သစ်ခက်သံလွင် ကဗျာရှည်၊ ရွှေပိုးအိမ်(ပဲခူး)၏ "အဝေးမှာ ...."


 အဝေးမှာ…  

(ကဗျာရှည်)


ရွှေပိုးအိမ် (ပဲခူး)

 
therefugeeartproject.com
(၁)

တိမ်လို…
ကြိုးပြတ်စွန်လို…
ပိုင်ရှင်မဲ့ မျှော်လင့်ခြင်းလို…။

စတင်ခြင်းမှာအဆုံးမသတ်ရလို့
ပျော်ပိုက်ရာကနေ
စွန်လိုလွှင့်တင်ခြင်းခံခဲ့ရသူ။

ရင်ခွင်ထဲ ချွဲနေတဲ့ မိသားစုချင်း
မျက်လုံးချင်းသထာနေကြတဲ့
ထမင်းဝိုင်းနွေးနွေးနဲ့လည်းသွေခဲ့ရသူ။

သင်းတဲ့ မြေရနံ့ရယ်
မွှေးတဲ့ အမေ့ ပါးပြင်းရယ်
မီးအရောင်မှိန်တဲ့
ညအေးအေးလေးရယ်
ကိုယ့်ဘ၀ ကိုယ့်အသက်လို
တပ်မက်လွန်းခဲ့ရသူ။

ခုမှတော့ ယတြာလည်းချေမနေနဲ့
အကာအကွယ်မဲ့ နေအိမ်တလုံးကနေ
လူဖြစ်ခွင့်ကတ်ပြားတခုမရှိခဲ့
အစာရှာထွက်ခဲ့ရတဲ့ အိမ်ပြေးများလို…။

မိုက်မိုက်မှောင်တဲ့ညထဲ
တစ္ဆေမကြောက်တတ်တော့တဲ့ထုံကျဉ်မှုများ
ကျွန်တော့် တရေးနိုးအိပ်မက်မှာ
အမေ့နို့ရည်တွေ ရွဲရွဲနစ်
ကလေးတယောက်ရဲ့စိုးရွံ့ခြင်းတွေ
ကျွန်တော့်ရင်ထဲ ၀ပ်ဆင်းခဲ့ရပုံများ။

(၂)

ကျွန်တော့် ဂျာကင်အဟောင်းလေး
သိမ်းထားတုန်းလား
မီးပူမတိုက်တာကြာလို့
ကြွပ်ရွနေတဲ့ လည်ဂုတ်သားများ
မှိုနံ့စွဲနေတဲ့ လက်ဗွေရာများ
ကျွန်တော့် ဂစ်တာတလက်လည်း
ကြိုးပြတ်နေခဲ့တာကြာခဲ့ပေါ့။

မီးရောင်တွေနဲ့ တမြို့လုံးလင်းနေတဲ့မြို့ပါပဲ
ဒုစရိုက်မှုတွေနဲ့လည်း
လုံးလည်ချာလည်လိုက်နေတဲ့ မြို့ဟောင်းတခုပါပဲ
ပြေးထွက်လို့လည်းမဖြစ်သေးတဲ့
ဒုတိယနတ်ဘုရားဟာ
ကျွန်တော့်လည်ဂုတ်ကိုခွစီးထားတဲ့အခါ…။

ခေတ်သစ်နည်းပညာတွေနဲ့ အလှမ်းကွာတဲ့
ပညာရေးမှာ
ကျွန်တော် လူဖြစ်ရှုံးခဲ့ရတာလား
ကာယနဲ့ ချွေးလူးနေတဲ့အဖေ
ဉာဏမဲ့ ရိုးဂုဏ်နဲ့ အမေ
ကျွန်တော်ထိုးရမယ့်လက်ညှိုးဆန့်ချိန်မရခဲ့။

လက်ဖ၀ါးကြမ်းကြမ်းက
ရေကြည်ရာ မြက်နုရာ
ကျွန်တော်တို့ တေလေလူငယ်တသိုက်
ပေပေတေတေလွှင့်လိုက်တာ
မြက်ရိုင်းလွင်ပြင်ဟာ
အက္ခရာသေးသေးလေးပါပဲအမေ…။

(၃)

ရွှေ့ပြောင်းသွားလာခြင်းတွေထဲမှာ
တောလယ်ကမောလာတဲ့ကျွန်တော်
ရန်ကုန်ကိုစရွှေ့လာတုန်းက
အသားနက်ပြီးမျက်လုံးကြောင်ခဲ့တယ်
အစစအရာရာ
လင်းရှင်းပြီး
အစစအရာရာ
သတိထားနေရတယ်။

ကျွန်တော့် ပခုံးပေါ်စမတ်ကျကျထိုင်နေတဲ့
စကျင်ကျောက်တောင်းရဲ့ဖိစီးမှုက
ညီမလေးမက်တဲ့ စာသင်ခန်းလေးရဲ့
မျှော်လင့်ခြင်းအစပါပဲ
အဲဒီလိုအသွေးအသားမျိုးနဲ့
ကျွန်တော့်ပခုံးဟာ အသားမာတက်တက်လာ
ကျွန်တော့် စိတ်ဟာအမာရွတ်ချင်းထပ်ထပ်လာ
သဘောင်္ကျင်းမှာကျောက်ချထားသလို
စိတ်ကိုလည်း ကျောက်ချထားရ။

လုပ်ခလုပ်ခချင်းပေါင်းလို့
ကိုယ့်ဝမ်းစာကိုယ်တောင် မကျေလည်ချင်လာတဲ့
တစ်ဆို့မှုမျိုးက
ထမင်းလုပ်တိုင်းကို မျိုမကျခဲ့ဘူး
ကျွန်တော့်မြေပြင်တိုင်း
ဘာလို့ အလင်းမကျခဲ့ရပါလိမ့်အမေ။

ဗွက်နံ့တွေ ထောင်းထောင်းထနေတဲ့
အိပ်ခန်းကျဉ်းကျဉ်းလေးတွေထဲ
ကျွန်တော်တို့ တေလေများ
ထိုးသိပ်အိပ်စက်လို့
ဗွက်နံ့တွေ ထောင်းထောင်းထနေတဲ့
ခေါင်းပုံဖြတ်မှုတွေကြား
ကျွန်တော်တို့ ချွေးစက်များ
ထိုးသိပ်ပြုတ်ကျလို့
မျှော်လင့်ခြင်းနောက်ကို
မျှော်လင့်ခြင်းကတကောက်ကောက်လိုက်နေခဲ့ရပုံများ။

(၄)

အမေမွေးပေးခဲ့တဲ့မြေမှာ
ကျွန်တော် လူမဖြစ်တော့ဘူး။

အတန်းပညာမရှိ
အသိပညာနည်း
မိသားစုအတွက် မာနေတဲ့ ပုခုံးတွေကို
ခံတပ်လုပ်ပြီး
ရေမြေခြားမှာ
လူပြန်ဖြစ်ဖို့
ကျွန်တော့်ကိုယ်ကိုယ်
အသေကောင်လိုသဘောထားခဲ့တယ်အမေ။

လှမ်းကြည့်လိုက်ရင် တဖြည်းဖြည်း ဝေးကွာမှု
ရင်ဘတ်ညိုညိုအောက်က
နှလုံးသားကလှစ်ခနဲခါတယ်
ကျွန်တော့်မျက်ရည်တွေ
ခါးသက်နေရဲ့လား။

နိမ့်ကျမှုနဲ့ သိမ်ငယ်စိတ်ဟာ
ကျွန်တော့် ဂုတ်ပေါ်ကတဆင့်
တရွရွပြေးလာ…..။

ကူပေါ်လောင်ဖက်အဆင့်
လက်တိုလက်တောင်းအဆင့်
အောက်ဘက်ကိုထပ်ဆင်းလို့ မရတော့တဲ့ အောက်ခြေအဆင့်နဲ့
ကျင်းတ၀ပ်စာကို
ကုတ်တွယ်ထားတဲ့ ခြေထောက်တွေကြားမှာ
ငွေအသပြာတွေလည်းပါရဲ့
ဂုဏ်ငယ်စရာတွေလည်းခါးရဲ့။

မျိုးချစ်စိတ်တွေ မျိုးချစ်စိတ်တွေဆိုတာ
လူမျိုးခြားတွေရဲ့ နီစပ်စပ်မျက်နှာပေးတွေထဲ
လိမ့်ပိတ်အော်နေတော့တာပဲ
ဖိကြိတ်ထားတဲ့ သွားတွေကြား
ကျွန်တော့်သွေးက စပ်ဖျင်းဖျင်းစီးရဲ့…။

(၅)

ဒီတနှစ်တော့ ပြန်လာခဲ့ပါလား
နောက်တနှစ်တော့ အဆင်ပြေလောက်ရဲ့။

သူများအိမ်ယာမှာ
ကျွန်တော့်တို့ ချွေးစက်တွေကို
စက်နဲ့ ခြွေခြွေနေချိန်
ကျွန်တော်တို့အိမ်ယာရဲ့နွေးမြမှုက
အစိမ်းသက်သက် အရောင်မဲ့လို့။

(၆)

အနိုင်ကျင့်ခံရတဲ့ကလေးတွေ
သူတို့ အမေကိုပြင်းပြင်းပြပြ
ဆာလောင်နေကြတယ်
အကာအကွယ်မဲ့နေတဲ့ ကလေးတွေ
သူတို့ အဖေကိုအနွေးထည်လို
ခြုံထားချင်ကြတယ်

မေတ္တာဆိုတဲ့ တွယ်ချိတ်မှာ
ငါးတကောင်မှ မမိတဲ့သူများ
အကြောတင်းလာတယ်
ရိုင်းပြလာတယ်
ကျွန်တော့် ဖတ်စာအုပ်ကနေ
မြန်မာပြည်မြေပုံလေးကိုလက်နဲ့ကွယ်လို့
ဓားနဲ့ခြစ်ထုတ်မလို့
မလုပ်နဲ့
တုံးပိနေတဲ့ ဖားတွေရဲ့အော်သံ
အက်အက်ကွဲကွဲ။

ကွယ်ဝှက်နေရပြီး
ကွယ်ဝှက်စားရတယ်
ပညာတတ်က ကြိတ်ခြေတဲ့ အသားထဲကသွေးစတွေရယ်
အရောင်အသွေးကွဲ
ရင်ဘတ်မရှိတဲ့ငနဲတွေညှစ်ထုတ်လို့ ပန်းထွက်လာတဲ့သွေးစတွေရယ်
ပေါင်းလိုက်ရင်
ခြံတစ်ကွက်စာရနိုင်မလား
အိမ်တစ်ဝိုင်းစာ ပြည့်နိုင်မလား။

ပေါင်တန်ရှည်ရှည်နဲ့ အဖော်အချွတ်မလေးတွေရဲ့
အိတ်ကတ်ထဲ
ကျွန်တော်တို့ ဆန္ဒတွေကို
ထည့်မပေးဖြစ်အောင်လည်းထိန်းရသေး
သိပ်ခက်ပါတယ် အမေ
လွယ်သလိုလိုထင်ရပြီး
သိပ်လည်း နက်နဲပါတယ်။

(၇)

ဂျင်းဘောင်းဘီတွေ ပြဲစုတ်နေခဲ့ပြီ
ဆံပင်တွေ ရဲပတောင်းခတ်နေခဲ့ပြီ
ကျောလယ်ထိခပ်တည်တည် ဖားလျားချလို့
ဘ၀ကိုလည်း ဖားလျားချထားတဲ့ ငနဲ
မြေကြွက်တကောင်နဲ့ တူတူလာတယ်
ရေမကြည်မှန်းသိပေမယ့်
မြက်နုမလားလို့ စောင့်နေရတဲ့ ငနဲ။

တရားဥပေဒချင်းနီးစပ်တဲ့အခါ
ခွေးပြေး ၀က်ပြေး ပြေးလို့
ချိန်ခွင်အစောင်းအရွဲ့အတိုင်း
ကျွန်တော်တို့လည်းဒယိမ်းဒယိုင်ပါပဲ။

အမေမွေးတဲ့မြေမှာ
နေရာပျောက်နေတဲ့ ငှက်ဟာ
သူ့အတောင်ပံသူ ချိုးပြီး
အသံမပေးဘဲအိပ်ဖို့ပြင်တယ်။

ရောင်နီလည်းမလင်းတာကြာပြီ
ဂစ်တာလည်းမတီးတာကြာပြီ
ကျွန်တော် ဖတ်လက်စစာအုပ်လေးထဲ
အိမ်ပြန်ခွင့်လက်မှတ်လေးပြန်ရှာပေးထားဖို့
မေ့မနေပါနဲ့ အမေ။

ရွှေပိုးအိမ်(ပဲခူး)

Comments