မြို့ တမြို့ 
မက်တဲ့အိပ်မက်
(၁)
အဲဒီမြို့ မှာ
မထားရဲ့ အာရုံဦး “ပဲပြုတ်” ဆိုတဲ့
အော်သံ မကြားရတော့ဘူး
မထားက ဈေးထဲမှာ ဆိုင်ခန်းရတယ်
ဘယ်သူ့ ကိုမှ လာဘ်ထိုးစရာ မလိုဘူး
လူငယ်လေး ၅ ဦးကိုလည်း အလုပ်ပေးထားနိုင်ပြီ
ပဲပြုတ်ကို တမြို့ လုံးအနှံ့ဖြန့်တယ်
ဖုန်းနဲ့မှာမှာ ဖေ့ဘွတ်ကမှာမှာ အွန်လိုင်းကနေမှာမှာ
အိမ်တိုင်ယာရောက် ပဲပြုတ် ပို့ပေးနိုင်ပြီ
အဲဒီမြို့ မှာ
သူငယ်တန်းကနေ ၁၀ တန်းအထိ
ကျောင်းစရိတ် စာအုပ်ဖိုးပေးဖို့ မလိုတော့ဘူး
အစိုးရက တာဝန်ယူတယ်
ခရိုနီကြီးတွေက တာဝန်ယူတယ်
ဆရာ ဆရာမတွေ အခုရတာထက် လစာ ၃ ဆ တိုးပြီ
ကျူရှင်ခေတ်ဆိုတာ မရှိတော့ဘူး
ကျောင်းတွေမှာ စာ စသင်ပြီ
ဖွံ့ ဖြိုးပြီးနိုင်ငံများမှာလို ပညာရေး
တကယ်စပြီ
အဲဒီမြို့ မှာ
ဆေးရုံကို ဘယ်သူပဲ ရောက်လာရောက်လာ
ငွေ ထုတ်ပြမှ ဆေးကုပေးတဲ့စနစ်
အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့စနစ် မရှိတော့ဘူး
သူတောင်းစားကနေ သမတအထိ
အရေးပေါ်ကုသမှုလိုအပ်ရင်
အားလုံးတန်းတူ ဆေးကုသခွင့်ရှိပြီ
ပြီးမှ ကျသင့်ငွေကို
မိသားစုဝင်ငွေအလိုက် အရစ်ကျ ပြန်ဆပ်
လူ့အသက်ထက် အရေးကြီးတာ ငွေ မဟုတ်ဘူးလို့
အခိုင်အမာ ရပ်တည်ကြပြီ
အဲဒီမြို့ မှာ
လူဦးရေ အချိုးအစားအလိုက်
ဆရာဝန် သူနာပြု
ဆေးမှူး အခြားဆေးရုံဝန်ထမ်း
ဆေး ဆေးရုံအရေအတွက်
အလုံအလောက်ရှိပြီ
မြို
့ လေးတမြို့ ဟာ
အိပ်မက်တခု
မက်နေရဲ့ … … … ။
(၂)
အဲဒီမြို့ မှာ
အရက်ဆိုင်ဖွင့်ခွင့်ဘီယာဆိုင်ဖွင့်ခွင့်ပါမစ်တွေ
အရင်လို လွယ်လွယ် ချမပေးတော့ဘူး
ဈေးကို အဆမတန် မြှင့်ထားလိုက်ပြီ
ဆေးလိပ် ထုတ်ချင်တဲ့သွင်းချင်တဲ့ ဖြန့်ချိချင်တဲ့
ကုမ္ပဏီကြီးတွေကို
အစိုးရက အခုထက် အခွန် ၃ ဆ တိုးကောက်ပြီ
အရက် ဘီယာ ဆေးလိပ် ကြော်ငြာ
လမ်းဘေးမှာ ကပ်ခွင့်မပြု တီဗွီမှာ ထည့်ခွင့်မပြု
မိမိကုမ္ပဏီပိုင် နေရာတခုထဲတွင်သာ ကပ်ခွင့်
ကြော်ငြာခွင့်ပြုမည်
အသက် ၁၈ နှစ်အောက်ကို ဆေးလိပ်မရောင်းရ
အသက် ၂၁ နှစ်အောက်ကို အရက်မရောင်းရ
ဥပဒေထုတ် ကန့်သတ်ထားပြီ
အရက် ဘီယာ ဆေးလိပ်ကြောင့်
အရွယ်မတိုင်ခင်
သေဆုံး ဘဝပျက် ကျန်းမာရေးယိမ်းယိုင်သွားသူ
လူဦးရေကို လျော့ချဖို့စပြီ
အဲဒီမြို့ မှာ
လင်က မယားကို မရိုက်ဘူး
မယားက လင်ကို မရိုက်ဘူး
မိဘက သားသမီးကို မရိုက်ဘူး
ဆရာက တပည့်ကို မရိုက်ဘူး
ဘယ်သူ့ကို ဘယ်သူကမှ
နာကျင်အောင် ကိုယ်ထိလက်ရောက် မပြုကြဘူး
လူတယောက်ရဲ့  မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို
ဥပဒေက အကာအကွယ်ပေးပြီ
အဲဒီမြို့ မှာ
နိုင်ငံတကာရဲ့  လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့
တည်ဆဲဥပဒေတွေအကြောင်း စာမေးပွဲစစ်တယ်
မေတ္တာတရားနဲ့ စာနာမှု အတိမ်အနက်ကို အင်တာဗျူးတယ်
အားလုံးသေချာစိစစ်ပြီးမှ
ရဲထဲဝင်ခွင့် စစ်ထဲဝင်ခွင့်ပေးတယ်
လူဦးရေ အချိုးအစားအလိုက်
ရဲအင်အား အလုံအလောက် တိုးချဲ့ခန့်ထားပြီ
ရဲဝန်ထမ်းတွေ အရင်ထက် လစာ ၃ ဆတိုးပြီ
မှုခင်းတွေ တဖြည်းဖြည်း လျော့ကျစ ပြုပြီ
မြို
့လေးတမြို့ ဟာ
အိပ်မက်တခု
မက်နေရဲ့ … … … ။
(၃)
အဲဒီမြို့ မှာ
ထမင်းတနပ် ငွေသုံးထောင် အင်္ကျီတထည် ဦးထုပ်တလုံးနဲ့
လက်သန်းတွေကို ဝယ်လို့မရတော့ဘူး
ကြိုတင်မဲဆိုတာ သိက္ခာမဲ့တဲ့ ဝှက်ဖဲတွေ
စာရွက်မှာ ကြိုတင်ရေးထားပြီးသားတွေ
လာဖတ်ပြနေတာလောက်တော့ ပျင်းသွားပြီ
လူထုက ခပ်ညံ့ညံ့ခေါင်းဆောင်တွေကို မလိုချင်တော့ဘူး
နိုင်ငံတိုးတက်ဖို့ ခေါင်းဆောင်တွေက
သူ့အမြင် ကိုယ့်အမြင်
အစီအစဉ်တွေကို ပွင့်ပွင့်လင်းလင်းချပြ
သိက္ခာရှိရှိယှဉ်ပြိုင်
လွတ်လပ်စွာကွဲလွဲခွင့် လွတ်လပ်စွာယုံကြည်ခွင့်တွေနဲ့
ဒီမိုကရေစီ စပြီ
အဲဒီမြို့ မှာ
သေနတ်ကိုင်ဖူးရုံနဲ့ ဆေးရုံအုပ် လုပ်လို့
မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ တရားသူကြီးချုပ်
လုပ်လို့မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ ထွေအုပ် လုပ်လို့မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ ထောင်အုပ် လုပ်လို့မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ ကျောင်းအုပ် လုပ်လို့မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ မြို့ တော်ဝန်
လုပ်လို့မရတော့ဘူး
သေနတ်ကိုင်ဖူးရုံနဲ့ လွှတ်တော်ထဲ ဝင်ထိုင်လို့
မရတော့ဘူး
ခေတ်ပျက်သူဌေးလောက်တော့ လုပ်နိုင်တယ်
အဲဒီမြို့ မှာ
ဥပဒေဟာ သေနတ်ပြောင်းဝက မလာတော့ဘူး
ဥပဒေဟာ လက်သန်းတွေဆီက လာတယ်
ဓမ္မနဲ့ အဓမ္မ
တရားမှုတွေနဲ့ မတရားမှု
ပြည်သူတွေအားလုံးရဲ့အကျီးစီးပွားနဲ့
မိမိအကျိုးစီးပွား
ဘယ်သူတွေဟာ သမိုင်းမှာ ဗီလိန်လဲ
ဘယ်သူတွေဟာ သမိုင်းမှာ ဟီးရိုးလဲ
အဲဒီမြို့ က ရေးခြစ်ထားပြီးပြီ
အဲဒီမြို့ မှာ
ပြည်သူ့ဘဏ္ဍာစား ဌာနဆိုင်ရာဝန်ထမ်းတိုင်းက
ဆိုင်ရာဌာနအလိုက်
မိမိဌာနအတွင်း ရပ်ကွက်အတွင်း မြို့ အတွင်း
နိုင်ရာနေရာတွေ နိုင်ရာလမ်းတွေကို
ပရဟိတ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး
တာဝန်ယူ အမှိုက်ကောက်ပြီ
ဒီတခါ ကောက်ရိုးမီး မဟုတ်တော့ဘူး
အသက် (၇၀) ကျော် အဖွားအိုတယောက်
ရှေ့က ကောက်ပြမှ ခိုင်းမှ မဟုတ်တော့ဘူး
မြို
့လေးတမြို့ ဟာ
အိပ်မက်တခု
မက်နေရဲ့ … … … ။
(၄)
အဲဒီမြို့ မှာ
သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလောက်ပဲ
နေပြီး
အထီးကျန် ခြောက်ကပ်မနေတော့ဘူး
ဝမ်းရေးခက်လို့ ရွာပစ် မြို့ ပစ် နိုင်ငံပစ်
ဝေးလံခေါင်ဖျား ရေခြားမြေခြားရောက်
သားသမီးတွေ လူငယ်တွေအားလုံး အိမ်ပြန်ရောက်ကြပြီ
အဲဒီမြို့ မှာ
ချဲ ထီ နှစ်လုံး သုံးလုံး လောင်းကစားဝိုင်းတွေ
အလုပ်မဖြစ်တော့ဘူး
လူတွေဟာ ကံကို မပုံကြတော့ဘူး
လုပ်အားရင်းတိုင်းမှာ
တူညီတဲ့ တန်ပြန်အကျိုးခံစားခွင့်ရတဲ့
အလုပ်အကိုင်တွေ
လူအဖွဲ့အစည်းရဲ့ နေရာတိုင်းမှာ အလုံအလောက်ရှိပြီ
အဲဒီမြို့ မှာ
အရက်ဆိုင်တွေ ဘီယာဆိုင်တွေ ဂိမ်းဆိုင်တွေ
အလုပ်မဖြစ်တော့ဘူး
မြို့ ရဲ့  စာကြည့်တိုက်တွေက
ကမ္ဘာ့အဆင့်မီ စာအုပ်တွေ ဘာသာပြန်လက်ရာတွေ
ခေတ်မီနည်းပညာတွေနဲ့
အလွယ်တကူအသုံးပြုနိုင်ဖို့ ကွန်ပြူတာတွေ
လေ့လာစရာ သတင်းအချက်အလက်
အရင်းအမြစ် အကုန်အစုံနဲ့
လူငယ်တွေကို သူတို့ ရင်ခွင်ထဲ ပြန်ခေါ်ထားလိုက်ပြီ
အဲဒီမြို့ မှာ
ဒေသတွင်းထွက်ရှိတဲ့
စပါး ပဲ ပြောင်း နှမ်း နေကြာ
မြေပဲ ကြံ ကျွဲကော သံပုရာ
အစရှိတဲ့ ကောက်ပဲသီးနှံမျိုးစုံကို
ဘယ်သူ့ကိုမှ တာဝန်ကျေပေးဖို့ မလိုတော့ဘူး
လာရောက်ဝယ်ယူမယ့်
နိုင်ငံတကာက ကုမ္ပဏီကြီးတွေဆီအထိ
အခွန်အခ လွတ်ကင်းစွာ ရောင်းချနိုင်ပြီ
မြို
့လေးတမြို့ ဟာ
အိပ်မက်တခု
မက်နေရဲ့ … … … ။
(၅)
အဲဒီမြို့ မှာ
အသက် ၆၅ နှစ်ကျော်သူတိုင်းကို သက်ပြည့်ပင်စင်
ရေရှည်ကုသမှုလိုအပ်တဲ့
ကိုယ်လက်အင်္ဂါ စိတ် ကျန်းမာရေး မကောင်းသူတိုင်းကို
အခြေခံ နေစရိတ် စားစရိတ် ဆေးကုသစရိတ်
ကာမိအောင်
အစိုးရက လစဉ်ထောက်ပံ့ကြေး ပေးနိုင်ပြီ
အဲဒီမြို့ မှာ
ကျောင်းသူကျောင်းသားဟောင်းတွေက
လစဉ် နှစ်စဉ် ရံပုံငွေတွေ စုကြပြီး
အိုမင်းမစွမ်း နာမကျန်းတဲ့
တမြို့ လုံးက ဆရာ ဆရာမတွေကို
လစဉ်ထောက်ပံ့ကြပြီ
မြို့က ဘိုးဘွားရိပ်သာဟာလည်း
အခုထက် ၃ ဆ တိုးချဲ့ထားပြီ
နေ့စဉ်လစဉ် အလှူရှင်တွေအပြည့်
ကူညီစောင့်ရှောက်မှုပေးတဲ့ စေတနာ့ဝန်ထမ်းတွေ
အပြည့်
အဲဒီမြို့ မှာ
လူမျိုး ကိုးကွယ်တဲ့ ဘာသာ
ဘာသာစကား အသားအရောင်
အတွေးအခေါ် အယူအဆ စတဲ့ မတူကွဲပြားခြင်းတွေကို
အားသာချက်အဖြစ် အသုံးပြုတတ်တဲ့
ယဉ်ကျေးမှုတရပ်
လူအဖွဲ့အစည်းမှာ အမြစ်တွယ်လာပြီ
အမုန်းစကားတွေ မရှိတော့ဘူး
မျက်ကန်းမျိုးချစ်တွေ အမြင်မှန်ရပြီ
အဲဒီမြို့ မှာ
စပါးခင်းတွေက ပန်းချီဆွဲကြ
စမ်းချောင်းကလေးတွေက တေးဆိုကြ
တောင်တန်းကြီးတွေက ကဗျာရွတ်ကြ
တောအုပ်တွေက ဆံပင်အရှည်ထားကြ
မြို
့လေးတမြို့ ဟာ
အိပ်မက်တခု
မက်နေရဲ့ … … … ။
ကိုချမ်းမှိုင်း
အောက်တိုဘာ
၂၀၁၆
Comments
Post a Comment