သစ်ခက်သံလွင် ၊ သမိုင်းအခန်းဆက်များ- ညီတင့်ရေး "ကျနော်နဲ့ မန္တလေး တက္ကသိုလ် သတင်းစဉ်- ဒုတိယပိုင်း"


ကျနော်နဲ့ မန္တလေး တက္ကသိုလ် သတင်းစဉ်
ဒုတိယပိုင်း
ပန်းချီစိုးဝင်းငြိမ်းမှပေးပို့
ကိုစိန်ဝင်းစာရေးပြီးရင် သူရေးထားတဲ့စာရွက်တွေဖိုင်ထဲမှာညှပ် မနော်ရမန် ရပ်ကွက်ကနေ အေလမ်း အတိုင်း စက်ဘီးကိုယ်စီစီး အနောက်တည့်တည့် ချီတက်ကြပါတယ်။ ၈၁ လမ်းရောက်ရင် နှစ်ယောက် က အောင်ကြီးအော့ဖ်ဆက်နေခဲ့ပြီး အဖုံးရိုက်ပါတယ်။ ကျန်လူတွေက ၈၃ လမ်း သစ်ဆန်းစာရိုက် စာကူး ပြေးရတယ်။ မျက်နှာဖုံးပြီးရင် သစ်ဆန်းကိုလာ။ သစ်ဆန်းကပြီးတာနဲ့ သတင်းစာခေါက်ကြရပါ တယ်။ သတင်းစာဆိုသော်လည်း ဖူးစကက်ပေပါခေါက်ချိုးကလေးပါ။ သတင်းခေါက်ပြီးရင် ကျနော်တိုအလုပ်ပြီးပါပြီ။ ကျန်တာ ဖြန့်ချိရေး ဂျပန်ကြီးတာဝန်။ သတင်းစာဘယ်နှစောင်ရိုက်တယ် ဘယ်လောက် ကုန်တယ်ကျနော်မသိပါ။ သစ်ဆန်းမှာ တခြားသတင်းစာရိုက်သူတွေလည်း ရှိပါတယ်။ 

 ယူသူဖောက်သည်တွေနဲ့စည်ကားပါတယ်။ အလုပ်ကမရှိတော့ စားဝတ်နေရေးခက် တော်တော်များများ သတင်းစာလှည့်ရောင်းကြတယ်။ ထွန်းအေးလည်း အချိန်ရရင် သတင်းစာလှည့်ရောင်းပါတယ်။
တရက်မှာသူငယ်ချင်းတယောက်က သတင်းစာလာယူတယ်။ သူကကျနော့်ကိုတွေ့တော့ ကိုမြင့်သစ် တက္ကသိုလ်က သတင်းစာပေးပါအုံးတောင်းတယ်။ ကျနော် သူ့ကို သတင်းစာအစောင် အစိတ်လား သုံးဆယ်လားမသိ။ ယူပေးပါတယ်။ ဂျပန်ကြီးက အယူမခံ။ ခင်ဗျားလိုချင် စောစောကစာရင်းပေးပါလားတဲ့။ ကျနော်က ဇွတ်ယူတယ်။ ဟေ့ကောင် ငါတညလုံးနေနေတာ စာရင်းပေးနေရဦးမှာလားလို့ဘုတောပါတယ်။ ဂျပန်ကြီးတဖျစ်တောက်တောက်လုပ်တယ်။ 

သူ့ကိုကျနော်မကြည်ပါ။ လူမိုက်ကြည့် ကြည့်ပါတယ်။ အမှန်က ဂျပန်ကြီးသူ့ဖောက်သည်နဲ့သူ နေ့စဉ်ရောင်းနေရတဲ့အလုပ်။ ကျနော်ဝင်ရှုတ်တော့ သူ့ခမျာဖောက်သည်တွေ ကြား မျက်နှာပျက်ရှာတယ်။ ကျနော်က ဂျစ်ကတ်ကတ်ကောင်ဆိုတော့ စိတ်မထင်ရင်မထင်သလိုလုပ်တတ် တာ သူမသိပါ။ ကျန်တဲ့သူငယ်ချင်းတွေကအကြောင်းသိတွေမို့ ဖာသိဖာသာနေကြတယ်။ သတင်းစာကကျနော့်လက် ကျနော့်ခြေလိုဖြစ်နေတော့ ဂျပန်ကြီးခမျာ နောက်ထပ် ဘာမှစောဒက မတက်ရှာပါ။ ကျနော်ဟာ သူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။ 

 သတင်းစာအပ်ပြီးတော့ ကျနော်တို့ လူစုခွဲ ဆိုင်ရာဆိုင်ရာပြန်ကြပါတယ်။ ကျနော်က လမ်းရှစ်ဆယ်သွား ရှမ်းခေါက်ဆွဲစားတယ်။ ပြီးတော့ တရုတ်တန်းက အမျိုးသားအထက်တန်း ကျောင်းမှာ ဖွင့်ထားတဲ့ ဗကသရုံး ထိုင်ရပါတယ်။ ကျနော်တို့ ခေါင်းဆောင်က ကိုတင်အေးကြူပါ။

ကျနော်တို့သပိတ်လှုပ်ရှားမှုကြောင့် စိန်လွင်ပြုတ်ကျတယ်။ ဒေါက်တာမောင်မောင် တက်လာတယ်။ ရပ်ကွက်ကနေမြို့နယ်၊ ခရိုင်၊ တိုင်းအထိ သပိတ်အင်အားစုတွေ စုစည်းမိကြတယ်။ အထက်ဗမာပြည်နဲ့ အောက်ဗမာပြည်ချိတ်ဆက်မိလာတယ်။
ဒါပေမဲ့ သပိတ်အရှိန်က ကျစကပြုလာပါပြီ။ ကိုယ့်သမဂ္ဂနဲ့ကိုယ် သတင်းစာထုတ် အလှည့်ကျ စစ်ကြောင်းချီ တက်။ ဒီလောက်ပဲလုပ်နေကြပါတယ်။ အစိုးရကိုမကျေနပ်လို့သာကျနော်တို့သပိတ်မှောက်ကြတာ။ ဒီမိုကရေစီလိုချင်တယ်အော်ကြတာ။ ဘာဆက်လုပ်မယ်ဆိုတဲ့တိကျတဲ့မဟာဗျူဟာမရှိပါ။ ဒီလိုသပိတ်အီနေချိန် ဦးနုက သူသာ တရားဝင်ဝန်ကြီးချုပ်အဖြစ်တည်ရှိကြောင်း စာထုတ်လာပါတယ်။ သူ့ဝန်ကြီးအစိုးရအဖွဲ့ကိုလည်း ထုတ်ပြန်ကြေညာပါတယ်။ မတ်လ ဖုန်းမော်အရေးအပြီးမှာ ဗိုလ်အောင်ကြီး စာထွက်တယ်။ ဒေါ်အောင်းဆန်းစုကြည်ရဲ့ပြည်သူသို့ မေတ္တာရပ်ခံစာလည်း ထွက်တယ်။

မရှေးမနှောင်းဦးနုရဲ့စာတစောင်လည်း ထွက်လာပါတယ်။ ကျောင်းသားလူငယ်များသိုတဲ့။ စာရဲ့အနှစ်ချုပ်ကကျောင်းသားတွေလုပ်တာ ဘဘထောက်ခံပါတယ်။ ဘဘကတော့ အသက်ကြီး ပြီ။ နိုင်ငံရေး မလုပ်တော့ပါ။ ဘာသာရေးပဲ လုပ်ပါတော့မယ်တဲ့။

ဘာသာရေးပဲလုပ်မယ်ဆိုတဲ့ဦးနုက သူသာဝန်ကြီးချုပ်   ဖစ်ကြောင်းကြေညာလာတာ မရိုးသားဘူးလို့ ကျနော် ထင်ပါတယ်။ ဒီတော့ သတင်းစာခေါင်းကြီးရေးပြီး ဦးနုကို ကလော်ပါတယ်။ ကျနော့်ရေးသားချက်က သပိတ်ကော်မီတီမှာ ပြဿ       နာဖြစ်လာတယ်။ တက္ကသိုလ်သတင်းစာဆိုတော့ တက္ကသိုလ် သပိတ်ကော်မီတီရဲ့အာဘော်ဖြစ်ပါတယ်။ ဒါကိုကျနော်က ကိုယ့်သဘောနဲ့ကိုယ် ခေါင်းကြီးရေးချလိုက်တော့ ဆရာတွေမှာ ကျနော့်ကိုထောက်ခံသူနဲ့ မထောက်ခံသူ ကွဲကြတယ်။ စည်းဝေးဆုံးဖြတ်ချက်အရ ခေါင်းကြီးရေးရင် သူတို့ကိုတင်ပြပါဖြစ်လာပါတယ်။ ညရေးရတဲ့ခေါင်းကြီးတင်ပြဖို့မဖြစ်နိုင်ပါ။ ကျနော်ကလူငယ်စိတ်ဆိုတော့ ဆရာများအဖွဲ့ အပေါ် နှာတင်းပါတယ်။
 

ဒီကြားထဲ အောင်ကျော်မိုးကို ပြန်ကြားရေးပေးလိုက်တဲ့သတင်းတခုက သတင်းအမှားဖြစ်နေတယ်။    အောင်ကျော်မိုး ထည့်လိုက်ရာ ပြဿ       နာတက်ပါတယ်။ နစ်နာသူတွေက သတင်းစာကတောင်းပန်ပေး ဖို့ ပြန်ကြားရေးက လာအရေးဆိုပါတယ်။ ကျနော်ကမင်းတို့ပြန်ကြားရေးသတင်းမှ မစိစစ်တတ်ဘူး လား တောင်းပန်မပေးဘူးကွာဆိုပြီး တင်းခံတယ်။ အောင်ကျောမိုးခမျာတဖက်ကလည်း ခြိမ်းခြောက်ခံရ။ ကျနော်က ဂျစ်ကတ်ကတ်လုပ်ဆိုတော့ စိတ်ညစ်စရာဖြစ်လာပါတယ်။ 
ဒီနေရာမှာ အောင်ကျော်မိုးနဲ့ကျနော် ပုဂ္ဂိုလ်ရေးဆက်ဆံမှုရေးပါရစေ။ ကျနော်ကျောင်းဆရာအလုပ်ကထွက် မဟာဝိဇ္ဇာတက်တော့ ကျနော့်နေရေးကို ရတနာပုံဟောကျူတာ ကိုကျော်စိုးက တာဝန်ယူတယ်။ စားရေးကို အောင်ကျော်မိုးက တာဝန်ယူပါတယ်။ ၈၇ စက်တင်ဘာ ငွေစက္ကူကြေညာတော့ ရန်ကုန်တက္ကသိုလ်များ နည်းတူ မန္တလေးတက္ကသိုလ်ကလည်း အုံကြွပါတယ်။
ကျနော်က ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး တိတ်တိတ်ကြိုးစားနေချိန်။ တက္ကသိုလ်ထဲမှာ ကျောင်းသား သတင်းပေးရှိတယ်အသံထွက်လာပါတယ်။ တက်ကြွလှုပ်ရှားတဲ့ကျောင်းတွေ မသင်္ကာသူ ကျောင်းသားနှစ်ဦး ရှိနေတယ်။ အဲဒီမှာ မောင်အောင်ကျော်မိုးက အရာရှိကြီးတဦးရဲ့ သမီးနဲ့အကြောင်းပါပါလေရော။ စစ်ရဲထောက်လှမ်းရေး နောက်ကြောင်းမလုံတဲ့ကျနော်ဟာ အောင်ကျော်မိုးကို ခပ်ခွာခွာဆက်ဆံပါတော့ တယ်။ ကျနော်ဘာကြောင့်သူ့ အပေါ်အေးတိအေးစက်ဆက်ဆံခဲ့သလဲ။ အောင်ကျော်မိုးမသိရှာပါ။ ဆရာတွေက ကျနော့်ကိုကြပ်အောင် ကျော်မိုးပြဿနာဖြစ်ဆိုတော့ ကျနော်အောင်ကျော်မိုးကို စိတ်ကောက်ပြ ပါတော့တယ်။ ဟေ့ကောင် မင်းတို့ ငါမလုပ်ပေးနိုင်တော့ဘူးဆိုပြီး နှစ်ညတိတိမသွား၊ အိပ်ရေးဝဝ အိပ်ပစ် လိုက်ပါတယ်။

 
၈၈ ကာလအတွင်း အောင်ကျော်မိုးကို စိတ်ကောက်တဲ့ အဲဒီနှစ်ညသာ ကျနော် အိပ်ရေးဝဝ အိပ်ခဲ့ရတာ ပါ။ နှစ်ညပြီးတော့ ကျနော် မနေနိုင်။သူတို့ကိုပစ်မထားရက်တော့ ကိုစိန်ဝင်းသင်္ချိုင်းကုန်းကို ရောက်ရပါတော့ တယ်။ ကျနော်မှောင်ရီရီရောက်သွားတော့ ဂျပန်ကြီး နဲ့ အောင်ကျော်မိုး ရောက် မလာသေးပါ။ ကျနော်စာ မရေးတဲ့ရက်မှာ ကျနော်တို့မြန်မာစာက ဆရာမဒေါ်တင်မာနွဲ့က စနေမနာမည်နဲ့ ဆောင်းပါးတွေ ရေးပါတယ်။ သူငယ်ချင်းတွေက တိုင်ပင်ထားကြပုံရတယ်။ ကျနော်ရောက်ရောက်ချင်း ဆီးပြောကြတယ်။ 

မင်းမကျေနပ်ရင် အောင်ကျော်မိုးနဲ့ခွဲထွက်မယ်။ ငါတို့ကိုယ်ပိုင် သတင်းစာလုပ်ကြမယ်တဲ့။
သူများတွေကိုယ်ပိုင်သတင်းစာလုပ်နေကြတယ်။ စောထွေက်အောင်သာလုပ် ရောင်းမကုန်မရှိပါ။ အမြတ်အစွန်းလည်း များတယ်။ ကျနော်တို့လုပ်ပေးတဲ့အမြတ်က လေးငါးခြောက်သောင်းတောင် ရှိနေပြီတဲ့။ ဒီရက်တွေအတွင်းမှာ ကျနော်ထမင်းနှစ်နပ် မစားရတာများတယ်။ သူငယ်ချင်းတွေလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ ခါတိုင်းလိုအပူမကပ်တော့ပါ။ တတ်နိုင်မယ်ထင်တဲ့ မာကြီးနဲ့မိသင်းဆီသွားပြီး ငါ့စာရွက်စာတမ်းဖိုးလေးပေးအုံးလို့ ထမင်းဖိုးလိမ်တောင်းပါတယ်။ ထမင်းဖိုးဆိုရင် သူတို့စိတ်မကောင်းဖြစ် မှာစိုးလို့ပါ။ ဆရာတွေကလည်း လစာမထုတ်ရ ကြပ်နေရှာတယ်။ ဒါပေမဲ့ ကျနော်တို့လုပ်နေတာ နိုင်ငံရေး ပါ။ ပြီးတော့ အောင်ကျော်မိုးကို ကျနော်သစ္စာမဖောက်ရက်ပါ။ ကျနော်ခွဲထွက်ရင် သူနဲ့ဂျပန်ကြီးပဲကျန်မယ်။ သတင်းစာထွက်နိုင်မှာမဟုတ်။ သူငယ်ချင်းပန်းချီဆရာတွေကလည်း ကျနော့်နောက်မှာ။ ကျနော်က သူငယ်ချင်းတွေကို ပြန်ချော့ရပါတယ်။ ခုတိုင်းပဲ ဆက်လုပ်ကြဖို့။
ကျနော်တို့တတွေ ပျော်ပျော်ပါးပါးကြီး ဆင်းဆင်းရဲရဲပြန်လုပ်ကြတာ အာဏာသိမ်းတဲ့အထိပါ။ ကျနော်ရေးတဲ့ခေါင်းကြီးတွေလည်း ဆရာတွေဆီ မတင်ရပါ။
စက်တင်ဘာဆယ့်ရှစ်ရက် ညနေအာဏာသိမ်းတော့ ကိုစိန်ဝင်းအိမ် သွားမရတော့ပါ။ ကျနော်နဲ့ဗကသကျောင်သားများ ရှမ်းစုဘူတာအရှေ့ဖက် မိုးတားတိုက်ထဲ ပိတ်မိနေကြပါ တယ်။ နေရာ အနှံ့သေနတ်သံတွေ ကားရတယ်။ ဘုရားကြီးတိုက်ထဲက အသံချဲ့စက်နဲ့ငြိမ်းချမ်းရေး ဆရာတော် က ပြည်သူကိုသတ်တဲ့စစ်တပ်ဟာသူပုန် စစ်တပ်ဟာ သူပုန်လို့ အသံဝင်အောင် ဟစ်အော်ပါတယ်။ ဆရာတော့်အသံဟာ သေနတ်သံတွေကြား မြုပ်သွားပါတယ်။ 


တညလုံးကျောင်းတိုက်ထဲက ရေတွင်းနံဘေးထိုင်နေကြရတယ်။ မနက်လင်းတော့ လူစုခွဲရပါတယ်။
ကျနော်လည်း ကိုစိန်ဝင်းအိမ်သွား စာရွက်စာတမ်းတွေမီးရှို့ဖျက်ဆီးပေးပါတယ်။ ကျနော်တို့အသုံးပြုထားတဲ့စာရွက်စာတမ်းတွေက တပုံတပင်ပါ။ သူ့အိမ်က သင်္ချိုင်းနဲ့မျက်နှာချင်းဆိုင်မို့ မီးရှို့လိုရတာ။ မီးခိုးလဲမလုံးအောင် ဖြည်းဖြည်းချင်း ရှို့ရပါတယ်။ ကျနော်တို့ရှို့လိုက်တဲ့မီးခိုးတွေပြာစတွေဟာ လေအဝှေ့မှာ သင်္ချိုင်းကုန်းထဲ တဖွဲဖွဲကျသွားပါတော့တယ်။ ။
ညီတင့်
 (ဂျာနယ်ဓာတ်ပုံများကို ပန်းချီစိုးဝင်းငြိမ်းမှာ ပေးပို့ဝန်းံပါတယ်။)
 
နောက်ဆက်တွဲ။ ။  တက္ကသိုလ်သတင်းစဉ်ဆယ့်ရှစ်စောင်ထုတ်ဝေနိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ရဲ့လှုပ်ရှားမှုသမိုင်းကိုလေ့လာမယ်ဆိုရင် တက္ကသိုလ်သတင်းစဉ်ကို ချန်လှပ်ထားလို့ မရပါ။ အဲဒီသတင်းစဉ်ကို သိမ်းဆည်းထားသူရှိပါတယ်။ ကျနော်ရေးတာကို သက်ဆိုင်သူများ လိုရင်ဖြည့်ပေး ပါ။ မှားရင်ပြင်ပါ။ ကိုစိန်ဝင်းတယောက်ကတော့ ကွယ်လွန်ရှာပါပြီ။ ဂျပန်ကြီးနဲ့အောင်ကျော်မိုးလည်း ကျနော့် ကို ခွင့်လွှတ်ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အာဏာသိမ်းပြီးနောက်ထုတ်တဲ့ သမဂ္ဂစာစောင်တွေ အကြောင်း ရေးပါဦးမယ်။

Comments