သစ်ခက်သံလွင်၊ ကမ္ဘာတခွင်မြင်ကွင်း- ငြိမ်းချမ်းအောင်၏ "သမီးရေ-ဆာမဲ လူမျိုးစုအကြောင်း-ဖင်လန်နိုင်ငံ "



သမီးရေ

(ဆာမဲ လူမျိုးစုအကြောင်း-ဖင်လန်နိုင်ငံ)
Sweden.se
နော်ဝေး၊ ဖင်လန်၊ ရုရှား နယ်စပ်များတွင်တွေ့ရတတ်သည့် ဆာမဲလူမျိုးစု
-သမီးမှတ်မိသေးလား ဆရာမကို ဖေဖေ အကြောင်းကြားပြီး ၄ တန်းမှာ သင်တဲ့ ဖင်လန်နိုင်ငံသမိုင်းကို သမီးနဲ့အတူတူ ထိုင်ပြီး ဖေဖေ လည်း စာသင်တာလေ။

ဖင်လန်နိုင်ငံရဲ့လူမျိုးစုတွေအကြောင်း၊ ကိုးကွယ်တဲ့ ဘာသာတွေအကြောင်း စသည်ဖြင့်ပေါ့ သမီးရယ်။ ဒီလောက်တိုးတက် ခေတ်မီနေပါတယ်ဆိုတဲ့ ဖင်လင်နိုင်ငံမှာတောင် ဝက်ဝံကို ကိုးကွယ်တဲ့ လူမျိုးတွေရှိသေးတယ်လေ။ လူငယ်တွေကလည်း ကိုးကွယ်မှုကို အလေးအနက် မရှိတော့ရင်တောင် ယဉ်ကျေးမှုဆိုပြီး ထိန်းသိမ်းကြတယ်လေ။

သမီးတို့ကို ဖင်လန်နိုင်ငံသမိုင်းရဲ့လူမျိုးစုတွေအကြောင်း သင်တော့ ဆာမဲ လူမျိုးအကြောင်း ပါတယ်။ သိပ်ပြီး အရောင်တောက်တောက် ရိုးရာ ဂျပ်ခုတ်ဝတ်စုံတွေနဲ့ ကရင်၊ ကချင်လူမျိုးတွေနဲ့ သိပ်ဆင်တဲ့ တောင်ပေါ်ဒေသနဲ့ ကွင်းပြင်ကြီးတွေမှာ စိုက်ပျိုးမွေးမြူရေးပဲ လုပ်တဲ့ နော်ဝေး၊ ဖင်လန်၊ ရုရှား နယ်စပ်တွေမှာနေတဲ့ လူမျိုးတွေလေ။

သူတို့ဒေသမှာ သူတို့ဘာသာစကားကိုပဲ ရုံးသုံးစကားအဖြစ် ပြဋ္ဌာန်းထားတယ်လေ၊ ဖင်လန်နိုင်ငံရဲ့ အစိုးရပိုင်ရေဒီယိုမှာလည်း ဆာမဲ ဘာသာစကားအတွက် သပ်သပ် လိုင်းလွှင့် ပေးသလို၊ ပုံမှန် သတင်းအစီအစဉ်မှာလည်း နာရီပိုင်းနဲ့ အစီအစဉ်ထဲမှာ ထုတ်လွှင့်ပေးရ တယ်လေ။

သမီးရယ် ဖင်လန်နိုင်ငံသားတွေနဲ့ ဆာမဲ တိုင်းရင်းသားတွေ ကြားမှာလည်း ပြဿနာတွေရှိတာပေါ့၊ ဒါပေမဲ့ အိမ်နီးချင်း ရုရှားနဲ့ကပ်နေတော့ ငါတို့က မမျှမတလုပ်လို့၊ ရုရှားက မြှောက်ထိုး ပင့်ကော် လုပ်ရင် ဆာမဲတွေ ရုရှားဘက်ပါသွားမယ်၊ ဒါမှမဟုတ် တော်လှန်ရေးတခု ဆင်နွှဲရင် တိုင်းပြည် ဆင်းရဲမယ်ဆိုတဲ့ အချက်တွေကို တွေးပြီး …

ဆာမဲတိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ ဖင်လန်နိုင်ငံသားခေါင်းဆောင်တွေ တွေ့ဆုံပြီး ရွှေတအား ထွက်တဲ့ဒေသမှာ ကျနော်တို့ခင်ဗျားတို့ရဲ့ သယံဇာတတွေကို တူးဖော် ထုတ်ယူခြင်း မပြုပါဘူး။ သဘာဝတွေကို အလှဆင်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ပြသပါမယ်၊ ဒါကိုတော့ ခင်ဗျားတို့ သဘောတူပါ။ ဒါပေမဲ့ ကမ္ဘာလှည့် ခရီးသွားတွေ သွားလာခွင့် ရှိတဲ့ နေရာတွေကိုလည်း ခင်ဗျားတို့ပဲသတ်မှတ်ပေးပါလို့ ညှိနှိုင်းကြတယ်တဲ့ သမီးရေ။

နောက် အရေးကြီးဆုံးအချက်က ဘာလဲဆိုတော့ ဆာမဲ တိုင်းရင်းသားတွေရဲ့ကျောင်းမှာ ဖင်လန်ဘာသာစကားကို မသင်ရင်နေပါ၊ အင်္ဂလိပ်ဘာသာစကားကိုတော့ မဖြစ်မနေ သင်ရမယ် ဆိုတဲ့စာချုပ်ပါ ထည့်ချုပ်တယ်လေ။ ဆာမဲ တိုင်းရင်းသားကလေးတွေကိုလည်း ကမ္ဘာကြီးထဲမှာ ကျင်လည်စေချင်တဲ့ စေတနာပေါ့ သမီးရယ်။ လူမျိုးကြီးပေမဲ့၊ လူဦးရေများပေမဲ့ သိပ်စေတနာရှိတဲ့၊ သိပ်အမြော်အမြင်ရှိတဲ့ ဖင်လန်ခေါင်းဆောင်တွေပေါ့ သမီးရယ်။ အခုတော့ ဆာမဲတွေလည်း လိုအပ်ချက်အရ အင်္ဂလိပ်စာထက် ဖင်လန်ဘာသာစကားကိုပဲ ပိုသင်ကြပါတယ် သမီးရယ်။

သမီးရေ ဒါက ဆာမဲ တိုင်းရင်းသားတွေအကြောင်းကို သင်တဲ့ ၄၅ မိနစ်စာ သမိုင်းကိုပဲ ဖေဖေကဝင်ပြီး နားထောင်ရတာကိုး …….။

ကျောင်းတွေကလည်း မိဘတွေ ဆရာကိုလာပြီး လေ့လာဖို့၊ ကျောင်းတွေမှာ အစားအသောက်ကောင်းလား မကောင်းလားလေ့လာဖို့ အမြဲဖိတ်တယ်လေ။

သမီးရေ စာကိုသာ ကြိုးစားသင်ပါကွယ်၊ သမိုင်းတွေကိုလည်းလေ့လာ။ နောက်နေ့ကျရင်တော့ ရိုးမေးနီးယားလို့ခေါ်တဲ့ ခရီးလှည့်လည် သွားလာနေတဲ့ ဖင်လန်နိုင်ငံသား မူလလက်ဟောင်းတွေ အကြောင်းကိုပြောပြမယ်။

ကလေးတယောက်ဟာ တရက်ကို တဆက်တည်း အနည်းဆုံးတော့ ၈ နာရီအိပ်ရ မယ်နော်။
ကောင်းသောညပါ သမီးရေ။


ငြိမ်းချမ်းအောင်
၂၆ . ၁၁. ၂၀၁၆

Comments