သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈ (ဓား ဓားချင်း လှံ လှံချင်းယှဉ်မယ်ဆိုလို့-၂)
ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ(၈၈)..
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များသိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင် အွန်လိုင်းမှ တဆင့် ရေးသားတင်ဆက်လိုက်ပါသည်။
စိုးလွင်
(၂၁၁) (၀မ်ခ)
ဓား ဓားချင်း …လှံ လှံချင်း ယှဉ်မယ်ဆိုလို့
ဒုတိယပိုင်း
ဒါနဲ့ပဲ ဘယ်အချိန်ဘယ်နေရာမှာ
လုပ်မယ်ဆိုတာကို ဆွေနွေးပြီး ဖိတ်စာတွေကို ဒီည အပြီးရိုက်ထားဖို့ မှာပြီး ပြန်ခဲ့တယ်။
နောက်နေ့မနက်ချိန်းထားတဲ့နေရာ ကျနော်
ရောက်သွားတော့ ရိုက်ထားတဲ့ဖိတ်စာတွေယူပြီး ကျနော်ကတော့ မောင်ငံဘက်၊
သူငယ်ချင်းတယောက်ကိုတော့ ဒိုင်းရင်ကွင်းဘက်ကို လိုက်ဝေ လိုက်ကြတယ်။
နောက်နေ့မနက် သမဂ္ဂဖွဲ့ဖို့ချိန်းထားတဲ့ မောင်မောင်တိုးအိမ်ကို စောစောရောက်သွားပြီး ဘယ်သူတွေလာမလဲလို့
စိတ်စောစွာနဲ့စောင့်နေမိတယ်။ လူ ၂၀ လောက်လာရင်ပဘဲ မဆိုးလှဘူးလို့ တွေးနေမိ တယ်။ ဒါပေမဲ့ ချိန်ထားတဲ့အချိန်မတိုင်ခင်မှာဘဲ မောင်မောင်တိုးအိမ်ရှေ့မှာ လူ ၁၀၀ လောက်စုမိလာတော့
မူလလုပ်မယ့်မောင်မောင်တိုးအိမ်ကနေ မျက်စောင်းထိုးမှာရှိတဲ့
တရုတ်ဘုံကျောင်း တခု မှာ အစည်းအဝေးကို
ပြောင်းလုပ်ခဲ့ရတယ်။
(ဘုံကျောင်းကို
ဘယ်သူပြောပေးလည်းတောင် မသိတော့ဘူး)
ကျနော့်ပထမရည်ရွယ်ချက်က
သူငယ်ချင်းတွေဖြစ်ချင်တဲ့
သမဂ္ဂဖြစ်အောင် လူစုပေးဖို့တခုထဲ ရည်ရွယ်ထားပေမဲ့ သူငယ်ချင်းတွေတောင်းဆိုချက်နဲ့ အခမ်းအနားမှူး လုပ်ရပြန်ရော။
ကျနော်ဝတ်ထားတဲ့ အင်္ကျီနဲ့လုံချည်က အခမ်းအနားအမှူးအနေနဲ့ ကြည့်မကောင်းလို့ဆိုပြီး သူတို့ဝတ်လာတဲ့ ကော်လာ
ကတုံးတွေ
လုံချည်အကောင်းစားတွေနဲ့
သူငယ်ချင်းတွေက ဝိုင်းလဲပေးကြတယ်။
(မိုက်ခရိုဖုံးတွေကိုလည်း ဘယ်သူတွေက
ဘယ်ကငှားပြီး
လုပ်ပေးသွားမှန် မသိတော့ဘူး။ လိုအပ်တာ ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်သွားကြတာ)
အခမ်းအနားကို အစီစဉ်အတိုင်းကျင်းပပြီး နောက်ဆုံးအနေနဲ့
သမဂ္ဂဖွဲ့ဖို့လုပ်တော့
ကျနော့်ကို အထွေထွေအတွင်းရေးမှူးတာဝန်ယူဖို့ အားလုံးက ဝိုင်းတိုက်တွန်းကြတယ်။ ဒါပေမဲ့
ကျနော်အားလုံးကို ရှင်းပြ လိုက်တယ်။ ကျနော်
နိုင်ငံရေးကို
နားမလည်ပါဘူး၊
ကျနော့်ထက်နားလည်တဲ့
၇၄ ထွက်
နိုင်ငံရေး သမားအကိုကြီးတွေ တာဝန်ယူပြီးလုပ်ကြပါ။ ကျနော့်တော့ ရိုးရိုးအဖွဲ့ဝင်တယောက်အနေနဲ့ပဲ အဖွဲ့ကို အကူအညီပေးပါရစေလို့ ပြောလိုက်တယ်။
ကျနော့်ကိုပြောမရတော့ ကျနော်သူငယ်ချင်းတွေကိုပါ
တာဝန်ယူဖို့ပြောကြပေမဲ့ သူတို့လည်း ငြင်းလိုက်ကြတယ်(အဖွဲ့တိုင်းမှာ နေရာလုတတ်တဲ့ ဓလေ့ကို တွေ့ဖူးခဲ့တဲ့ကျနော်အဖို့တော့ နေရာမလုတတ်တဲ့ ကျနော့်သူငယ်ချင်းတွေကို လေးစားမိတယ်)
ကော်မတီဝင်တွေလည်း ကျနော်တို့သူငယ်ချင်းတစုကိုရုံးကိုနေတိုင်းလာဖို့ ဖိတ်တယ်။
သွားတိုင်း
လည်းအကိုကြီးတွေက
ကျနော်တို့ကို မုန့်ဖိုးပေးတယ်။
ဒီလိုနဲ့ကျနော်လည်း သမဂ္ဂရုံးကို သွားလိုက် မသွားလိုက်၊ စက်ရုံရှိတဲ့ ဘားအံကို တက်သွားလိုက်၊ မော်လမြိုင်ကို ပြန်လာလိုက်နဲ့ နေလာလိုက်တာ ၁၉၈၈ စက်တင်ဘာလ
၁၈ ရက်နေ့ကိုရောက်လာရော
ဆိုပါတော့ဗျာ။
အဲဒီနေ့မနက်မှာ သမဂ္ဂအစည်းအဝေးပြုလုပ်တော့ မော်လမြိုင်တမြို့လုံး အထွေထွေသပိတ်ပွဲကြီးကို မနက်ဖန်မှာပြုလုပ်ဖို့ ဆုံးဖြတ်ကြတယ်။ ဆုံးဖြတ်ချက်အရ
တမြို့လုံးကို စည်ရုံးလှုံ့ဆော်ဖို့ ကျနော်တို့ သူငယ်ချင်းတစုကို
တာဝန်ပေးတယ်။ ကျနော်တို့လည်း
မြို့ပတ်လှုံ့ဆော်ဖို့ ကားတွေ၊ စပီကာတွေ ငှားပေါ့။
အကုန်လုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ စစ်တပ်အာဏသိမ်းကြောင်းကို ရေဒီယိုက ကြေညာပါလေ ရော။ လူကြီးတွေလည်း ဘာဆက်လုပ်ရမှန်းမသိ
တွေဝေကုန်ကြတယ်။
ကျနော်တို့သူငယ်ချင်းတစု ကတော့ ဆုံးဖြတ်ထားတဲ့ကိစ္စ နောက်ဆုတ်စရာမရှိဘူးဆိုပြီး(စစ်တပ်ရဲ့အပစ် တခါမှမခံဘူးတော့ မျက်ကန်း
တစ္ဆေမကြောက် ဖြစ်နေတာ)
လူကြီးတွေခွင့်ပြုချက်ကိုမတောင်းတော့ဘဲ မနက်ဖန် အထွေထွေသပိတ်ပြုလုပ်မယ်ဆိုတဲ့အကြောင်း
မြို့လုံးပတ်ကြေညာလိုက်တာ ည ၉ နာရီထိုးမှပဲ အိမ်ပြန်ရောက်ကြတော့တယ်။
နောက်နေ့မနက် ၆ နာရီလောက်
ကျနော် သမဂ္ဂရုံးရှေ့ရောက်သွားတော့ လူ ၁၀ ယောက်လောက်ပဲ ရုံးရှေ့မှာတွေ့ရတယ်။ ၇ နာရီလောက်အထိ လူအင်အားက ၅၀ လောက်ပဲရှိသေးလို့
ကျနော်လည်း ဘာလုပ်ရမှန်းမသိဘဲ စိတ်ပျက်နေတုန်း
တက္ကသိုလ်တက်ဖက် သူငယ်ချင်းဖြစ်တဲ့ ကျော်လွင်က" မင်းတို့က ချိန်းထား တဲ့အချိန်ထက်ကျော်နေပြီး..လုပ်အုံးမလား ဘာလဲကြောက်နေပြီလား"လို့လဲ ဆိုလိုက်ရော ဘာဖြစ်လို့ကြောက်ရမလဲ..အခုပဲ လုပ်မယ်ဆိုပြီး(အမှန်က ကြောက်နေတာ..ဒီကောင် ကျော်လွင် ပြောလိုက်မှ မခံချင်စိတ်ရော ရှက်စိတ်နဲ့ရော ထလုပ်တာ) ကျနော်လည်း
သမဂ္ဂရုံးထဲဝင်၊
ခွပ်ဒေါင်း အလံတွေယူပြီး နီးရာ ဝါးလုံးမှာချီပြီး အလံလည်း ထောင်လိုက်ရော ရှိသမျှလူအုပ်က လက်ခုပ်ဝိုင်းတီး လိုက်ကြတာ ကျနော်လည်း ၀မ်းသာလွန်းလို့
ကြောက်စိတ်ပါ ပျောက်သွားတယ်။
အားလုံးလည်း ကျနော့်လိုပဲ ခံစားရမယ် ထင်ပါတယ်။ လူအင်းအားလည်း ၂၀၀ လောက်နဲ့ ဈေးကြီးရှေ့ အောက်လမ်းမကြီးအတိုင်းထွက်လာလိုက်တာ ထားဝယ်တံတားရှေ့ရောက်တော့ အင်းအားက ထောင်ကျော်သွားပြီ။
ဒီလိုလာရင်းနဲ့
ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့ရောက်တဲ့အချိန်မှာ စစ်ကြောင်းဟာ ရဲဘော်ကုန်းဘက်ချိုး
တက်သွားတာကို
စစ်ကြောင်းနောက်ရောက်နေတဲ့ကျနော် တွေ့လိုက်ရတယ်။ (စစ်ကြောင်းစထွက်ချိန်ကတည်းက
အောက်လမ်းမကြီးအတိုင်းသွားဖို့ ကျနော် မှာထားပြီးသား။
ဘာကြောင့်ဆို.. လူစည်တဲ့အောက်လမ်းမကြီးအတိုင်း ချီတက်ရင် လူအင်အားတိုးပွားလာမယ့်အပြင် တခုခုဖြစ်ခဲ့ရင်တောင် ပိုးစိုး ပက်စက်မဖြစ်လောက်ဘူးပေါ့)(နောင် ပြန်စဉ်းစားတိုင်း လမ်းကြောင်းပြောင်းအောင် လုပ်သူကို
မသင်္ကာဖြစ်မိတယ်)
ကျနော်လည်း
လမ်းကြောင်းပြန်ပြောင်းဖို့ စစ်ကြောင်းရှေ့အမီသွားပေမဲ့ မမီလိုက်ခဲ့ဘူး။ ဒါနဲ့ပဲ မထူး ဇာတ်ခင်းပြီး သွားလိုက်တာ ထောင်ရှေ့ အဝိုင်းအရောက်မှာ
စစ်ကား
၃ စီးနဲ့ ပိတ်ဖမ်းတာခံရတော့ တာပဲ။ စစ်သားတွေ
ခုန်ဆင်းလာတာတွေ့တာနဲ့ နောက်ပိုင်းက လိုက်လာသူတွေ ထွက်ပြေးသွားတော့ ရှေ့ပိုင်းကလိုက်လာတဲ့ လူ ၅၀ လောက်ပဲ ကျန်ခဲ့တယ်။ ကျနော်ပြေးရင် လွတ်တယ်။
ပြေးလဲပြေးချင်ပါတယ်...ဒါပေမဲ့
ကိုယ့်နဲ့အတူရှိနေကြတဲ့ ရဲဘော်ရဲဘက်တွေကို
ငှဲ့တာရော..ခေါင်းဆောင်ဆိုတဲ့အသိ ရှိတာရောကြောင့်
မပြေးဖြစ်ဘူး။ ဆင်းလာတဲ့စစ်သားတွေဟာ ကျနော်တို့ကိုဆူဆဲပြီး
တပ်ဦးမှာရှိနေတဲ့အလံတွေကို သိမ်းလိုက်ကြတယ်။
ကားခေါင်းကပါလာတဲ့
ဗိုလ်မှူးက"
ဒီကောင်တွေကို ရိုက်ပစ် သတ်ပစ်" လို့ အော်နေပေမဲ့(ခြောက်တဲ့ သဘောနဲ့
အော်ခဲ့တာပါ။ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ဉာဏ်လင်းက သူ့ရဲဘော်တွေကို ပစ်ဖို့ခတ်ဖို့ အမိန့်မပေးခဲ့ပါဘူး)
ဆင်းလာတဲ့
ဗိုလ်ကြီးတယောက်ကတော့
"ညီလေးတို့ရာ
လူကြီးမကြိုက်တာ
မလုပ်ကြပါနဲ့"ဆိုပြီး
ကျနော်တို့ကိုချော့မော့ပြောပါတယ်။ ဒီအချိန်မှာပဲ ကျနော့်ဘေးပတ်ဝန်းကျင်ကို
ကြည့်မိ
လိုက်တော့
တက္ကသိုလ်တက်ဖက် အမျိုးသမီးနှစ်ယောက်ကို
တွေ့လိုက်ရတယ်။ လူ ၅၀ လောက်မှာ
သူတို့နှစ်ယောက်ပဲ
မိန်းကလေး။
ဖမ်းခံထိတဲ့မိန်းကလေးတွေကို မုဒိမ်းကျင့်တယ်လို့
ကြားဖူးတဲ့ကျနော် သူတို့နှစ်ယောက်ကို ထွက်ပြေးဖို့ တိုးတိုးကပ်ပြောလိုက်တယ်။
ဒါပေမဲ့
သူတို့ခမျာလည်းကြောက်ပြီး ဘာမှလုပ်တတ်တဲ့ပုံမရတော့ဘူး။ ဘယ်ကိုပြေးရမလဲလို့ ကျနော့်ကိုမေးလာလို့ ကျနော်လည်း
လူတွေပြေးဝင်သွားတဲ့ တရုတ်ဘုံကျောင်း
တခုကို ညွှန်ပြပေမဲ့
မျက်စိမျက်နှာပျက်ပြီးသာ ရပ်နေတာတွေ့လို့...ပြေး ပြေးလို့
ပါးစပ်ကလည်း
သတိပေးရင်း သူတို့နှစ်ယောက်ကိုတယောက်တဖက်ဆွဲရင်း ဘုံကျောင်းထဲကို ကျနော်တို့ ပြေးဝင်လိုက်တယ်။ အနောက်က စစ်သားတွေရဲ့မပြေးဖို့ အော်သံကြားပေမဲ့
ဂရုမစိုက်တော့ဘူး။
ဘုံကျောင်းထဲကို ရောက်တဲ့အချိန်မှာ အရင်ထွက်ပြေးလာတဲ့လူတွေက သူတို့ပြေးရင်လွားရင် ကိုးရိုးကာရားဖြစ်ခဲ့တာတွေကို ရီမောပြောနေကြတာတွေ့လို့.."နောက်မှာ ခင်ဗျာတို့ပထွေးတွေလိုက်လာကြပြီး" ပြောလိုက်မှ ဘုံကျောင်းနောက်ဘက်ကို
ထွက်ပြေးကုန်ကြတယ်။
ကျနော်တို့
၃ ယောက်လည်း ဘုံကျောင်းနောက်ဖက်ကို လိုက်ထွက်လိုက်တော့ သံဆူးကြိုးကို ကျော်နေတဲ့ လူအုပ်စုကို တွေ့လိုက်ရတယ်။
ယောက်ျားလေးတွေက သံဆူးကြိုးကို လွယ်လွယ်ကူကူ
ခုန်ကျော်သွားပေမဲ့ ကျနော်နဲ့ပါလာတဲ့ မိန်းကလေးနှစ်ယောက်က မကျော်နိုင်လို့ ကျနော်လည်း
သံဆူး ကြိုးကိုဖြဲပြီး သူတို့ကိုထွက်စေတယ်။
ပထမတယောက်
ထွက်ပြီးသွားလို့
ဒုတိယတယောက်ထွက်နေချိန်မှာပဲ ကျနော်အနောက်ကနေ
"ဟေ့ကောင်မပြေးနဲ့"လို့
အော်သံကြားလို့လှည့်ကြည့်လိုက်တော့
ကျနော်တို့ကို ၇၉ သေနတ်နဲ့ချိန်းထားတဲ့ စစ်သားတယောက်ကို တွေ့လိုက်ရတယ်။
ကျနော်လည်း ထူပူသွားပေမဲ့ မိန်းကလေးတွေကို
ဆက်ထွက်ဖို့ပြောလိုက်ပြီး သူတို့လွတ်သွားပြီးဆိုမှ စစ်သားဘက်ကို ကျနော်ဦးလှည့်လိုက်တယ်။
မခံချင်စိတ်တွေ ဒေါသတွေနဲ့ ကျနော် ကြောက်ကန် ကန်ပါပြီ။
စစ်သားရဲ့ခလုတ်မောင်းကွင်းမှာရှိတဲ့ လက်ညှိုးကိုတည့်တည့်ကြည့်ရင် ကျနော်
သူ့ဆီကို တလှမ်းချင်း လှမ်း သွားပါတယ်။ သူ့ ၇၉ တလုံးကို လွတ်အောင်ရှောင်နိုင်ရင် ကျနော်လုပ်ချင်တာ
လုပ်လို့ရပြီးပေါ့။ (တက္ကသိုလ်အရံတပ်ရင်း
တက်ထားတဲ့
အတွေ့အကြုံအရ
ဒီစစ်သားမှာ
G3..G4
သေနတ်ကိုင်ထားရင်တော့
ကျနော်ဒီလိုလုပ်မိချင်မှ လုပ်မိပါလိမ့်မယ်။
သူက တတောင့်မဟုတ် တတောင့် ထိနိုင်တာကိုး။ ၇၉ ဆိုတာက တလုံးကောင်းပဲပစ်လို့ရတာ။
သတ်မှတ်ထားတဲ့ အကွာအဝေးမပြည့်ရင်လည်း မကွဲဘူး။ တလုံးလွဲသွားလို့ နောက်တလုံးမထိုးခင်မှာက ဒီသေနတ်က
တုတ်ဖြစ်သွားပြီလေ)
ကျနော်တလှမ်းတိုးရင် စစ်သားကလည်း တလှမ်းဆုတ်တယ် (ကျည်မထိုးထားဘူးဖြစ်ချင်လည်း
ဖြစ်မယ်)
ဒီလိုနဲ့တိုးရင်းဆုတ်ရင်းနဲ့ သူလည်း ဘုံကျောင်းထဲရောက်သွားရော..ကျနောလည်း ဘုံကျောင်းဘေးမှာ ရှိတဲ့အိမ်ကိုပြေးတာပေါ့.."ဟိတ်မပြေးနဲ့ " ဆိုလို့ကြည့်လိုက်တော့
G4နဲ့ ချိန်းထားတဲ့
ပြုံးစိစိမျက်နှာနဲ့
စစ်သားတယောက်ကို တွေ့လိုက်ရပြန်တယ်။ (သူလည်း
ကျနော်နဲ့ ၇၉ သမားရဲအဖြစ်ကို မြင်ထားပုံရ တယ်)..ကျနော်လဲ
ထူပူပြီး တခြားအိမ်တအိမ်ထဲ ပြေးဝင်လိုက်ပြန်ရော။
ကျနော့်အရင်ရောက်နေတဲ့ သူငယ်ချင်း သုံးယောက်ကို တွေ့လိုက်ရတယ်။
အိမ်ရှင်တွေက စိတ်ချ လက်ချနေဖို့ပြောပေမဲ့ မကြာခင်မှာပဲ စစ်သားတွေရောက်လာပြီး ကျနော်တို့ကို
ခေါ်ထုတ်သွားတယ်။နောက်မလုပ်ဖို့ပြောဆိုဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်။ (သူတို့လည်း ဖမ်းမိန့်ရထားပုံမရဘူး)
လူက လွတ်သွားပေမဲ့ စိတ်ကနာသွားပါပြီ။ သေနတ်ရှိတဲ့သူက
မရှိတဲ့သူကိုအနိုင်ကျင့်တယ်၊ ငါ့မှာ သေနတ်ရှိရင် သူတို့ ငါတို့ကို အနိုင်ကျင့်လို့မရဘူးဆိုတဲ့အတွေးအခေါ်ဝင်လာတော့ တောခိုမယ်ဆို တာကို တခါထဲ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
ဒါနဲ့ပဲ ဘိလပ်မြေစက်ရုံကိုပြန်သွားပြီး ခရီးလွန်နေတဲ့သူငယ်ချင်းတွေကို အမြန်ပြန်လာဖို့လှမ်းခေါ်ရတော့တာပေါ့။ ပြန်ရောက်လာတဲ့သူငယ်ချင်းတွေကို
ဆွယ်ပေမဲ့
အတော်များများက တောခိုဖို့ တွေဝေနေကြတယ်။ (မော်လမြိုင်တုန်းကလည်း တက္ကသိုလ်အရံတပ်ရင်းထွက်သူငယ်ချင်းတွေကို အစည်းအဝေးခေါ်ပြီး တောခိုဖို့စည်းရုံးကြည့်ပေမဲ့ ဘယ်သူမှလိုက်ဖို့မပြောဘဲ
သေနတ်တွေသယ်လာဖို့သာ ကျနော့်ကိုမှာလိုက်တဲ့အတွက် ကျနော်ကလည်း သယ်လာမယ်လို့ ကတိပေးခဲ့တယ်။ ကျနော်တို့အားလုံး လည်း သေနတ်တွေကို ကျိုက်ထီးရိုးသေနတ်တွေလို
အလွယ်တကူဝယ်လို့ရတယ်များထင်နေလား မသိ)။
တောခိုဖို့ ၄ -၅ ယောက်စုမိတော့
လမ်းခရီးအတွက် လိုတဲ့ငွေရှာဖို့နဲ့..တောခိုဖို့ လမ်းပြအဆက်အသွယ်ရှာရင်နဲ့
ကျနော်လည်း မော်လမြိုင်နဲ့ ဘားအံကို တက်လိုက်ဆင်းလိုက်ပေါ့။ (ရန်ကုန်နဲ့ မန္တလေးမြို့က လူတွေက
မော်လမြိုင်ရောက်ရင်
သူပုန်နယ်မြေထဲ ရောက်ပြီးလို့ ထင်ကြပေမဲ့ မော်လမြိုင်သားကျနော်
တောခိုဖို့အဆက်အသွယ် အတော်ပဲ
ရှာခဲ့ရပါတယ်)
ဒီကြားထဲ ရုံးကိုလည်း အခြေအနေမပျက် ပြန်တက်နေတုန်း လက်ထောက်စက်ရုံမှူး ဗိုလ်ကြီးဝင်းနိုင် ကျနော်တို့ဌာနကိုရောက်လာပြီး " စိုးလွင်..မင်း
တို့ဘာတတ်နိုင်သေးလဲ"
ဆိုပြီး လာပြောနေလို့ "ကြည့်ကြသေးတာပေါ့
ဗိုလ်ကြီးရာ"
လို့ ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်သေးတယ်။ တောခိုဖို့လမ်းစရိတ်ကိုလည်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂက
မြန်မာငွေ တထောင်ထုတ်ပေးလို့ အတော်ကိုအဆင်ပြေသွားတယ်။
ကျနော်
မော်လမြိုင်ရောက်နေတုန်း
ကျနော်သူငယ်ချင်း
မျိုးလွင်ကလည်း
သူလည်းလိုက်မယ်ပြောလို့ ခေါ်ဖို့ကတိပေးပြီးခါမှ သူ့အမေက သူမရှိတုန်း ကျနော့်ကို သားအကြီးဆုံးဖြစ်တဲ့ သူ့သားကို ခေါ်မသွား ဖို့တားလို့ မျိုးလွင်ကို မော်လမြိုင်ကပဲစောင့်နေ လာခေါ်မယ်လို့
လိမ်ပြီး
ထားပစ်ခဲ့ရတယ်။
(၂၅ နှစ် ကြာမှ ကျနော်မြန်မာပြည်ပြန်လို့ မျိုးလွင်နဲ့တွေ့တော့ သူ့ကိုလိမ်ပြီးထားသွားရကောင်းလားလို့ ကျနော့်ကို
စကားနာထိုးတယ်လေ။
မင်းအမေက မင်းကိုခေါ်မသွားဖို့ မေတ္တာရပ်ခံလို့ ထားခဲ့ရတယ်ပြောမှ သူလည်း အံ့သြသွားတယ်။ အဲဒီတော့မှ
မိဘမေတ္တာကို
ပိုသိသွားပြီး သူ့အမေကို
အခုမှ ပိုဂရုစိုက်နေလေရဲ့)
ကျနော်
စက်ရုံကိုပြန်ရောက်တော့ ထွေ/စီ
ဌာနမှာလုပ်နေတဲ့
ကိုဝင်းကိုက
"မင်းတို့
ကိုယ်ရေးရာဇာဝင်တွေကို ထောက်လှမ်းရေးက လာစစ်နေပြီ..အမြန်လစ်ကြ" လို့သတိပေးလာလို့..ကျနော်လည်း
သူငယ်ချင်းတွေကို အသိပေးပြီး အမြန်ထွက်ဖို့
စီစဉ်ရတော့တယ်။
( ကင်ဆာဖြစ်နေတဲ့ကျနော့်အမေဆုံးတဲ့အထိစောင့်ချင်ပေမဲ့
အခြေအနေက မပေးတော့ဘူး)..ကျနော်တို့
မူလတောခိုမယ့်အုပ်စုက ကျနော်၊ တင်ရွှေ၊ ကိုဘိန်း(ခ)ကိုသန်းစိုး၊ ကိုဖိုးချို(ခ)ကိုခင်အောင်သန့်၊ အောင်ဝင်း၊ ဒါပေမဲ့
G.T.I အုပ်စုက
သိန်းဦးနဲ့
မြင့်အောင် ကျနော်တို့နဲ့ အတူလိုက်မယ်ဆိုလို့ ၇ ယောက်ဖြစ်သွားတယ်။ ကျနော်တို့လည်း
နောက်နေ့မနက်ကျတော့ ဘားအံဘက်ကမ်းကူးပြီး
တောခိုဖို့အဆက်အသွယ်လုပ်ထားတဲ့
လက်ဖက်ရည်ဆိုင်ကိုသွားခဲ့ပေမဲ့ လူတွေရှုတ်ထွေးနေတာတွေ့လို့
ကိုယ့်အစီစဉ်နဲ့ကိုယ်သွားဖို့လုပ်ရတော့တယ်။ အတူပါလာတဲ့ သိန်းဦး(နောက်မှသိရတာက သူက K.N.U ကလူ၊ ဘိလပ်မြေစက်ရုံကို မိုင်းခွဲဖို့ ညွန်းကြားခဲ့တာလည်း သူပဲ၊ ကျနော်တို့က
ဒီအကြောင်းတွေ လုံးဝမသိခဲ့ဘူး) က ဒီခရီးလမ်းတွေကို ကျွမ်းကျင်တဲ့အတွက် သူ ဦးဆောင်ပြီး ခေါ်သွား
မယ်လို့
ကတိပေးတယ်။
သူရှင်းပြတာက ဘားအံကနေ ကျုံဒိုးအနီးက လေးတိုင်ရွာအထိ လိုင်းကားစီး သွားပြီး အဲဒီကတဆင့် ဒေါနတောင်ကိုဖြတ်ပြီး K.N.U စခန်းတခုခုကို ခြေလျှင်သွားဖို့၊ ကျနော်တို့
လည်းသဘောတူပြီး
လိုင်းကားစီးကာ
ကျုံဒိုးကိုသွားခဲ့ပေမဲ့
အိန္ဒူရွာမှာ ပေါ်တာဖမ်းနေတယ်ဆိုလို့
ကားပေါ်ကဆင်း ပြေးရတာပေါ့။ ကျနော်တို့လည်း
မူလအစီစဉ်နဲ့လွဲသွားလို့
ဘာလုပ်ရမှန်မသိ ဖြစ်နေ ချိန်မှာ ကျနော်တို့နဲ့အတူ ပေါ်တာပြေးလာတဲ့ခရီးသည်တယောက်က သူဦးဆောင်ပြီး ခေါ်သွားပေး မယ်ပြောလို့ သူ့နောက်လိုက်ရပြန်တယ်။ သူလည်း ကျုံဒိုးဘက်မသွားဘဲ ကချင် ၂ တပ်ရင်းနဲ့ မိုင်း ကွင်းတွေကြားဖြတ်ပြီး ဇာသပြင်ရွာဘက်ကို ကျနော်တို့ကို ခေါ်လာခဲ့တယ်။
ခရီးတ၀က်လောက်အရောက်မှာ လိုင်းကားတွေ့လို့ တက်စီးရုံရှိသေး ဇာသပြင်ဘက်ကလာနေတဲ့ စစ်ကားတန်းကိုတွေ့လို့
ဆင်းပြေးရပြန်ရော။ လမ်းပြနောက်ကိုအမီလိုက်နေရတဲ့ ကျနော်တို့တတွေလည်း ညမှောင်လာလို့
တွေ့တဲ့ရွာမှာ
ညအိပ်လိုက်ရတယ်။ တနေကုန်ပြေးထားတဲ့ဒဏ်နဲ့ နောက်နေ့မနက်ကျတော့ ကျနော်တို့
အိပ်ရာက
မထချင်တော့ဘူး။
(လယ်ကွင်းထဲမှာ အိပ်ရတာ)..ဒါပေမဲ့ လမ်းပြမရှိရင် မသွားတတ်တဲ့ ကျနော်တို့တတွေ လမ်းပြနောက် လိုက်ရပြန်တာပေါ့။
နေ့လည်လောက်မှာ
ကော့ဘိန်းတဖက်ကမ်းက
တဲအိမ်စုကိုရောက်သွားပြီး မနက်စားနဲ့ နေလည်စာ
မစားရသေးတဲ့ကျနော်တို့တတွေကို
တဲအိမ်ရှင်က သူ့ရှိတဲ့ ထမင်းနီတာရဲနဲ့ ငပိရည်ကို ထုတ်ကျွေး ရှာတယ်။ ငတ်လို့လားမသိ စားကောင်းလိုက်သည်ဖြစ်ခြင်း..။ စားပြီးတော့ လမ်းပြက ကျနော်တို့ကို လှေနဲ့ တဖက်ကမ်းကိုခေါ်သွားပြီး တခြားလမ်းပြတယောက်နဲ့
လက်လွဲပေးပြန်တယ်။ လမ်းပြအသစ်နဲ့ ကျနော်တို့လည်း
ဆက်ထွက်ရပြန်တာပေါ့။
လမ်းလျှောက်တဲ့ အတွေ့အကြုံလည်းမရှိ၊ ပင်ပမ်းတဲ့ဒဏ်လည်းမခံဘူးတော့ လမ်းပြနောက်ကို
ကျနော်တို့တတွေ မျက်ခြေမပြတ်အောင်
အတော်လိုက်ယူရ တယ်။ ဒီကြားထဲ ကျနော်တို့အဖွဲ့မှာပါတဲ့
ဖိုးချိုက...လုံချည်က
ခြေမျက်စိတိုက်ဝတ်ထား၊ ကတ္တီပါဖိနပ်ကိုလည်း ဗွတ်ထဲရေထဲ
မချွတ်ဘဲစီးထားတော့ ခြေထောက်တွေပေါက်ပြီး
မသွားနိုင်တော့ဘူး။(လုံချည်လေး မကာမကာနဲ့ သူသွားနေတဲ့ပုံက တောခိုဖို့သွားနေတယ်လို့တောင် ထင်စရာမရှိဘူး)
ကျနော်တို့လည်း
သူ့ကိုစောင့်ခေါ်နိုင်ဖို့ လမ်းပြကိုပါ စောင့်ခေါ်ပေးဖို့
တောင်းပန်ရတာပေါ့။
ဒီလိုနဲ့ မွန်ရွာတရွာကို
ညဘက်ရောက်သွားပြီး လမ်းပြက ကျနော်တို့ကို အိမ်တအိမ်မှာ
အပ်သွားကာ
သူက တခြားတအိမ်မှာ
သွားအိပ်တယ်။
နောက်နေ့မနက်ရောက်လို့
လမ်းပြအလာကိုစောင့်နေတဲ့
ကျနော်တို့တတွေ လမ်းပြမလာနိုင်တာနဲ့ အိမ်ရှင်ကိုမေးကြည့်တော့ လမ်းပြက ပြန်သွားပြီးတဲ့။ လေးတိုင်ရွာအထိပို့ပေးဖို့ လမ်းပြကို ပိုက်ဆံပေး
ပြီးသား။ လမ်းပြလိမ်တာခံလိုက်ရတာပေါ့။ ကားခ၊ ထမင်းစာရိတ်၊ လမ်းပြခတွေနဲ့ ကုန်သလောက်ရှိနေပြီဖြစ်တဲ့ကျနော်တို့တတွေလည်း ရှိစုမဲ့စုပိုက်ဆံလေးတွေစု၊
အိမ်ရှင်ကိုတောင်းပန်းပြီး လမ်းပြ အသစ်ကို ငှားခိုင်းရတော့တာပေါ့။
လမ်းပြအသစ်နဲ့ စထွက်လို့ ရွာထိပ်ပဲရောက်သေးတယ် K.N.U စစ်ကြောင်းနဲ့တွေ့လို ရပ်ရပြန်ရော။
မွန်လမ်းပြကိုလည်း
သနားလို့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်။
(အဲဒီအချိန်က
မွန်နဲ့
ကရင်က
တိုက်ပွဲတွေဖြစ်နေတာ၊ မတော် ကရင်က
မွန်လမ်းပြကို သတ်မှာစိုးလို့ ပြန်လွှတ်ပေးလိုက်တာ)
ကျနော်တို့လည်း
ပိုက်ဆံကုန်ပြီဖြစ်လို့ လမ်းပြမငှားနိုင်တော့ဘူး။ လေးတိုင်ရွာကို ဘယ်လိုသွားရတယ်ဆိုတာ K.N.U ကိုမေးပြီးသွားလိုက်တာ လေးတိုင်ရွာအနီးကို မိုးမချုပ်ခင်ရောက်သွားပေမဲ့ လေးတိုင်ရွာအရှေ့မှာ စစ်တပ်စခန်းရှိနေတာကြောင့် ညမှောင်မှာပဲ
လေးတိုင်ရွာထဲကို ပြေးဝင်ရတယ်။
ကံကောင်းထောက်မစွာပဲ လေးတိုင်းရွာထဲမှာ အထက်တန်းကျောင်းတုန်းက
သူငယ်ချင်းတယောက်နဲ့တွေ့ပြီး သူစီစဉ်ပေးမှုနဲ့ ဒေါနတောင်ခြေက
ရွာတရွာကို လမ်းပြတယောက်က လိုက်ပို့ပေးခဲ့တယ်။ဒီရွာမှာလည်း K.N.U စစ်ကြောင်းတကြောင်း ရောက်နေတာကိုတွေ့ရတယ်။ အတူပါလာတဲ့ သိန်းဦး က ဒါ K.N.U နယ်မြေဖြစ်သွားပြီး ဘာမှကြောက်စရာမလိုဘူးပြောလို့ စစ်တပ်ရန်က ဝေးရာကိုရောက်လာတဲ့
ကျနော်တို့တတွေ ဝမ်းသာလိုက်တာ။
နောက်နေ့မနက်ကျတော့ ကရင်ရဲဘော်တဦးလိုက်ပို့လို့ ဒေါနတောင်ကို
ဖြတ်ကျော်ကြပြီး လမ်းမှာ တညအိပ်ကာ နောက်နေ့နေလည်လောက်မှာ
K.N.U အထူးတပ်ရင်း ၁၀၁ ရှိရာ ၀မ်ခစခန်းကိုရောက်ခဲ့ကြတယ်။
အရင်ရောက်နေကြတဲ့
ကိုလှသွင်၊
ဦးတိတ်ခင်၊ မောင်မောင်သန်းတို့ ရန်ကုန်အုပ်စုတွေနဲ့ တွေ့ရပြီး နှစ်ရက်အကြာမှာတော့ ဘားအံက အတူတူထွက်မယ်လို့စီစဉ်ပြီးမှ ကျနော်တို့လမ်းခွဲခဲ့တဲ့ ဒေါက်တာသောင်းထွန်း၊ ကိုသိန်းထွန်းတို့ရောက်လာတာကို တွေ့ရတယ်။
နောက်တော့ အောင်မြင့်ဟန်၊ နီမင်း၊ ဇော်ထွန်းတို့ရဲ့ မြင်းခြံ အုပ်စုတွေ၊
အောင်ကျော်လှိုင်၊
ချစ်ပို၊
မျိုးဆွေမွန်၊
ကျော်ကျော်ဝင်းတို့အုပ်စုတွေ ရောက်လာကြတယ်။ ဒီအုပ်စုတွေနဲ့ သီဘောဘိုတပ်ရင်းတွေကနေ ကွန်မန်ဒိုသင်တန်းတက်ဖို့
လွှတ်လိုက်တဲ့ရဲဘော်တွေ
ဘားအံ့မြို့ကရောက်လာတဲ့ ဘားအံသားတွေပေါင်းပြီး
K.N.U က ပေးတဲ့ စစ်သင်တန်းကို အတူတက်ကြတယ်။
စစ်သင်တန်းပြီးဆုံးတဲ့အချိန်မှာတော့ ကျနော်တို့တပ်ရင်းကို ABSDF ရဲ့တပ်ရင်း(၂၁၁)
ဝမ်ခစခန်း အဖြစ် အောင်မြင်စွာ ဖွဲ့စည်းနိင်ခဲ့တယ်။
ဒီအချိန်ကစပြီး
ကျနော်တို့တတွေလည်း သူပုန်ဘဝကို ကူးပြောင်းသွားကြ တယ်ပေါ့ဗျာ။
စိုးလွင်(၂၁၁)(ဝမ်ခ)
ပထမပိုင်း- http://www.jojar.net/2016/11/blog-post_42.html
Comments
Post a Comment