Thursday, November 17, 2016

k

သစ်ခက်သံလွင် အက်ဆေး၊ ကြည်ဇော်အေး ရဲ့ "နှစ်ငါးဆယ် မှတ်စု "



 နှစ်ငါးဆယ် မှတ်စု

ကြည်ဇော်အေး

ပန်းချီ မုတ်သုန်


၁။

' ၂၀၁၀ ကမ္ဘာ့ ဖာလားပွဲပြီးတော့ ကြည်ဇော်အေး ခြေဖဝါးကွဲသွားတယ်
ပုလင်းကို တန်ဘိုးမထားတဲ့ကောင်
မင်းလည်း အသဲကွဲမှာပဲ ' လို့ 
ကိုလှသန်းက သူ့ကဗျာထဲမှာ ရေးခဲ့တယ်။ 

တကယ်တော့ ကျနော်တို့မိခင်တပ်ရင်း သမ္မတကမ်းခြေညတွေဟာ အထိခိုက်အကျဆုံး များခဲ့ပါတယ်။ အိမ်နိမ့်စံ ကဗျာဆရာဘဝများဟာ အရောင်အသွေးစုံလင်ပေမယ့် မတောက်ပခဲ့ကြပါဘူး။ ကျနော်တို့ဟာ အဲဒါကိုဘယ်သူမှလည်း အထူးတလည် ဝမ်းနည်းမနေခဲ့ကြပါဘူး။ ပျော်ပျော်ပါးပါး ချီတက် ရဲရဲရင့်ရင့် ကျဆုံးခဲ့ကြ။

ထိုသို့ မိမိကိုယ်မိမိ ကိုယ်ရည်သွေးရမှာ အင်မတန် ရွံရှာကြတဲ့လူတွေရဲ့ စားပွဲကိုမှ မိုးတွေသည်းသည်း မဲမဲကြီးအောက် ' ငါက သတင်းသမားကွ ' ဆိုတဲ့လူတယောက်ဟာ မျက်စိလည်ရောက်လာ။ ထို့နောက် ပုလင်းရိုက်ခွဲသံ။ ထို့နောက် အရေးပေါ်လူနာဌာန။ ထို့နောက် ဟိန်းမြတ်ဇော်။ ညီညီလွင်။ မိုးဝေး။ အံ့ဘွယ်ဇင်။ ကွန်စစ်ကောင်း။ ကိုယဉ်ထွေး။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၅ / ၆ ပေါ်ဝယ် အူလည်လည်။ ကိုယ့် ခုတင်လှေကားရင်းမှာ တလောင်းပြီးတလောင်း။ ဓာတ်လှေကားထဲမှာ အလောင်းတလောင်းနဲ့ ကျနော်ဟာ အတက်အဆင်း။ 

ထားပါတော့။ ပေါ့ပေါ့ပါးပါးပြောမယ်ဆို ထားလိုက်ပါတော့။ ထို့နောက် စိတ်ပျက်ညည်းငွေ့ဖွယ်ရာ တော မြို့လေးတမြို့မှာ ကိုယ့်ကိုယ်ကို ပြန်ပြီးအသားကျအောင် နေရာချထားရတာ နည်းနည်းတော့ ခက်ခဲပါတယ်။ ရည်ရွယ်ချက်မဲ့လူငယ်တချို့။ စိတ်ဂယောင်ခြောက်ခြား လူကြီးတချို့။ ဆေးသမားတွေနဲ့ အရက်သမားတွေ များတဲ့ ဒီမြို့လေးမှာ အရက်သမားဟာ လူလိမ္မာပဲဆိုတဲ့နေ့များ။ 
ကိုယ့်မီးကိုယ်လှုံပြီး ကိုယ့်ဆောင်းကိုယ်ဖြတ်သန်းခဲ့ရနေ့များ။ အလိုမကျမှုနဲ့ တစိမ့်စိမ့်နေ့များ။ အဆိုးမြင်တာဟာ အမှန်တရားနဲ့နီးစပ်တယ်လို့ ထင်မှတ်ခဲ့တဲ့နေ့များ။
၂၀၁၀ နေ့များပေါ့။ 

ထို့နောက် အပြောင်းအလဲသတင်းများဟာ သတင်းစာတွေ ဂျာနယ်တွေထဲမှာ ခပ်စိပ်စိပ်နေရာယူလာ။ ညီအကိုမသိတသိအချိန်။ တိုင်းပြည်တခုရဲ့အပုတ်ချိန်။ ရေဒီယိုမိန့်ခွန်းက မိန်းမတယောက် လစဉ် ရာသီ လာနေသလို။ လူတွေရဲ့ပါးစပ်ထဲမှာ နိုင်ငံရေးဟာ အပတ်စဉ်ထုတ်ဂျာနယ်တစောင်လို အချိန်မှန်မှန် တဖျတ်ဖျတ်လန်လို့။ လေထဲမှာ။ ကြိုးဟာတန်းတန်း။ ကျနော်တို့တိုင်းပြည်ဟာ ကြိုးတန်းလန်းကြီးနဲ့လေထဲ မှာပေါ့။ 

၂။ 

နှစ်ပေါင်းငါးဆယ်ကျော်။ တိုင်းပြည်တခုရဲ့ ကံကြမ္မာဟာ သိပ်ကြောက်စရာကောင်းခဲ့ပါတယ်။ ဘဝအဆက်ဆက်က ဝဋ်ကြွေးပါလာခဲ့ကြသူတွေလို ခါးစည်းခံခဲ့ကြ။ တော်လှန်ကြ။ ကျဆုံးကြ။ တက်ကြွကြ။ ဝန်းရံကြ။ ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူများတဲ့။ 

ကျနော်နားလည်ဖို့အတော်ကြိုးစားခဲ့ရတဲ့စကားပါ။ ယုံကြည့်ချက်ဟာ ဒီနိုင်ငံဒီတိုင်းပြည်မှာ အကျဉ်းချခံရ သလား။ ဒါဆို ဒီတိုင်းပြည်ကလူတွေဟာ ဘာကိုမှမယုံကြည်ရတော့ဘူးလား။ နတ်တွေ ဘုရားတွေ ဘိုးတော်တွေ သရဲတစ္ဆေတွေ ယုံကြည်တာကျတော့ အကျဉ်းချမခံရတော့ဘူးလား။ 

ကျနော့်အတွေးဟာ သွေးထွက်လွန်နေတဲ့ ဒဏ်ရာတခုလို။ ကျနော့်ဦးခေါင်းဟာ လမ်းကြိတ်စက်ရှေ့ က ကျောက်ခဲတလုံးလို။ ခင်ဗျားတို့ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကြီးကို ကျနော်ဟာ စင်းနှီတုန်းပေါ်က ငါးတကောင်လို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်လို့ ။ အရူးမီးဝိုင်း ဆိုတဲ့စကားဟာ ဘယ်သူတီထွင်ခဲ့မှန်း မသိပေမဲ့ အတော်ထိရောက်ပြီး အတော်လေး ရက်စက်ရာကျပါတယ်။ ကျနော်ဟာ အရူးမီးဝိုင်းပါ။ ဒါပေမဲ့ ကျနော့်ဆီကို မီးသတ်ကားတွေမလာကြပါဘူး။ မီးသတ်ကားတွေရှိရာကိုသာ ကျနော်သွားခဲ့ပါတယ်။ 

၃။

နှစ်ငါးဆယ်

ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။

ငါတို့ဘ၀ ငါတို့ကမ္ဘာ
ယောက်ယက်ခတ်မောပန်းဆဲ။

ငါဟာ
အနာဂတ်ကို အမှိုက်ပုံထဲမှာ
တူးဆွရှာဖွေနေတဲ့ သူတောင်းစား။

ငါဟာ
အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့
ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။

ငါဟာ
ဒုက္ခသည်စခန်းထဲက
ခြေတဖက်ပြတ် တိုင်းရင်းသား။

ငါဟာ
ဒဏ်ရာရနေတဲ့ဆေးရုံ။

ငါဟာ
ထမီသခိုး။

ငါဟာ
ယောင်ခြောက်ဆယ်ပညာတတ်။

ငါဟာ
လောက်တဖွားဖွားကျနေတဲ့
အကျင့်ပျက်ဝန်ထမ်းတယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လောက်တကောင်။

ငါဟာ
ကလေးစစ်သား။

ငါဟာ
အရက်သမား။

ဟေ့
မိုဟာမက် ဘိုအာဇီဇီ
ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။

ဟေ့
ပရိုတက်စတာတို့
ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။

ဘုရား ဘုရား
ကျောထောက်နောက်ခံအပြည့်အ၀နဲ့
ဟူစနီမူဘာရက်ပါလား။

ဘုရား ဘုရား
ကမ္ဘာပေါ်မှာ
စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။

ဘုရားဖူးထွက်ရုံနဲ့
တရားထူး မရခဲ့ကြသူတွေလို
ရွေးကောက်ပွဲတွေနဲ့ လွှတ်တော် အဆောက်အအုံတွေကြား
မျက်စိလည်လမ်းမှားခဲ့ကြပေါ့။

လိုက်နာရန်သာတာဝန်ရှိပြီး
ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို
လက်မှတ်ထိုးခဲ့ကြပေါ့။

ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့
မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့
ကျောင်းသားလေးတယောက်ရဲ့
ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တဖက်လို
ငါဟာ မျက်စိသူငယ် နားသူငယ်။

အရက်ဖြူဆိုင်ထဲက
ကြက်ခြေထောက်ရိုးတချောင်း လမ်းပေါ်ကျလာသလို
မျှော်လင့်ချက်တခု ငါ့ရှေ့ကျလာတော့
ခွေးဝဲစားတကောင်လို
ငါဝမ်းသာခဲ့မိပေါ့။

ရယ်ရတယ်
ဘာလို့ ရယ်ရသလဲဆိုတော့
'စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို
အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း ' ဆိုလို့
ရယ်ရတယ်။
ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက
ငါပြန်တောင်းစားနေရ။

အသားတိုးမွေးမြူရေးကြက်လို
ငါ ဖွံ့ဖြိုးတိုးတက်နေရ။

'ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး' ဆိုတဲ့
ဦးပုညရဲ့သကြားလိမ်တေးထပ်
ငါ အမှတ်ရမိပေါ့။

ငါလမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားသွားတယ်
သတင်းတွေလျှောက်ဖတ်တယ်
ဘန်ကောက်ဟာ
လက်ပစ်ကူးနေတယ်
ဒမတ်စကတ်ဟာ
ပြားချပ်နေတယ်
ပြုံယမ်းဟာ
ရူးသွပ်နေတယ်
ဝါရှင်တန်က
ရန်ကုန်ကို နားစွင့်နေတယ်။

ရန်ကုန်ဟာ
နောက်ပြန်မလှည့်တော့ဘူးလို့
နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။

ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက
ဖောက်စထရော့တေးသွားသံတွေကြားမှာ
အနမ်းတွေ ပျံသန်းနေကြရဲ့။
ကွန်တိန်နာကြီးတွေနဲ့အပြည့်
ကတိက၀တ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။

အို မဏိမေခလာ
သံသယ ပင်လယ်ပြင်မှာ
ငါခြေကုန်လက်ပမ်းကျနေပါပြီ။

မြွေပွေးတကောင်လို
မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်
ငါ့ကိုအဆိပ်တက်လို့။

'ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိ' တဲ့
ဟုတ်ကဲ့
ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။

အော်
'ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်'
သတိရှိရမယ်
ဘယ်လိုသတိရှိရမလဲဆိုတော့
သတိရှိရမယ်
လူငယ်တယောက်ကို
အညွန့်တုံးစေနိုင်သောအရာများ
များစွာ
ထိုများစွာများထဲမှ
မူးယစ်ဆေးဝါးနဲ့
အတုအယောင်ဒီမိုကရေစီ ။


လူငယ်တယောက်ရဲ့မှတ်စုများ - မှ ( နောက်ဆက်တွဲ )