Thursday, October 13, 2016

Mimi Thaw

သစ်ခက်သံလွင်ကဗျာရှည်၊ ဒီလူညရဲ့ "EPISODE"



EPISODE
 
www.pinterest.com
အရှေ့အရပ်ဆီ ငါထွက်လာခဲ့တယ်
အနောက်ဘက်ဆီက အသိုက်ပြောင်းလာတဲ့ ငှက်တသိုက်ဟာ
သူတို့ချင်းနားလည်မယ့်ဘာသာစကားတွေနဲ့အော်ဟစ်ပြီး
ငါ့ကို ကျော်တက်သွားကြတယ်
ငါဟာ လေးဘက်လေးလံပိတ်ထားတဲ့ ရွှေငါးက လေးကိုနှုတ်ဆက်လိုက်တယ်
အပူချိန်က မလိုလားအပ်စွာ ပူပြင်းနေတာပဲ
ငါလှမ်းကြည့်လိုက်တော့
ငါ့အဖေက အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့
ရေတံခွန်တခုပေါ် ကုတ်တွယ်တက်နေတယ်
ငါ့အမေက မျက်စိတဆုံး ကမ်းမမြင်ရသေးတဲ့
ပင်လယ် ရေထဲငုပ်ဆင်းသွားတယ်
ရောင်စုံမီးလေးတွေကို ထွန်းထားကြတာပဲ
တိမ်တွေထဲမှာ ငါ မေ့လျော့ခဲ့တဲ့တံဆိပ်တွေက
ငွားငွားစွင့်စွင့် လှလို့ပလို့
ငါ့မိန်းမတောင် ပြောနေပြီ
တယ်လီနောက ငါ့ယောက်ျားထက်တောင်
message တွေ ပို ပို့သေးတယ်တဲ့
ငါ့အော်သံဟာ ငါ့ခေါ်သံနောက်မှာ အလိုမတူပဲ ပါသွားတယ်
ယပ်တောင်တွေပေါ်မှာ ရေးထားတဲ့ သံဝေဂတွေထဲ
ယင်ကောင်တွေတဝီဝီ ပျံဝဲနေတယ်
ခုံးထလာတဲ့ နှုတ်ခမ်းရာတွေက
ငါ့မျက်ကြည်လွှာထဲ ဖောက်ဝင်နေကြတယ်
ငါ့ချွေးပေါက်တွေက သိပ်များကျယ်နေသလားပဲ
ပြန်လည် ပြည့်ဖြိုးလာခြင်းမရှိတဲ့
နာတာရှည်ရောဂါသည် တယောက်လိုပေါ့
မှတ်ပုံတင်ထားပေမယ့် ပွင့်မလာတဲ့တနင်္ဂနွေတွေ
အခန်းဟာ ညဥ့်နက်နေတယ်
တိတ်ဆိတ်မှုတွေထဲမှာ ငါ့ရဲ့အသက်ရှူသံကို ပြန်စမ်းမိတယ်
လှမ်းကြည့်လိုက်တိုင်း မိုးရွာနေတဲ့မြင်ကွင်းတွေ
မြေပုံတချပ်ဟာ မိုးထဲရေထဲ ပဲ့ပဲ့ကျနေတယ်
အံဆွဲထဲမှာ ငါသိမ်းထုပ်ထားတဲ့ဓာတ်ပုံတွေဟာ
ငါ့ကို တအံ့တဩနဲ့ စိမ်းစိမ်းကြီးကြည့်လို့
ဒါနဲ့ ငါဟာပိတ်ထားတဲ့သော့ကိုဖွင့်ပြီး
လွှတင်ထားတဲ့စွန်ကြိုးကို မှန်စာတိုက်လိုက်တယ်
ချိတ်ဆွဲထားတဲ့ မှန်တင်ခုံရှေ့က စပယ်ပန်းလေးဟာ
ရနံ့တွေ သေသွားတယ်
အလွမ်းအဆွေးသီချင်းတွေဟာ ရုတ်တရက် ငါ့ဆီဝင်လာတယ်
ပြန်သွားလို့မရတော့တဲ့ အတိတ်ကသူငယ်ချင်းတွေနဲ့တွေ့တယ်
လွန်လေပြီးသော ဘဝဟာ သိပ်ကိုအရသာရှိတာပဲ
ငါ ဒီလိုတွေးလိုက်တယ်
ငါ့အတွေးထဲမှာ ကျောင်းပြေးချင်တဲ့ စိတ်တွေပါတယ်
ငါ့အတွေးထဲမှာ ပိုနီတေးဆံပင်ကို ဆီး(ဇီး) ရောင်ဆိုးထားတဲ့
အသားဖြူဖြူ လှတပတ ကောင်းမလေးတယောက်ပါတယ်
ငါ့အတွေးထဲမှာ ထမင်းစားတဲ့ဘက်ကို ကွေ့လာတဲ့
ကားစပါယ်ရဲ့ ဝေါဟာရတချို့ပါတယ်
ငါ့အတွေးထဲမှာ ငါ့အတွေးတွေ ပြန့်ကျဲနေတယ်
မြစ်ရေလို နောက်ကျိနေတဲ့ငြိမ်သက်မှုတွေဟာ
ငါ့လက်ကိုဆွဲပြီး အာ့လာပသလာပတွေ ပြောနေတာပဲ
ငါဟာ မိုးမိလာတဲ့အဝတ်ကိုလဲပြီး ဖျားနာမှုပေါ် လှန်းထားလိုက်တယ်
လေက ငြိမ်နေတယ်
နေရောင်ခြည်က မှိန်နေတယ်
ဆွဲဆွဲငင်ငင် အူနေတဲ့ခွေးဟာ မကောင်းဆိုးဝါးတကောင်ကို နေလို့လား
ငါ့အတွေးကို ငါ့လက်နဲ့ပဲ ကျွန်းပေါ်ဆွဲခေါ် သွားလိုက်တယ်
သစ်ရွက်တွေတအားကြွေနေတဲ့ နွေဟာ ရီဝေစေတယ်
သွေးခုန်နှုန်းတွေပေါ် ဖြူဖပ်ဖြူရော်နဲ့ နှင်းတွေဟာ
ငါ့ကိုမျက်နှာ လွှဲထားကြတယ်
ငါဝင်လာတဲ့ မြို့တံခါးမှာ ငါ မတွေ့ဖူး
ငါ မသိဖူးတဲ့လူတယောက်ရဲ့ပုံကို ချိတ်ဆွဲထားတယ်
ပုံပြင်ထဲကို ငါဝင်ဖို့ အချက်ပေးလိုက်တယ်
ဒီတော့ ငါဟာ
တရေးတမော အိပ်မယ့်ယုန်ကို မအိပ်အောင် ခြောက်လှန့်လိုက်တယ်
ဒီတော့ ငါဟာ
ချဉ်တယ်လို့မပြောအောင် စပျစ်သီးကို ခူးကျွေးလိုက်တယ်
ဒီတော့ ငါဟာ
မိုးပြိုတာမဟုတ်ကြောင်း ဥသျှစ်သီးကို မပြေးခင် အရင်ယူပြလိုက်တယ်
ဒီတော့ ငါဟာ
တံငါသည်ကြီးရဲ့အူထဲကို ကြိမ်လုံးတွေ ထိုးထည့်လိုက်တယ်
ငါ သတိရလာတော့ ငါ့နံဘေးမှာ ငါ့အတွေးက
ငုတ်တုတ်ထိုင်ပြီး ငါ့ကိုကြည့်နေတယ်
ငါ ဆက်တွေးဖို့ စဉ်းစားလိုက်မိတယ်
ငါဆက်မတွေးဖို့ ငါ့အတွေးဆီ ရောက်အောင်သွားလိုက်တယ်။    ။

ဒီလူည