အဝါရောင်မှတ်စုများ
![]() |
arttattler.com |
ပျင်းနေလားမေးတော့
ကျနော်ပျော်သွားပါတယ်
အိပ်ရေးပျက်မယ်နော်လို့ပြောတော့ ကျနော်အိပ်ရေးဝပါတယ်
တိမ်တွေနဲ့ကွယ်ထားလည်း လရောင်ဟာအမြဲရောက်အောင်လာ
နံရံပေါ်အတတ်အဆင်းလုပ်နေတဲ့အိမ်မြှောင်
ညကြီးထဲရေပိုက်ခေါင်းထဲက တစက်စက်ကျနေတဲ့အသံ
စိတ်ထဲအကုန်အရုပ်လာထင်နေပါတယ်
မောနင်း လို့ပြောတော့ ကော်ဖီခွက်ထဲကသေဆုံးယင်ကောင်တောင်
အသက်ရှင် ထပြန်သွားပါတယ်
ရှင်ကအရမ်းရယ်ရတာပဲဆိုတော့ အသံထွက်ပြီးရယ်မိပါတယ်
အရမ်းနောက်တာပဲဆိုတော့ ကျနော်ကြည်လင်ရပါတယ်
အိပ်ရေးဝရဲ့လားမေးတော့ သွေးသားတွေတောက်ပရဲရင့်လာပါတယ်
ကိုလံဘတ်ပြန်သွားတော့မှ
ကျနော်က နယ်မြေအသစ်ထပ်တွေ့ပါတယ်
တစ်ခုသောရွေ့လျားစကြာဝဠာထဲမှာ
ကျနော်က သက်ရှိပျံသန်းဂြိုလ်မွှားလေးဖြစ်ပါတယ်
ကြယ်ကြွေတွေထိုးဆင်းသွားတဲ့ဘလက်ဟိုးတွင်းနက်ကြီးထဲ ပြုတ်ကျခါနီး
သူကျနော်ကို ဆွဲယူကယ်တင်ခဲ့တာဖြစ်ပါတယ်
သူရောက်ရှိရာအရပ်ဆီ အမြဲလှည့်ငေးနေအောင်
နေရောင်ခြည်ဟာ နေကြာပင်လေးရဲ့မျက်နှာကိုဆွဲလှည့်ထားခဲ့ပါတယ်
လက်ထဲကပူဖောင်းလေး ဆူးတွေနဲ့မထိမိအောင်
ကျနော် ကာကွယ်နေပါတယ်
ခက်ခက်ခဲခဲ ကျနော်ပျော်ရွှင်နေပါတယ်
တဖျပ်ဖျပ်ကူးခတ်နေတဲ့ငါး ဘယ်အထိသွားမှာလဲဆိုတော့
ရေရှိသလောက် ကမ္ဘာကျယ်သရွေ့ပေါ့
စောစောအိပ်နော်လို့ပြောတော့ အိပ်ပျော်ပြီးသားဖြစ်နေပါတယ်
မင်္ဂလာပါ လို့ပြောတော့ ကျနော်မင်္ဂလာရှိနေပါတယ် ။ ။

ဆောင်းဝေ(နတ်မောက်)
14.10.2016
14.10.2016
…
ငှက်တကောင်ရဲ့မချိုသောနေ့များ
![]() |
josephewest.com |
နေ့တွေ မချိုဘူး
ကိုယ့်စိတ်နဲ့ကိုယ်
ပြန်ပြန် ရန်ဖြစ်နေရတယ်
သံယောဇဉ် အတုအယောင်တွေနဲ့
ခဏခဏ ငြိမိတဲ့
ငှက်တကောင်က ငါပါ။
မမြင့်တမြင့်ပျံပျံနေတဲ့
ငှက်တကောင်မှာလည်း
အတောင်းညောင်းတဲ့နေ့တော့ ရှိတတ်တယ်။
ဆွဲဆောင်မှုတွေသိပ်မလုပ်ပါနဲ့
စိတ်ကူးယဉ်နဲ့လက်တွေ့က
ဘယ်တော့မဆို ရန်ဘက်ပဲမဟုတ်လား။
မမှီခိုချင်သလို အမှီလည်း မခံနိုင်တဲ့
ခရီးသွားငှက်တကောင်က ငါပါ။
တန်းတူ ပျံသန်းဖို့မှ မယှဉ်နိုင်ခဲ့ရင်
လက်ကမ်းတာက အလကားပဲ ဖြစ်လိမ့်မယ်။
အကောင်းမြင်သမားလို
ကျရာနေရာမှာ ပျော်ပျော်နေနေတိုင်းလည်း
ဘဝဟာ ပြီးပြည့်စုံပြီတဲ့လား
တခါ တခါ
မရောင့်ရဲနိုင်မှုက စကားတီးတိုး ဆိုတတ်တယ်။
ဘဝဟာ ဘယ်အချိန်ကတည်းက မှားနေခဲ့သတဲ့လဲ။
ရွေးချယ်မှုမရှိခဲ့တဲ့ ဖြစ်တည်မှုအတွက်
လိမ်လိမ်မာမာနဲ့ အသုံးမကျတဲ့လူဟာ ငါပါ။
ကိုယ်တိုင်တည်ဆောက်မှုရဲ့ရလာဒ်က
သမားရိုးကျနဲ့ ရပ်ရပ်နေတတ်တယ်။
တိမ်မည်းတွေတောင်
ငွေရောင် အနားသတ်ရှိတဲ့အခါ ရှိတယ်
မိုးတွေ ရွာမယ်သိပေမယ့်
တိမ်ကြားထဲက နေခြည်ဖျော့တချို့ကို မျှော်လင့်သလိုမျိုး
ငါလည်း
စိတ်ကူးယဉ်ခွင့် ရှိပါရစေ။
သိင်္ဂါကျော်
…
ရန်ကုန်
![]() |
clicks.robertgenn.com |
လမ်းပေါ်လမ်းကထပ်အိပ်လို့
တိုးဝှေ့နေတဲ့ ရှုသံပြင်းပြင်းများ
တယောက်အသက်တယောက်ကပ်ထားရင်း
"ရန်အပေါင်းကုန်စင်သွားတဲ့"သူပေါ့
ခုတော့ သူမဟုတ်တော့သလို
တိမ်စွဲနေတဲ့မျက်ဝန်းနဲ့
ဒုက္ခပင်လယ်ကိုဖွင့်တယ်
ပန်းဆိုးတန်းတံတားတောင်
သူငယ်ပြန်သွားပြီ
အိပ်မက်မြို့ဟာ
မီးပွိုင့်ကိုမစိမ်းတော့ဘူး ။ ။
ကျော်ဇင်ငထင်
…
ဆောင်း
![]() |
altoonsultan.blogspot.com |
မြက်ဖျားပေါ်မှာ
သီးနေတဲ့ နှင်းကလေးကို
ချစ်တယ် ။
ပုလင်းအလွတ်ထဲကို
ဆောင်းရဲ့
အာငွေ့လေး ထည့်ကြည့်တယ် ။
မြူမှုန်တမှုန်မျှ
တန်ပြန် သက်ရောက်မှုမလို
ဆောင်းကို
အဲသလို ချစ်ရပါတယ် ။
သီးနေတဲ့ နှင်းကလေးကို
ချစ်တယ် ။
ပုလင်းအလွတ်ထဲကို
ဆောင်းရဲ့
အာငွေ့လေး ထည့်ကြည့်တယ် ။
မြူမှုန်တမှုန်မျှ
တန်ပြန် သက်ရောက်မှုမလို
ဆောင်းကို
အဲသလို ချစ်ရပါတယ် ။
ကိုခြူးလေး(MP)
Comments
Post a Comment