သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ဝါကျဖြူ၊၊ မောင်ရဲနွေ၊ အခရာနှင့် ဝေယုတို့၏ကဗျာများ

စိုက်ပျိုးမိတဲ့ ပုစ္ဆာ
KT#
မြင်ကွင်းက
ဒီထက်မပိုတဲ့အဝတ်ကို
ကောက်စွပ်လိုက်ပေမဲ့
ငါနဲ့ငါရုပ်နာမ် တရားတွေ
စာရင်းထဲက ဖန်သားတွေ
တင်းမာမှုမရှိတဲ့မျက်နှာပြင် ။

ငုံ့ကိုင်းနေတဲ့အလင်းဟာ
ဆောင်းဦးကို
ညွှတ်ကိုင်းလွန်းတယ်လို့ မထင်ကြဘူးလား
အရိပ်မြင်တိုင်း
အသံပေးပြီး နောက်ဆုတ်ခဲ့ရတဲ့
မှန်ချပ်တံခါးတွေက
ဘဝဟာ အရိပ်မိုးလွန်းတယ် ။

အရေပြားအောက်ကလူအဖွဲ့အစည်းတွေ
ဒီသောကဟာ
ဘတ်စ်ကားစောင့်ရင်း
အမြှုပ်ထရုံထ ပွက်လိုက်သလို
မြေနုမြစ်ဝှမ်းတခုလုံး
ရေဖုံးသွားသလို ငါ ။

ဘယ်သူက ဘယ်သူ့အတွက်မှ
ပျောက်ရှကျန်ရစ်ခဲ့တဲ့
လေထဲကအနံ့အသက်မဟုတ်
ဝေးကွားလွန်းတဲ့ အတောင်ပံတွေလို
ဟန်မပျက် ပြန်လာထိုင်နေတဲ့ ဆောင်းဦးကို
မနေ့ကဖတ်ပြီးတင်ထားတဲ့စာအုပ်တအုပ်
ဒီနေ့လည်းဖတ်ပြီး ပြန်တင်ထားမိဦးမှာပဲ ။

ဘဝဟာ
အသက်ဓာတ်နဲ့ မလွတ်မြောက်သရွေ့ပေါ့ ။

ဝါကျဖြူ
27.10.2016
တန်ဖိုး
KT#
 နို့ရည်ချိုချို
မျက်ရည်စို
ငို
ပြိုလဲခဲ့...မိုး..။
နို့ရည်တစက်ဖိုး မကျေရင်နေ
မျက်ရည်တစက်ကျအောင် ကျေးဇူးမကမ်းနဲ့...
သား..ကမ်းခဲ့လားအမေ
အမေမရှိမှ
ပိုသိတဲ့နို့ဖိုး
အမေမရှိမှ
ပိုသိတဲ့တန်ဖိုး
နို့တစ်စက်ဖိုးကျေ
ကျေးဇူးပါ..အမေ

မောင်ရဲနွေ
တရောင်ထဲဆေးစက်  
KT#
 အဖြူပေါ် အဖြူဆင့်
မရှိခြင်းတော့ မဖြစ်နိုင်ဘူး။
ထပ်ထပ်ခြယ်လည်း အဖြူ...
ပါးလျားသွားလည်း အဖြူ...
ဇာတ်တိုက်ထားတဲ့ ဆေးစက်ဆိုတော့
အရသာတော့ မဲ့နေမှာပေါ့။
အရောင်တွေ
အစွန်းထင်းမခံတဲ့အခါ
အစစ်မှန်တရားဟာ ဗလာ။ 

အခရာ
26,10,2016
ချစ်ခြင်း၏
 
KT#
ရေချိုး ပြီးသွားပုံများ
ပါးပြင်မှာ သစ်ရွက်ပုံသနပ်ခါးနဲ့ ။

ချစ်ခြင်း၏ ထော်လော်မှုများ
ချစ်ခြင်း၏ အမွှေးနံ့သာများ ။

အပြီးအပိုင်
ငါတို့
ဝရန်တာဘက် ထွက်ထိုင်မိကြရဲ့ မဟုတ်လား ။

နက်နက်ရှိုင်းရှိုင်းထဲ
မိုးရာသီရဲ့
နောက်ဆုံး မိုးပေါက်ကျသံများလို
နားနဲ့ ဆတ်ဆတ်များ ။ ။

ဝေယု

Comments