သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လင်းမြတ်အိမ်၊ လင်းသစ္စာဦးနှင့် မောင်ထိန်လင်း(မြို့သာ)တို့၏ကဗျာများ

စစ်(၃)
Pinterest
ကျောပိုးအိတ်လေးတဖက်ပေါ်
အသက်တွေအထပ်ထပ်ပုံလို့
လွတ်နေတဲ့ကွင်းပြင်လေးပေါ်မှာ
ကလေးလေးတွေ ပြေးလွှားနေပုံက
မနက်ဖြန်ဟာ
သူတို့အတွက် ငြိမ်းချမ်းချင်းပဲလို့
ယုံကြည်နေပုံများ
မေမေရယ်
ကျနော်တို့က ခေတ်ကြောင့်လား
တိုင်းပြည်ကြောင့်လားမသိတဲ့
ဟောဒီမြေကြီးပေါ်မှာ
လူသားဆိုတဲ့ နာမည်လေးအတိုင်း
လှလှပပလေး
ဘဝကိုဖြတ်သန်းချင်ပါရဲ့
အခုတော့မီးခိုးတွေကြားထဲက
တဖဲ့အစာလေးရဖို့
တိုးဝှေ့နေရတဲ့ ဒုက္ခသည်တယောက်
ဖြစ်နေပီလေ
မေမေ သားလေ
ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်ပြီဗျာ ။  ။

လင်းမြတ်အိမ်
3-10-2015
5:00AM
(တကမ္ဘာလုံးက စစ်ဘေးရှောင်ပြည်သူများသို့)
အလိုမကျမှုရောဂါ
www.ayyamgallery.com
လက်တွဲလိုစိတ် မရှိတာလေးက
တယောက်နဲ့ တယောက် တကမ္ဘာစီ ဝေးစေတယ်
ညှိနှိုင်းလိုစိတ် မရှိတာလေးက
တယောက်နဲ့ တယောက် အမြင် မကြည်လင် ဖြစ်စေတယ်
နားလည်ပေးစိတ် မရှိတာလေးက
တယောက်နဲ့ တယောက် ခက်ထန် ရိုင်းစိုင်း သွားစေတယ်
စာနာ သနားစိတ် မရှိတာလေးက
တယောက်နဲ့ တယောက် ညှဉ်းပန်း နှိပ်စက်ကြစေတယ်
ကိုယ်ချင်းစာစိတ် မရှိတာလေးက
တယောက်နဲ့ တယောက် အတ္တတံခွန် ထူကြစေတယ်
တန်းတူအခွင့်အရေး မထားနိုင်တာလေးက
တယောက်နဲ့ တယောက် နင်းဖြတ် ကျော်လွှားစိတ် ကြီးထွားစေတယ်
အကောင်းမြင်စိတ်လေး မရှိတာလေးက
တယောက်နဲ့ တယောက် မုန်းမာန်ပွား ရက်စက်ကြစေတယ်
တင်းတိမ်ရောင့်ရဲမှုမရှိတာလေးက
ပြည်တွင်းစစ်ကို ရေရှည် ဆွဲဆန့်ထားတော့တာပါပဲ. . . .။

လင်းသစ္စာဦး
ဓာတ်ပုံ
fineartamerica.com
ဖျတ်...ဖျတ်...ဖျတ်
တချို့အမှတ်တရတွေက
ကြည်နူးမှုရသပေးစွမ်းနိုင်ကြ
အတိတ်ပြန်ပြောင်း
ဘဝဟောင်းထံ ပြန်ရောက်
နုနယ်ခြင်းအတောင်ပေါက်လာတယ်။

ချပ်...ချပ်...ချပ်
ဓာတ်ပုံမှတ်တမ်းတချို့က
လက်ရှိကာလထိအရေးပါ
သမိုင်းအထောက်အထား၊
ပြစ်မှုထင်ရှားရှိ မရှိ၊
လက်နက်ကိရိယာတခု
အသုံးပြုနိုင်တယ်။

ထက်...ထက်...ထက်
အသက်ဝင်နေတဲ့ ဓာတ်ပုံတွေ
ရင်ခုန်စရာ အနုပညာ
အရသာ ဝေမျှကြ
ပါရမီရှင်ရဲ့စာဂမှာ ဈာန်ဝင်စီးမျော
ဘဝအမောတွေ
ချေဖျက်နိုင်တယ်။

ဖျက်...ဖျက်...ဖျက်
ဒီဓာတ်ပုံတွေ ဖျက်ပစ်လိုက်
အဆွေးကွက် အရူးဇာတ်တွေ
မြင်ရသူ ကူးစက်
အေးဖို့ တစက်မရှိ
ထိမိတိုင်း လောင်မယ့် ငရဲမီး
ဖျက်ဆီးလိုက်တာ အကောင်းဆုံးပ။

မောင်ထိန်လင်း(မြို့သာ)

Comments