ကိုယ်မတွေးပါဘူး
ကိုယ်မတွေးပါဘူး
တချိန်မှာ
ညနေခင်းထဲမှာ
ပင်လယ်ကမ်းခြေတခုမှာ
ခြေထောက်တွေကို
သဲထဲထိုးသွင်းရင်း
ကိုယ်တို့ ပြိုင်တူ ရယ်မောကြမယ်။
ကိုယ်မတွေးပါဘူး
နံရံသုံးဖက် မှန်နံရံတဖက်ရှိတဲ့ အခန်းထဲမှာ
အိပ်ရာခင်းဖြူဖြူဟာ
လှိုင်းတွေလို တွန့်လိပ်တက်အလာမှာ
မျက်နှာကြက်က မီးရောင်ဟာ
မင်းစိတ်ကြိုက်အရောင်လင်းစေပြီး
ထိုအလင်းလွှလွှထဲမှာ
ကိုယ်တို့ ဖွဖွလေးနမ်းမယ်
တရှိုက်မက်မက် နမ်းကြမယ် ။
ကိုယ်မတွေးပါဘူး
ရေငွေ့ရိုက်နေတဲ့ ရေချိုးခန်းထဲက
ကြည့်မှန်ကို လက်ဖဝါးနဲ့သပ်အချမှာ
ခေါင်းစည်းကြိုးတွေကို ဖြည်ချ
ဆံပင်တွေဟာ လေထဲမှာ
အဝတ်ဗလာ နတ္ထိမှာ
ရေနွေးဖြည့်ထားတဲ့ရေချိုးကန်ထဲမှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း
တယောက်ခန္ဓာကိုယ်မှာတယောက်
တစိမ့်စိမ့်ကြည်နူး အရသာ ရှိကြမယ်။
ကိုယ်မတွေးပါဘူး
အိပ်ရာအတူတူနိုးတဲ့မနက်ခင်းမှာ
တယောက်အကြောင်း တယောက်အိပ်မက်မှာ
မနက်ခင်းကဗျာ
မနက်ခင်းသီချင်းမှာ
ဒီမနက်ခင်းဟာ
ကိုယ်တို့ မနက်ခင်းပဲလို့
အတူတူ ရေရွတ်ကြမယ်။
ကိုယ်မတွေးပါဘူး
ကိုယ်ပျက်ကျတဲ့နေ့တွေမှာ
မင်းရဲ့အစိမ်းရောင် စာအုပ်ထဲမှာ
မင်းကို မီးရှို့သင်္ဂြိုဟ်ပြီး
ကျလာတဲ့ပြာထဲမှာ
ကိုယ့်ကိုမြှုပ်ထားတဲ့မြေအောက်အနက်
ခြောက်ပေအကွာ အခေါင်းထဲမှာ
အရာအားလုံးရဲ့အဆုံး
အရာခပ်သိမ်းရဲ့အလွန်မှာ
ကိုယ်ဟာ မင်းဥစ္စာ
မင်းဟာ ကိုယ့်ဥစ္စာအဖြစ်
သိပ်ကို ကျိန်းသေစွာ ရှိနေလိမ့်ဦးမယ်။
လူတို့ ဘာသာစကားဟာ
တနေရာမှာဆုံးသွားမယ်
ကိုယ်တို့ဝိညာဉ်ဘာသာစကားဟာ
အမည်မရှိသေးတဲ့ သွေးကြောမျှဉ်မျှဉ်လေးတွေကိုပါ
နားလည်နိုင်စွမ်းတယ်
ခန္ဓာကိုယ်တခုဟာ
နောက်ခန္ဓာကိုယ်ဆီ အမြဲဦးတည်နေတာ
အလိုအလျောက်ဖြစ်မှုတွေ
သွေးဟာ မျိုးတူရာဆီသာ စီးဆင်းနေမှုတွေ
ညနေခင်းထဲ တယောက်တနေရာပေမယ့်လည်း
ငါတို့ ဖန်ခွက်ချင်း ထိတိုက်မိသားပဲ
ငါတို့ နှုတ်ခမ်းချင်း စုပ်နမ်းမိသားပဲ
ငါတို့ရဲ့အလိုအလျောက်ဖြစ်မှုတွေဟာ
တနေရာမှာ ဆုံတွေ့နေကြသားပဲ
ဒီတော့ ကိုယ်ဘာတွေများ
တွေးနေဖို့လိုဦးမှာလဲ ကိုယ်မတွေးဘူး
ကိုယ်တကယ်
ဘာကိုမှ မတွေးပါဘူး ။ ။
ဂင်္ဂါဂူဂူး
၆၉ ၂၀၁၆
Comments
Post a Comment