မန်ရှန်ဇုန်းမျှော်
အသက် ၂ နှစ်၊
လဂွေဘောမ်လန်း
အသက် ၆နှစ်
(ရှမ်းပြည်နယ်၊ မုန်းကိုးမြို့နယ်၊ ပူဝမ်ကျေးရွာမှ
လက်နက်ကြီးမှန် သေဆုံးခဲ့ရတဲ့ကလေး၂ ယောက်သို့)
အသက်၂ နှစ်နဲ့ ၆နှစ်ဆိုတာ
လူ့ဘ၀ကို စားစရာလို့ ထင်နေတုန်း
လူ့ဘ၀ကို ဆော့စရာလို့ မြင်နေတုန်း။
ခု
ဆော့လို့မရတော့
ခု
စားလို့မရတော့။
လူ့ဘ၀ဆိုတာ
မမြင်ဖူးသေးသူတွေအဖို့
သူတို့၂ ယောက်ကို ပြေးမေးလိုက်စမ်းပါ
သူတို့ ဘာဖြေမလဲ
မွေးကတည်းက ကြားခဲ့ရတဲ့ သေနတ်သံတွေ
မွေကတည်းက မြင်နေရတဲ့ အလောင်းတွေအကြောင်း။
လူ့ဘ၀ဆိုတာ
တကယ်တော့ စစ်ပွဲကြီးတခုပါပဲ
ကိုယ်ကလည်း မတိုက်ရဘဲ
ကိုယ်ကလည်း အလံမထောင်ရဘဲ
ကိုယ်သေတွင်းကိုယ်တူးပြီး
သေဖို့စောင့်နေရတာပါလို့ ဖြေကြမလား။
ခင်ဗျားတို့ဘာသာ
ဘာစနစ်ထောင်ထောင်
ဘယ်ခေတ် မှောင်မှောင်
ကျနော်တို့ စာသင်ချင်တယ်
ကျနော်တို့ အိမ်ပြန်ချင်တယ်
ကျနော်တို့ ကလေးလို နေချင်တယ်။
ခင်ဗျားတို့မှာ နားတွေမပါဘူးလား
ခင်ဗျားတို့မှာ နှလုံးသားတွေ မပါဘူးလား
လွယ်လွယ်နဲ့ ဆုတ်ဖြဲပစ်ရအောင်
ကျနော်တို့က စက္ကူတွေ မဟုတ်ဘူး။
ကျနော့်အစား
ကျောင်းသွားနေတဲ့ခင်ဗျားကလေး သေတယ် တွေးကြည့်ပါ
ကျနော့်အစား
ထမင်းစားနေတဲ့ ခင်ဗျားကလေး ဒဏ်ရာရတယ် တွေးကြည့်ပါ။
ထမင်းစားနေတဲ့ ခင်ဗျားကလေး ဒဏ်ရာရတယ် တွေးကြည့်ပါ။
နေတော့
ဒုက္ခသည် စခန်း
ဒုက္ခသည် စခန်း
စားတော့
နပ်မမှန် ထမင်းဟင်း
နပ်မမှန် ထမင်းဟင်း
သေမှ
ခများတို့ သေနတ်သံ မကြားရတော့တာ။
ခများတို့ သေနတ်သံ မကြားရတော့တာ။
မလိမ္မာတဲ့ ဘုရားသခင်လည်း
ခင်ဗျားတို့ရဲ့ ရူးနေတဲ့စစ်ကို မတားနိုင်။
လူ့ဘ၀ဆိုတာ
ဒုက္ခသည်စခန်းနဲ့ ယမ်းနံ့
မိသားစုမျက်ရည်
ဆော့စရာဆိုလို့ မြေမြှုပ်မိုင်းတွေပဲရှိတယ်လို့
ကျနော်တို့ ပြောပြလိုက်ပမယ်။ ။
တင်လတ်ကို
…..
ဆေးမှူးကလေးရဲ့ ပြောပြချက်
udu.ff.cuni.cz, 2 |
ငါ ငိုကြွေးပြီကောင်လေး...
ဆေးမှူးလေးရေ
စစ်ပွဲနံ့တွေရနေတယ်...။
တိမ်တွေဟာ သူ့မိုးစက်တွေကို
သိမ်းလိုပါလျှက် စွန့်ရသလို
ဝါထိန်စိုပြေ တောင်ယာတွေ
ငါတို့စွန့်ရလေတော့မယ်။
တောကောင်တွေ
ရွာမှာဝင်နေ၊ သေဆုံးတဲ့ရွာ
တေးသံပျောက်ဆုံး
မီးခိုးပျောက်ဆုံး
ကျောက်တုံးတွေတောင် သေနေသလို...။
ပုရစ်ကောက်သလို
ပုန်းတဲတွေ ဖြိုခံရလေတော့မယ်။
တချို့တလေလဲ
တသီတတွဲကြီး ဖမ်းခံရ
ပြန်တွေ့ကြတော့မှာ မဟုတ်ဘူး...။
တောင်ကျချောင်းရေကြမ်းတာမျိုး
အဆိုးရွားဆုံး သက်တမ်းတစ်ချိန်
အို ...ကျိန်စာတော်
သားရဲတွင်းကို ဖန်ဆင်းတော်မူတယ်..။
ငါတို့ရဲ့ မျှော်လင့်ခြင်းတွေ
ဆုတောင်းအပ်နှင်းနိုင်တဲ့
ဘုရားကျောင်းတွေ
မီးထဲ လဲလျောင်းခဲ့ရ
ပြာဟောင်းမြေမှာ မြက်ထောင်းထောင်းထ
ဆာလောင်တဲ့အခါကျမှ
ဗိုက်ဝတဲ့ကျေးဇူးတော်ကို ကြည်နူးရတယ်..။
ဘုရားသခင်ဟာ ဘယ်တော့မှ မအိပ်ဖူး
သူမြင်တယ်။
ကညင်ဆီ မီးဒုတ်လို
ထူးခြားထွန်းလင်းတဲ့
ကြီးမားအားရှိတဲ့ ဘုရားသခင်
ငါထင်တယ်..
အခုတော့ သူအလုပ်များနေတယ်။
မိုးကျမှ
မျက်နှာပြရတဲ့ မှိုပွင့်များလို
ငါတို့ရွာပုန်းတွေ
ဘယ်ရာသီအထိ ခိုရမလဲ။
လင်းနို့ငှက်တွေ အိပ်တန်းတက်သလို
ဘယ်ခါ အိမ်ကိုပြန်ရမလဲ။
စစ်ပွဲပြီးတဲ့အခါ
ပြန်လည်ရှင်သန်ခြင်းရွာ
တစ်ခါ ဖန်ဆင်းပါလိမ့်မယ်။
နားစွင့်စမ်း ကောင်လေး...
အဲဒါဟာ
ကျွဲချိုမှုတ်တဲ့ တေးသံထင်တယ်....။
ယောဟန်အောင်
၁၉၉၇ နိုဝင်ဘာ ၁၁။
Comments
Post a Comment