သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ နေစိမ့် ၏ ကဗျာများ

သားကောင်
Joan Miro
 စကြဝဠာက ကမ္ဘာကြီးကိုမြည်းတယ်
ကမ္ဘာကြီးက ခေတ်ကိုမြည်းတယ်
ခေတ်က သမိုင်းကို မြည်းတယ်
သမိုင်းက လူကိုမြည်းတယ်
လူက လူဆန်ခြင်း မဆန်ခြင်းကိုမြည်းတယ်
နိယာမက နိယာမကိုမြည်းတယ်
မနက်ဖြန်က ဒီနေ့ကိုစားဖို့ချောင်းနေတုန်း
ဗြုန်းခနဲ
ရထားတစီး ထိုးဆိုက်
စားကျက်ထဲမှာ အတုံးအရုံး
ငါ အပါအဝင် …။ ။

နေစိမ့်
လက်သည်
LiveAuctioneers
 အငွေ့လေးဟတ်လိုက်ရုံနဲ့တင်
အသက်ဓာတ်စုံလုးံကန်းသွားနိုင်တယ်ဆိုတာ
ခင်ဗျားကြားဖူးမှာမဟုတ်သေးဘူး
အသံကြားတာနဲ့
အိုဇုန်းလွှာ အပြင်ဘက်လွင့်ထွက်သွားမှာ
ခင်ဗျားကို ကိုယ်ထိလက်ရောက်ပြမယ်
အီဖယ်မျှော်စင်ကြီးချက်ချင်းလက်ငင်း
ကျွန်တော့်ပန်းခြံထဲ မ ရွှေ့လို့မရဘူးဆိုတာ
မော်ရင်ဟို ပြောသလို ကြိုသိထားသင့်တယ်
အဖြူအမည်းဘိုင်စကုတ်
စိတ်ပြေလက်ပျောက် ကြည့်ချင်ရင်တော့
ပထမကမ္ဘာစစ်ပွဲတွေရှိရာ
လမ်းညွှန်ပုရပိုက်ခဏငှားပေးပါ့မယ်
လုံခြုံရေးအရစိတ်ချလက်ချဖြစ်ပြီလို့ထင်ရတဲ့
ဗုံးခိုကျင်းအောက်မှာ
မြေမြှုပ်မိုင်းတွေထောင်ထားတာခင်ဗျားမှမသိဘဲ
စနက်တံတွေကခင်ဗျားလက်နဲ့ကိုယ်တိုင်
ဖြုတ်ရမှာ…။

နေစိမ့်
...
မင်္ဂလာညစာစားပွဲ 
Learnodo Newtonic
ညတွေကိုသိမ်းပိုက်ခံလိုက်ရ
မက်စရာအိပ်မက်တွေချောက်ချားလို့
ငါ့အတွေးဟာငါ့ခေါင်းထဲမှာမရှိဘူး
ငါ့အလောင်းဟာ
ဘိသိတ်ဆရာရဲ့စကားကိုအလွတ်ရွတ်ပြနေတယ်
သတို့သားနဲ့သတို့သမီးက
ညတာရှည်လွန်းတယ်လို့
ညည်းညူနေကြတယ်။

နေစိမ့်
ဖြတ်ထုံး 
Joan Miro'SJoan
မဟာပထဝီမြေကြီးကငါ့ဝိညာဉ်
ငလျင်ကိုခံနိုင်ရည်ရှိဖို့က
ငါကိုယ်တိုင်ငလျင်ဖြစ်လိုက်ရုံသာ
ဒါဟာ
ဓာတ်ကြီးလေးပါးရဲ့ပွတ်တိုက်မှု
သယံဇာတတွေစိတ်ဝမ်းကွဲမှု
အစုလိုက်အပုံလိုက်ရှိနေသေးတာက
ပြိုကျတဲ့အပျက်အစီးတွေလို
အသိုက်ထဲကြက်ဝင်ယက်သွားတဲ့အတိုင်း
တွေ့လား
စားခွက်လုနေကြတဲ့ငရဲသားတွေ
ကမ္ဘာသာပျက်သွားမယ်ဝေစုမတည့်တဲ့အပေးအယူနဲ့ 
ရာဇဝင်မှာမျက်နှာမများခဲ့တာ
ရေများရာရေမစီးခဲ့တာလာဘ်ပေးလာဘ်ယူကင်းရှင်းခဲ့တာ
သစ္စာတရားကိုမြင်းလိုစီးခဲ့ပါတယ်
အခု ဖြစ်ပျက်နေပုံက
သမိုင်းဝင်မှာမဟုတ်လို့ 
ငါ့ ရူးသွပ်မှုကိုကြိုတင်မှာကြားသူများအတွက်သာ…

နေစိမ့်







Comments