အဘိုး
နဲ့  မြေး
တော်လှန်ရေးတပ်သားတွေ ရွာကို ရောက်တော့
အဘိုးဟာ ဘယ်သူမှ အသိမပေး
ခါးတောင်းလေးမြှောင်နေအောင်ကျိုက်
စစ်ထွက် လိုက်သွားသတဲ့။
စစ်ကြောင်းတွေ ရွာထဲရောက်တဲ့ အခါ
ကျွန်တော်ဟာ ဘယ်သူ့မှမပြောအား
အထုတ်တထုတ်ကျောပိုး
ချွေးတပ်ထဲ ပါသွားတယ် ။
သင်းရည်လွင်
…
သမိုင်း
စာအုပ်အဟောင်းသေတ္တာ ထဲ
မြွေတကောင်လို ခွေလို့
တကယ်ဆို
စာမျက်နှာ ၆၉
စာကြောင်းရေ ၂၅
နဝမမြောက် စာလုံးမှာ
အဆုံးသတ်တာ
ဖြစ်ပုံက
သည်စာကို
ကြုံသလိုရေးလိုက်တာပါပဲ ။
သင်းရည်လွင်
…
ည
အကြောင်း
ခွေးအူသံကြားမှ
ည ပီသတယ် တခါတုန်းက ။
ပုန်းကျင်းလေးထဲ
အသက် ဖက်နဲ့ ထုတ်ထားတဲ့
မိသားစုများအကြောင်းတွေးတိုင်း
ညတွေမှာ
အကြောက်တရား
ခွေးတယ် အူနေပြန်ပါရောလေ ။
သင်းရည်လွင်
…
မီးပုံပွဲ
နေ့
နေသာသလို မြင်ကွင်းအတိုင်း
အမှန်တရားဟာ သေနတ်ဖြစ်တယ် ။
ပျင်းရင် မီးရှို့တယ်
ရွာကလေးရဲ့ မီးပုံပွဲ
အိမ်တိုင်မက
ဘဝတခုလုံးလောင်ခဲ့တာ
ကခုန်ပျော်ပါးသူတို့ 
ငါတို့ဘဝလို မလောင်ပါစေနဲ့ 
ဆုတောင်းကို
အမှောင်ထဲ ဗုံးလိုကြဲခဲ့ဖူးတယ် ။
သင်းရည်လွင်
…
မိုးထဲ
ရေထဲ
ခြေထောက်အပိုမပါလဲ
ထမင်းတောက နက်တယ်
တိမ်တွေထမ်းထားတဲ့ တောင်မှာ
ငါတို့ထမင်းတွင်းရှိသပေါ့
သည်လိုတွေးပြီး လျှောက်ခဲ့တာ
တောင်တွေဟာ
ငါတို့ခြေထောက်တွေ
မကြာခဏ သိမ်းယူသွားပေါ့ ။
သင်းရည်လွင်
…
ဒုတ်ထိုး အိုးပေါက်
ဘာသာစကား
အဟောင်းပဲ
ရွာအပြင်ထွက်ရတဲ့
စုန်းမ
ပါးစပ်
ဘုရားဘုရားတွေအတွက်
ချိန်ကိုက်ဗုံးတလုံး
ဇာတ်သိမ်းမကောင်းတဲ့
ရုပ်ရှင်
ခုထက်ထိ
လူရာမဝင်ဘူး
အမှန်တရား
။
သင်းရည်လွင်
…
ငြိမ်း
ချမ်း ရေး
နားထောင်လို့ကောင်းတဲ့ တယောသံပေါ့
လသာသာ ညတွေမှာ
ညမွှေးပန်းရနံ့လို စူးစူးနစ်နစ်
အိပ်မက်ဆိုတာတော့
ချစ်ဖို့ကောင်းတယ်။
သင်းရည်လွင်
Comments
Post a Comment