သစ်ခက်သံလွင် ကဗျာစင်မြင့် ၊ ဆလိုင်းမြတ်နိုးသူ ရဲ့ "အားလပ်ရက် ပျော်ပွဲစားထွက်ခြင်း "



အားလပ်ရက် ပျော်ပွဲစားထွက်ခြင်း
Pinterest












ရောဘတ်ရယ် ဗျက်သေးရယ် ကျနော်ရယ်
ပျော်ပွဲစားထွက်ခဲ့ကြ။မနက်ခင်းဟာ လှပပြီးလတ်ဆတ်လှတယ်။
ကျနော်တို့အားလုံးမှာ ထွက်ခွာရာမဲ့ပြ ဝိဘတ်တွေချည်းပဲ ရှိခဲ့။

ဂစ်တာတလက်။ ငါးမျှားတံသုံးခု။ ဆန်အရက်တလုံး။ တောထဲမှာ လူရိုင်းတွေရှိတယ် ပြောတော့ အားပါးတရ ခွက်ခွက်လန်အောင် ရယ်ဖြစ်ကြ။ တကယ်တော့ စိတ်ကိုပေါ့ပါးစေဖို့ ထွက်လာကြခြင်းပါပဲ။
လမ်းဟာ ဒီဇင်ဘာ ဆောင်းတွင်းညလို မရှည်လျားခဲ့
လူသေတွေဟာ တယောက်နဲ့တယောက်တီးတိုးဆိုနေကြတယ်
ကျနော်တို့သုံးယောက်ကိုကြည့်ကြပြီးတော့ပေါ့
ကျနော်တို့ချောင်းထိပ်ရောက်ခါစ
လူတွေရဲ့အသားကို ဖြတ်ညှပ်စလုပ်ပြီး ငါးတွေစားပါ့မလား
တယောက်က ပြောတယ်
လိုအပ်ရင် တယောက်ယောက်သေပေးရမယ့်ပုံပဲ
လူသေတွေကြားမှာ ရှင်ချင်ယောင်ဆောင်နေရတဲ့အကြောင်းပြောပြီး
အဲ့ဒီအကြောင်းအရာကို ငါးမျှားချိတ်မှာ တပ်လိုက်တယ်
နောက်တယောက်က ဂစ်တာကြိုးနဲ့ ညှိပစ်တယ်
ကျနော်က ခပ်မှန်မှန်နဲ့ကဗျာတပုဒ်ရွတ်ဖို့စိတ်ကူးတယ်
အားလုံးဟာ အသုံးဝင်လှတယ်

ရေဟာ ကြည်လင်ပြီး အေးစက်နေ
ပြီး ကျနော်တို့ကို အာရုံပြောင်းပေးပါတယ်
ဆန်အရက်ကိုစကားလုံးတွေနဲ့မြည်းကြဖို့လည်း သတိရကြတာပဲ
ငါးတွေဟာ ထွက်ပြေးလွတ်မြောက်ကြတော့
ကျနော်တို့ဟာ သဘောကျလွန်းလို့ ရယ်မောကြ
ရောဘတ်ကပြောတယ် သဘာဝကျကျ လွတ်မြောက်မှု။ လူ့အဖွဲ့အစည်း။လိင်။ ယဉ်ကျေးမှု။
ပြီးတော့ သူဟာ အသက်ထွက်သွားတဲ့ လူတယောက်လို ငြိမ်သွား။
ဒီလိုနဲ့ ဂစ်တာ သီချင်း ငါး လူ အပေါစား အပန်းဖြေမှုများ အတည်အပေါက်များကျခဲ့

တကယ့်အသက်က ရှိမှမရှိတာ
တကယ်ရှိမှမရှိတာ
အပြန်လမ်းမှာ ဒါတွေပဲ ရွတ်ပြီး ပြန်လာကြ
ဒါပေမဲ့ ဘယ်သူမှ အသံမှ မထွက်ခဲ့။



ဆလိုင်းမြတ်နိုးသူ
2016
Nov



Comments