သစ်ခက်သံလွင် ကဗျာစင်မြင့် ၁၊ ခေမာရှင်း၊ ဒီလူည နှင့် ဆောင်းဝေ(နတ်မောက်) တို့၏ ကဗျာများ

ဝေဒနာ ဆိပ်ကမ်း
K.marshinn
ဆိုက်ရောက် ထွက်ခွာမှုတိုင်း
မုန်တိုင်းထန်သွားခဲ့တဲ့ခြေရာ
အတင်အချနဲ့ဘဝဟာ
ဝန်စည်စလှယ်တွေချည်းသာ ပြည့်ခဲ့
နာကျင်ညည်းညူမိတဲ့ကုန်းဘောင်လေးဆီက
တအီအီမြည်သံ
ဒီခြေသံတွေ ဘယ်တော့ ဆုံးမှာလဲ။

လာပါ
ဖြတ်နင်းသွားကြစမ်းပါ
ဒါဟာ ဆိပ်ကမ်းတခုပါပဲ
ရယူခြင်းနဲ့မျှော်လင့်ခြင်းကြား
ပေါင်းကူး အိပ်မက်ကလေးကတော့ သာနေလျက်ပေါ့
အနေအထိုင်မတတ်တဲ့ဘဝထဲ
အနည်ထိုင်တတ်ဖို့လက်ခုပ်သံတွေနဲ့ဝေးခဲ့။

ပေးသလောက်မရတဲ့အခါ
တန်သလောက် ပေးဆပ်မှုက
ဘယ်သောအခါမှ မငြိုငြင်ခဲ့တဲ့
အမှန်တရားပါ
ညည်းညူသံတွေ ကြားမိပါစ
တိတ်ဆိတ်မှုတွေနဲ့ ဆူညံသွားတဲ့ညတိုင်း
ဆိတ်ငြိမ်မှုတွေနဲ့ ဆူညံနေခဲ့မြဲ ။

ပြိုကျလာတဲ့အလင်းကို ခပ်သောက်ဖို့
နားဆင်နေကြ ဒဏ်ရာတေးသွားက
အဝေး ဥသြသံကို လွမ်းဆွတ်လျက် …။

ခေမာရှင်း
2014
ဓာတ်ပုံ-၁
mirekbialy.com
ရှုခင်းတွေက စိမ်းစိုနေတာပဲ
အပြုံးတွေက စိမ်းစိုနေတာပဲ။

မလိုတော့တဲ့အခါ ဖြုတ်လို့ရတယ်
လိုအပ်တဲ့အခါ ချိတ်လို့ရတယ်။

အလင်းအမှောင်က အစပ်အဟပ် တည့်တယ်
နေ့နဲ့ ညက အပေးအယူ မျှတယ်။

ချောင်းတွေ မြစ်တွေ ပါတယ်
ကော့နေအောင် မီးယူထိုးထားတဲ့ အင်္ကျီလေးပါတယ်။

ရွှေရောင်ဘောင်တွေကတလက်လက်
ခူးခပ်မိတဲ့ဘဝတွေက တဖဲ့ဖဲ့။

အဲ့ဒီတုန်းက
ကျုပ်ဖြင့် လူသေတယောက်လို မလှုပ်မယှက်

အဲ့ဒီတုန်းက
ကျုပ်ဖြင့် ပြောသမျှ လုပ်ရတာပဲ

ခုတော့
ဓာတ်ပုံထဲမှာ လှလှကြီးနဲ့ ခန့်ခန့်ကြီး။  ။


ဒီလူည
အဝေးကအဝါရောင် 
fr.wahooart.com
 ဇာတ်ဟာလမ်းထဲဝင်လာ
ဘဝတိုတို
ရှည်လျားသောလမ်းမ
နံရံပေါ်ကပေါက်ပြဲနေရာတွေကို
သူ့ဆီကနေရောင်နဲ့ဆို့ပိတ်ထားတယ်
လရောင်ကိုဆွဲချကာ
တနေ့နေ့မှာ မင်းမျက်နှာပေါ် ပျံသန်းခိုင်းမယ်။

အသက်ကိုယူသွား
အချစ်ကိုထားခဲ့ဆိုပြီး
မင်းအတွက် ငါဝှက်ထားခဲ့
မိုးရွာတော့လည်းသတိရ
မိုးတိတ်ရင်တော့ ပိုဆိုးတော့မှာပဲ တဲ့
နောက်နေ့တွေလည်း
စစ်ပွဲတွေက ဆက်ရှိနေဦးမှာပဲဆိုတော့
ဘာသာစကားနဲ့ အလှမ်းဝေးသောအချစ်ကို
ငါရွေးချယ်ခဲ့ ။

တိမ်လိုလေလို
ငါ့မှာနေရာအနှံပျက်ကျလို့
လှံဖျားထိပ်ကယင်ကောင်လို့
မင်းအချစ်မှာပျက်ရှတုန်ခါလို့
ပုထုဇဉ်ဆိုပေမယ့် အချစ်ကလွဲရင်
ကျန်တာငါငြင်းပြီ
မင်းကိုတခါသတိရရင်
အဝါရောင်ကမ္ဘာတခုတခါရ
မစဉ်စားသော်လည်း
မင်းအကြောင်စဉ်းစားနေမိသလိုဖြစ်နေရ
စိတ်ထဲကပြောတဲ့စကား
မင်းကြားနေရတာပဲ ။ ။

ဆောင်းဝေ(နတ်မောက်)

Comments