သစ်ခက်သံလွင် အက်ဆေး၊ ဒီလူည ရဲ့ " အိမ်မြှောင် "

အိမ်မြှောင် 
ဒီလူည

ဖေဦးစ



အိမ်မြှောင်၊ ။ န-၁ ၊  အဆောက်အအုံများတွင် ကပ်မြှောင်နေတတ်ပြီးစုတ်ထိုး တတ်သည့် သတ္တဝါငယ် တမျိုး။
 
၂။ မြောက်အရပ်ကို အမြဲညွှန်ပြ သည့် သံလိုက်အပ်ထည့်ထားသော ကိရိယာ။
       ( မြန်မာအဘိဓာန် ၊ စာ-၄၄၆)

       
*********

          လူတွေက ကျုပ်ကို အဲ့သလို အဓိပ္ပာယ် ဖွင့်ကြတယ်။ ကျုပ်က သက်ရှိလား။ သက်မဲ့လား။ ကိုယ့်ကိုယ်ကို ဇ ဝေဇဝါ ဖြစ်သွားတယ်။သေချာအောင်လို့ ကိုယ့်အမြီးကိုယ် ပြန်စမ်းကြည့်မိတယ်။ ရပါတယ်။ ဒီကမ္ဘာပေါ်မှာ လူတူမရှား နာမည် တူမရှားလို့ ကိုယ်လူတွေပြောနေကြတာကို ကျုပ် ကြားဖူးတယ်လေ။ ဒါကကိစ္စမရှိပါဘူး။ နာမည်တူရင်တောင် သမိုင်းက အဆုံးအဖြတ်ပေးမှာပဲ မဟုတ်လား။

          ကျုပ်က သက်ရှိပါ။
          ကျုပ်က တွားသွားသတ္တဝါငယ် တမျိုးပါ။
          ကျုပ်က မြောက်အရပ်တခုပဲသိတဲ့ ခပ်ညံ့ညံ့ သံလိုက်မဟုတ်ဘူး။
          ကျုပ်က အိမ်မြှောင်။

          ဒီတော့ ကျုပ်သိတယ်။ အရပ်လေးမျက်နှာမက အရပ်ဆယ်မျက်နှာ၊ အရပ်ဆယ့်ခြောက် မျက်နှာ ကျုပ် အကုန်သိတယ်။ ကျုပ်က ကိုယ့်လူတို့လို အလွတ်ကျက်ပြီး ပြောနေတာမဟုတ်ဘူး။ မကျက်ဘဲနဲ့ မှတ်သားပြီး သိတာလေ။ သိဆို ကျုပ်က အဲ့ဒီအရပ်မျက်နှာ အမျိုးမျိုးကို နေ့တိုင်းနေ့တိုင်း အစာရှာ ထွက်နေရတာဗျ။ ဒီလမ်းနဲ့ ဒီခရီး ဒီအရပ်မှကျုပ်မသိရင် ကျုပ်ဟာ အိမ်မြှောင် ဘယ်ဟုတ်တော့မှာလဲ။

*********

          တကယ်တော့ ကျုပ်တို့က အကောင်သေးပေမယ့် လောကကြီးကို အပေါ်စီးက ကြည့်နေတဲ့ သတ္တဝါဗျ။ ကျုပ်တို့က သနားစရာသတ္တဝါမဟုတ်ဘူး။ အပေါ်မှာရှိတဲ့ သက်ရှိနဲ့ အောက်မှာရှိတဲ့ သက် ရှိ ဘယ်ဟာကသနားစရာ ကောင်းလဲ တွေးကြည့်လေ။ တကယ်တမ်း သနားစရာအကောင်းဆုံးက ကိုယ့်လူတို့ပဲမဟုတ်လား။

စဉ်းစားကြည့်။

ကျုပ်တို့က ကိုယ့်လူတို့လို သက်ရှိ၊ ကိုယ့်လူတို့လို အသွေးနဲ့ကိုယ်နဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါ ပဲလေ။ ဒီတော့ ကျုပ်တို့ ကိုယ့်မနိုင်ဝန်ကို လွှတ်ချလိုက်တဲ့အခါ
      
 " ဟယ် ... အိမ်မြှောင် ချီးပါချတယ်တော့ ....ဒီတခါတော့ တဝိုင်းလုံး စားရပြီ " လို့ ဖဲချပ်တွေ ကုလားဖန်ထိုးနေတဲ့ မိတ်ကပ်ထူထူ လိမ်း၊ အရွယ်နဲ့မလိုက်အောင် နှုတ်ခမ်းနီ ရဲရဲ ဆိုးပြီး အဝါရောင်သတ္ထုတွေကို လူနဲ့မလိုက်အောင် ဝတ်ဆင်ထားတဲ့ အန်တီကြီးရဲ့စကားသံကို ကျုပ် တခါက ကြားခဲ့ဖူးတယ်ဗျ။ ကျုပ်ဖြင့် အံ့တွေဩလို့တောင်မဆုံးဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင် ကြီးသွားမိ တာပေါ့။ ကြီးဆို ကျုပ်တို့လို သတ္တဝါငယ်လေးတွေရဲ့မစင်စွန့်မှုက ကိုယ့်လူ တို့လိုသတ္တဝါကြီးတွေကို ကျေနပ်မှုတွေ ဖြစ်စေတာကိုး။ ကျုပ်တို့ရဲ့ အပေါ့အလေးသွားတာကအစ ကိုယ့်လူတို့ရဲ့ကံတရားကို ပြောပြနိုင်မှတော့ ကျုပ်တို့က ဘယ့်နှယ်သနားစရာ သတ္တဝါငယ်လေးတွေ ဟုတ်တော့မလဲ။
တွေးကြည့်လေ။ တွေးကြည့်။

မစင်ဆိုတာ မွှေးပျံ့ပြီး ကြည်နူးစရာတခုလို့ ကျုပ်တို့မကြားမိတာ အမှန်ပဲဗျ။ မစင်ဆိုတာ အော်ဂလီ ဆန်စွာ အနံ့ဆိုးဆိုး ရွံစရာကြီးမဟုတ်လား။ ကျုပ်တို့က မစင်ကို အဲ့သလိုပဲ သိထားတာ။ သက်ရှိ သတ္တဝါတွေထဲမှာ ဦးနှောက် အဖွံ့ဖြိုးဆုံး၊ အရွံ့တတ်ဆုံး ကိုယ့်လူတွေတောင် ကျုပ်တို့မစင်ကျ တာကို မရွံရှာနိုင်ဘဲ ပျော်ရွှင်ကျေနပ်နေမှတော့ စဉ်းစားသာကြည့်တော့ဗျာ။ ဘယ်သူက သနားစရာ သတ္တဝါ ဖြစ်တော့မလဲ။

**********
         
ကိုယ့်လူတို့အားလုံးကို ကျုပ်သိမ်းကျုံးပြီး ဝါးလုံးရှည် နဲ့ ရမ်းမရိုက်ပါဘူး။ တချို့တလေကို ပြောတာပါ။ ကျုပ်တို့ရဲ့မစင်က အဲ့ဒီအန်တီကြီးပေါ်ကျလို့ ကျေးဇူး အတင်ခံရတာပေါ့။ မတော်တဆများ ချစ်သူရည်းစားနဲ့တွေ့ဖို့ အဝတ်အစားအသစ်တွေ ဝတ်ထားတဲ့လူငယ်တယောက်အ ပေါ်ကျလို့က တော့ ကျိန်းသေတယ်။ ကျုပ်ကို ကျိန်ဆဲမှာဗျ။
         
ဒါ့ကြောင့် ကျုပ်ပြောတာ။ ကိုယ့်လူတို့က သနားစရာသတ္တဝါပါလို့ ။ အားလုံးတော့ မဟုတ်ဘူးပေါ့ဗျာ။
         
သိတယ် ဟုတ်။
          တချို့တချို့တွေ ပေါ့။

*********
         
ဘာ!!!
         
အပူအပင်ဟုတ်လား။ အဲဒီ စကားလုံးကို ကျုပ်တို့အသိုင်းအဝိုင်းမှာ မကြားဖူးဘူးဗျ။ ကျုပ်တို့နဲ့ အတော်လေးစိမ်းနေတဲ့ စကားလုံးပဲ။ ကျုပ်တို့မှာက နေ့ဖို့ညစာမလိုဘူး။ သားအတွက် သမီးအတွက် မလိုဘူး။ မိန်းမအတွက် မလိုဘူး။ ဘဏ်အကောင့်တွေမလိုဘူး။ ပိုင်ဆိုင်မှုတွေကို အမည်ပြောင်းထား ဖို့ မလိုဘူး။ ကိုယ်ထူ ကိုယ်ထပဲ။ ကိုယ့်လူတို့ မြင်တဲ့အတိုင်း ကျုပ်တို့ပိုင်ဆိုင်မှုက အကုန်ပဲလေ။ သိမ်းထားဖို့ မရှိဘူး။ ဝှက်ထားဖို့မရှိဘူး။ လုယူဖို့မရှိဘူး။ ခိုးယူဖို့ မရှိဘူး။ ဒီတော့ ကျုပ်တို့မှာအပူအပင် မရှိဘူးပေါ့။ ဒီတော့ ကျုပ်တို့မှာ အပူအပင်က ငေါထွက်လာတဲ့ အဝိဇ္ဇာတွေ မရှိဘူးပေါ့။ သွားချင် ရာသွား နေချင်ရာနေ ကျုပ်တို့က တကယ့် ဘိုဟီးမီးယန်းတွေ ပေါ့။
         
အချိန်ကျရင် နံရံတွေပေါ်နားနေတဲ့ ကိုယ့်ထက်ငယ်တဲ့အ ကောင်လေးတွေကို ဖမ်းပြီးစားမယ်။ ဒီနေရာမှာတော့ ကျုပ်တို့အသိုင်းအဝိုင်းနဲ့ ကိုယ့်လူတို့အသိုင်းအဝိုင်းနဲ့ အတူတူပဲ မဟုတ်လားဗျ။ ကျုပ်တို့လည်း ကိုယ့်ထက်ကြီးတဲ့ အကောင်တွေလာရင် ပြေးကြတာပဲ။ ကိုယ့်အသက်ကို အန္တာရာယ် ပြုမယ့် သတ္တဝါကြီးကြီးတွေရဲ့ရန်ကတော့ လွတ်အောင်ရှောင်ဖို့ အနေအထိုင် ဆင်ခြင်၊ မျက်လုံး တွေ ကို ကျီးကန်းတကောင်လို အလွတ်မပေးဘဲ ကြည့်နေရတော့တာပေါ့။ ဒီလိုပါပဲဗျာ။ ကြီးနိုင်ငယ်ညှဉ်း ဗေဒကို ကိုယ့်လူတို့ရောကျုပ်တို့ရော တရားဝင်မပြဋ္ဌာန်းဘဲ ဘယ်သင်ရိုးညွှန်းတန်းမှာမှ မသင်ရဘဲ သူ့အလိုလိုတတ်မြောက်ပြီး ကျင့်သုံးနေတာ ဘယ်လောက်ကြာပြီလဲ ဗျာ။
         
ဒီလိုပါပဲ။
         
ကိုယ့်အသက် ဆက်ရှင်သန်ဖို့ သူတပါးအသက်ကိုနှုတ်ပြီး ကိုယ့်အသက်မှာ ဆက်ရတာပဲ လေ။ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ကိုယ့်လူတို့ ပြောပြောနေတဲ့ 'စစ် ' ဆိုတဲ့စကားကို ကျုပ်တို့နေ့စဉ် ရက်ဆက်ကြားနေရတာပဲ။ ' စစ် ' ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ့်လူတို့လောက်တော့ ကျုပ်တို့မသိပါဘူး။ ကျုပ်တို့သိတာကတော့ " စစ် "ဆိုတာ တယောက်အသက် နဲ့ တယောက် အသက်ကို ဆက်ပေးနေတဲ့ အသွားမြမြ ချိတ်တခုပါပဲ ဗျ။ဟိုဘက် ဒီဘက် နှစ်ဘက် စလုံးရဲ့သွေးတွေ မျက်ရည် တွေကို ကျုပ်တို့က မျက်နှာကြက်ပေါ်ကနေကြည့်နေရတော့ မြင်ရတာပေါ့ဗျာ။
          ကျုပ်တို့က အပေါ်စီးကနေကြည့်နေရတာမဟုတ်လား။ ဒါ့ကြောင့်ပြောတာ၊ ကိုယ့်လူတို့က သနားစရာ သတ္တဝါတွေပါလို့။ အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ။
          သိတယ် ဟုတ်။
          တချို့တချိုတွေပေါ့။

****************

နောက်ဆက်တွဲ နိဂုံး


          အခါအားလျော်စွာ သင်သည် နံရံ မျက်နှာကြက်များကို အကြည့်ရောက်သွားတတ်ပါလိမ့်မည်။ ထိုအခါ အကောင်ငယ်လေးများကို ဖမ်းယူစားသောက်နေသော တွားသွားသတ္တဝါတမျိုးကို တွေ့မိပါ လိမ့်မည်။
          

ထိုတွားသွားသတ္တဝါငယ်ကို အိမ်မြှောင်ဟုသင်သိသောအခါ ………………… ။    ။


ဒီလူည


Comments