာသာရပ်ကိုဖြေဆိုထားခြင်းတော့မဟုတ်ပေ။
ကျနော့်အကြောင်း၊ ကျောင်းအုပ် ဆရာကြီး အကြောင်းနှင့်ဂေါက်သီးရိုက်သော
ဥက္ကဋ္ဌကြီးအကြောင်းကို စာစီစာကုံး ၃ ပုဒ်အဖြစ် ရေးထားမိခြင်းပင်။
ရုတ်တရက် ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားလိုက်ရပြီး
အဖြေလွှာစာအုပ်လေးကို အခန်းစောင့် ဆရာက ဆတ်ခနဲ ဆွဲယူသွားသည်။ ကျနော်ဘယ်အပုဒ်ကိုမှ
ကြက်ခြေမခတ်ရသေး၍ပြန်ပေး ရန် တောင်းဆိုမိပါ၏။ ''မင်းက ငါ့ထမင်းအိုးခွဲမလို့လား'' ဟုပြန်ပြောပြီး
နောက်ဆုတ် နောက်ဆုတ်နှ င့် အဖြေလွှာစာအုပ်ကို ဖျစ်ညှစ်ဆုပ်ကိုင်ထား၏။သင်္ချာဘာသာ
မဖြေထားသည့်အတွက် စာမေးပွဲကျမှာ ကို ကျနော်သိနေ၍ သိပ်စိတ်မပူမိပါ။
သို့သော် နောက်ထပ်ဘာသာများကို ကျနော် ဆက်လက် ဖြေ ဆိုခွင့်မရတော့။
''စာမေးပွဲတွင် မမှန်ကန်သည်များကိုရေးသောကြောင့် ဆက်လက်ဖြေဆိုခွင့် မပြု'' ဟူသောစာရွက်လေးသည်
ထိုနေ့ ညနေ ၂ နာရီ တိတိတွင် အိမ်သို့ ရောက် လာခဲ့ပါသည်။
ကိုကိုချစ်ဟူ၍ ပြည့်စုံစွာထိုးထားသော ကျောင်းအုပ်ဆရာကြီး၏လက်မှတ်ကို
ကြည့်မိစဉ် ကော်နီ့ သီချင်းသံ နားထဲရောက်လာသည်။
လာမည့်နှစ်စာမေးပွဲအတွက် နွေရာသီ ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပါသည်။ ကျောင်းဖွင့်ချိန်တွင် လည်း အတန်းမှန်မှန်တက်ခဲ့သည်။ ယုတ်စွအဆုံး သီတင်းကျွတ်မီးထွန်းပွဲတော်ကိုပင် စာကျက် မပျက်ပဲ ဖြတ်ကျော်ခဲ့သည်။ သို့သော် မထင်မှတ်ထားသောအချိန်တွင် အာဏာရှင်
ပညာရေးစံနစ် က ရည်မှန်းချက်ကို သူတို့မူ၊ သူတို့ဘောင်ထဲမှ တဖက်သတ်ကြီး
ရိုက်ချိုးပစ်လိုက်သည်။
နိုဝင်ဘာလ၏ပထမအပတ်။ ထိုနေ့ကလည်း မိုးတွေရွာနေခဲ့တာ ကျနော်မှတ်မိနေသည်။ မနက်
ပိုင်း ကျောင်းဆင်းကာနီးတွင် ကျောင်အုပ်ကြီးရုံးခန်းသို့ခေါ်သဖြင့် ကျနော်သွားရသည်။
ဆရာ ကြီးက ''ငါလည်း နားမလည်တော့ဘူးကွာ၊ စိတ်မကောင်းပါဘူး''
ဟုပြောပြီး စာရွက်တရွက် ကို ထုတ်ပေးသည်။ ဆရာကြီး၏ လက်များ
တုန်တုန်ယင်ယင် ဖြစ်နေတာကို သတိထားမိသည်။
စာရွက်လေးက လသာရုံးမှထုတ်ပြန်လိုက်သော ကျနော့်အတွက်
အမိန့်စာဖြစ်သည်။ ပြီးခဲ့သည့် စာသင်နှ စ်တွင် စာမေးပွဲ၌ မမှန်ကန်သည်များ ရေးသားသဖြင့် ကျောင်း ၃ နှစ် ထုတ်ပယ်လိုက်သည်ဟုဖော်ပြပါရှိ ပါသည်။ အမိန့်စာ စာရွက်ကိုကိုင်ထားရင်း
နုနယ်သောနှလုံးသား သည် အမုန်း တရားများဖြင့် ပြည့်သိပ် လာခဲ့ရသည်။ တကယ်တော့
မည်သူ့ကိုမုန်းရမည်ဟုပင် ထိုစဉ်က ကျနော်မတွေးတတ်သေးပါ။ အိမ်မှ အဘိုးကတော့
ပြောရှာသည်။
''အဲဒါ အာဏာရှင်ပညာရေး စံနစ်ပေါ့ ကွာ၊
အာဏာရှင်တိုင်းဟာ အဲလိုတေ့ဖြုတ်ကြတာပဲ''
ကြာခဲ့ပြီဖြစ်သောဖြစ်ရပ်လေးကိုတိုက်ဆိုင်မှုရှိတိုင်း
ကျနော်သတိရတတ်သည်။ မင်္ဂလာဖိတ် စာလေးပေါ် မှပုံကြမ်းလေးကိုမျဉ်းတိုလေးများ၊
မျဉ်းကွေးလေးများ သူ့နေရာသူရေးခြစ်ရင်း အချောသတ်နေမိသည်။ ။ထီးဆောင်းထားသော
လူအများကြားဖြတ်ပြေးနေသော ခွေးကြီးတကောင်၏ပုံသည် မကြာခင် သေသေ ချာချာ
ရုပ်လုံးပေါ်လာမည်ဟု မျှော်လင့်ရင်း ဆက်ဆွဲနေမိသည်။
မိုးက မတိတ်သေးပါ။ စွေတတ်သော တန်ဆောင်မုန်းမိုးကိုရပ်စေချင်ပါပြီ။
မကြာမီ ကျောင်းဆင်းတော့မည်။ ကျောင်းသားကျောင်းသူလေးများကို ချိုင့်များကျင်းများဖို့
နေဆဲ လမ်းမကြီးပေါ်၌လွတ်ကင်းစွာသွားလာစေချင်သည်။
ကျောင်းလွယ်အိတ်ကို မနိုင်မနင်းသယ်ပိုး ရင်း မိုးထဲမှာ ထီးလေးဖြင့်
မခက်ခဲစေလိုတော့ပါ။
ကျော်ကျော် (မြရည်စမ်း)
၄၁၁၁၆
Comments
Post a Comment