သစ်ခက်သံလွင် ကဗျာရေးရာ၊ "အိုက်ချင့်၏ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အပိုင်း (၄)နှင့် (၅)" -ဘာသာပြန် မောင်သာနိုး

ခေတ်ပေါ်ကဗျာဆရာလက်စွဲ
ရေးသူ၊ အိုက်ချင့်(တရုတ်ကဗျာဆရာ)။

ဘာသာပြန်၊ မောင်သာနိုး

အမှာစကားများ
တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။
မောင်သာနိုး
တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။
အလင်းတိုက်
၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုး ကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။
နှစ်ကာလများ
ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိ သေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊ မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။ အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။
နှင်းခါးမိုး

ဇန်နဝါရီ ၂၊ ၂၀၀၈ ခုနှစ်
စိတ်ကူးတေးသီဘလော့
 
 ၄။ ကဗျာရဲ့ ဘာသာစကား

ကဗျာဆိုတာ ဘာသာစကားရဲ့အနုပညာ၊ ဒီတော့ အနုပညာရဲ့ဘာသာစကား လိုတယ်။ သာမန်ပဲ၊ တုံးတုံးပဲထင်ရပေမယ့် ကြွယ်ဝမှုပြည့်နေတဲ့ ဘာသာစကားကို ဖွေရှာပါ။
ဘာသာစကားဟာ မျိုးရိုးသဘာဝဆောင်သလိုခေတ်ရဲ့စိတ်ဓာတ်လည်း ဆောင်တယ်။
အကောင်းဆုံးဘာသာစကားဟာ တကယ့်ဘ၀က လာတယ်။ ဘ၀က ခွာလျှင် ဘာသာစကား မဲ့သွားတော့တာပဲ။ အထိခိုက်ဆုံး ဘာသာစကားဟာ ဘ၀ကို ပီပီပြင်ပြင်သရုပ်ဖော်တဲ့ဘာသာ စကားဖြစ်တယ်။
ကိုယ်စားပြုပေမဲ့ သိမ်မွေ့တဲ့ အရာများ၊ လှုပ်ရှားမှုများ၊ ခံယူချက်များကို ဖော်ပြဖို့ ရိုးရိုးနဲ့ ဆီလျော်တဲ့ဘာသာစကားကိုသုံးပြီးတော့သာ အနုပညာမြောက်တဲ့ စွမ်းပကားကို ရရှိနိုင်တယ်။
အရာဝတ္ထုတိုင်းရဲ့ညုကလိယာစ်ကို ဆုပ်ကိုင်နိုင်စွမ်းဟာ ကဗျာဆရာရဲ့အရေးကြီးဆုံး အရည်အသွေး ဖြစ်သင့်တယ်။
ခေတ်သုံး၊ လူထုသုံး ဘာသာစကားနဲ့ ပြောပါ။
ကဗျာရဲ့ဘာသာစကားကို ပြည်သူလူထုက နားလည်ရမယ်။
ဟောင်းလွန်းတဲ့အဖွဲ့အနွဲ့များကို အသိရှိရှိနဲ့ ပစ်ပယ်ပါ။ လတ်လတ်ဆတ်ဆတ် အစားအစာမှ ခံတွင်းတွေ့နိုင်တယ်။ ကလီရှေးဆိုတာ ပုပ်သိုးနေတဲ့ အစာပါပဲ။
သူများတွေ အကြိမ်ထောင်သောင်းသုံးပြီးသား နာမ၀ိသေသနများ၊ အီဒီယမ်များကို ရှောင်ပါ။ အရာတခုစီကိုဖော်ပြဖို့ ကိုယ်ပိုင်နာမ၀ိသေသနများ ရှာဖွေရမယ်။
အတွေးက ဘယ်လောက်ပဲ နက်နဲမြင့်မားပါစေ၊ ဘာသာစကားကတော့ ရှင်းရှင်းလွယ်လွယ် ရှိနေရမယ်။
မိမိရဲ့ဘာသာစကားဟာ ကိုယ်ပိုင်ဟန်ရှိမယ်။ သူတပါး မကြာမကြာ သုံးပြီးသား ရူပကကို ရှောင်ပါလေ။ ဒီလိုနည်းနဲ့သာ အရာဝတ္ထုတွေထဲကို ပိုမိုနက်နက်တူးဖောက်နိုင်စွမ်း ရလိမ့်မယ်။
မပျင်းပါနဲ့၊ ရူပကအသစ်တွေကို ကိုယ့်ခံစားချက်နဲ့ ရှာဖွေပါ။ ရာသီဥတုလိုက်ပြီး အ၀တ်အစား လဲပေးရသလိုပေါ့။
ခုန်လွှားပါ။ ဖြစ်စဉ်မှာ မလိုလားအပ်တဲ့အဆင့်တွေကို ဖြုတ်ပစ်ပါ။ ဆက်နွယ်မှုနဲ့စိတ်ကူးမှု အဆက်အသွယ်ကို ရှင်းလွန်းအောင် မလုပ်ပါနဲ့။ တခါတလေ အဆက်အစပ်မရှိဘူးလို့ ထင်ရတဲ့ အရာများမှာ အတွင်းချိတ်ဆက်ကလေး ရှိနေတတ်တယ်။
နက်နဲပါ။ ဒါပေမဲ့ နားလည်ဖို့လွယ်ပါစေ။ ထိခိုက်နိုင်စွမ်းပါစေ။ ဒါပေမဲ့ ဟန်ဆောင်ပန်ဆောင် မလုပ်ပါနဲ့။ ရှင်းလင်းပါစေ။ ဒါပေမဲ့ မတိမ်ပါစေနဲ့။
ဇာတ်လမ်းပြောရာမှာ ရှင်းလွန်းတာ၊ တည့်တိုးကျလွန်းတာဟာ ရေမကူးတတ်ဘူးရယ်လို့ စိုးရိမ်တကြီးနဲ့ စာဖတ်သူကိုတွဲပြီး လမ်းလျှောက်ပေးတာ ဖြစ်တယ်။
ဖြုတ်စရာကိုမဖြုတ်တတ်တာဟာ အရွတ်နဲ့အတူ အရိုးပါ ရောမွှေကြော်ပစ်တာ ဖြစ်တယ်။
မခုန်တတ်၊ မလွှားတတ်တာဟာ ကိုယ့်အဓိပ္ပာယ်ကို စာဖတ်သူက အကောက်မှား ရချည်သေး ဆိုပြီး ထိတ်လန့်တာပဲ ဖြစ်တယ်။
ချဲ့ကားပြောတာကို ကဗျာမှာ ခွင့်ပြုတယ်။
လီပိုင်ဟာ စိတ်အခြေအနေ (မုဒ) တရပ်ကိုဖော်ပြဖို့ ချဲ့ကားပြောဆိုတဲ့ ဘာသာစကားကို မြတ်နိုးခဲ့၊ သုံးစွဲရာမှာ အင်မတန်ကျွမ်းကျင်ခဲ့တယ်။ ကိုက်သုံးထောင်ရှည်တဲ့ဆံဖြူ၊ မြစ်ဝါရဲ့ရေတွေ နတ်ပြည် က စီးဆင်း၊ ပေသုံးထောင်နက် မက်မုံပွင့်ရေကန်... ဒါတွေအားလုံးဟာ နက်နက်နဲနဲ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြတယ်။ ဒါ လူအများစု မသုံးရဲတဲ့ဘာသာစကားမျိုးပဲ။ ဒီလိုချဲ့ကား ပြောတာ များကို သိပ္ပံစံတွေနဲ့ မဆုံးဖြတ်အပ်ဘူး။
ကဗျာတပုဒ်ကိုရေးဖွဲ့ရာမှာ ဒီကဗျာဟာ ပန်းချီကားတချပ်ဖြစ်ခဲ့လျှင် ဘယ်လို အနုပညာ နည်းလမ်း များ သုံးပေလိမ့်မယ်ဆိုတာကို ဖော်ပြပုံကနေ သိမြင်နိုင်တယ်။ ဥပမာ.. အမြန်ပုံကြမ်း ဆွဲတာ၊ သူတောင်းစားနဲ့အ၀တ်ဖာတဲ့မိန်းမတို့မှာလိုမျိုး၊ အောက်လိုင်းသက်သက်မျှ ရေးလိုက်တာ၊ ကောက်ရိတ်သူငယ်၊ ဆောင်းရေအိုင်၊ ရေငှက်တို့မှာလိုမျိုး၊ ဆီဆေး၊ အထီးကျန် မြိုင်ကန္တာ၊ လမ်းမကြီးတို့မှာလိုမျိုး။
တမင်သက်သက် ဂမ္ဘီရ (လျှို့ဝှက်အသိခက်) မဆန်ပါနဲ့။ ကိုယ့်စာဖတ်သူတွေကို ဖတ်ရင်း စကားထာတွေ အဓမ္မ မှန်းဆမခိုင်းပါနဲ့။ စကားလုံး ကစားတာတွေ မလုပ်ပါနဲ့။
ပင်ကိုလှနေတဲ့ မိန်းမဟာ လှဖို့အတွက် အ၀တ်ကောင်း အစားကောင်းပေါ် အားမထားပါဘူး။ အလှစစ်စစ်က ခန္ဒာကိုယ် ကျန်းမာမှုအပေါ် တည်ပါတယ်။
ဒီလို ပြောလိုက်တာဟာ အလှမခြယ်ရဘူးလို့ ပြောလိုက်တာ မဟုတ်ဘူး။
ကဗျာမှာပါတဲ့ အရေးကြီးဆုံးအပိုင်းက ကဗျာဆရာတွေးကြံထားတဲ့ နိမိတ်ပုံများရဲ့အလှပဲ ဖြစ်တယ်။ ဒီအလှဟာ ကဗျာရဲ့အတွင်းသားပေါ် လဲလျောင်းနေတယ်။
ကြီးမားတဲ့ ကဗျာစာကြောင်းတွေဟာ ကျယ်ဝန်းတဲ့အဓိပ္ပာယ်တွေ ဆောင်နေကြတယ်။ ဒဿန ဘာသာစကား ကြွယ်ဝတယ်။
အာဝဇ္ဇန်းကြွယ်ဝတဲ့ဘာသာစကားနဲ့အရာဝတ္ထုတို့ရဲ့အနှစ်ကို ဖော်ထုတ်ပြပါ။
ကြီးမားတဲ့ကဗျာစာကြောင်းတွေဟာ ဒဿနက ထွက်လာတယ်။
အရာဝတ္ထုတွေထဲက ပဋိပက္ခများကို ဆုပ်ကိုင်ပါ။ ပဓာနအပိုင်းတွေကို ရည်စူးပါ။ စာဖတ်သူတွေကို နက်နက်နဲနဲ ၀င်စားလာပါစေလိမ့်မယ်။
ကိုယ့်ရဲ့ကြွယ်ဝတဲ့ဘ၀အတွေ့အကြုံကို ရောင်ပြန်ဟပ်နေတဲ့ ရှင်းရှင်းလွယ်လွယ် ဒဿနပါဝင်တဲ့ အများသုံး စကားပြော ဘာသာစကားကို သုံးပါ။
လူ့ဘ၀အကြောင်း နက်နက်နဲနဲမတွေ့ဖူးလျှင် ဘ၀ရဲ့ဂမ္ဘီရသဘောကို ထုတ်နှုတ်မယူနိုင်စွမ်းပဲ ရှိနေလိမ့်မယ်။
ဘာသာစကား အလုပ်လုပ်ပုံကိုနားမလည်လျှင် စာဖတ်သူကိုထိခိုက်စေနိုင်စွမ်းတဲ့ကဗျာတွေ ရေးနိုင်လိမ့်မယ်မဟုတ်ပေဘူး။

၅။ လိရိကကဗျာနဲ့ ဇာတ်လမ်းပြောကဗျာ

ကဗျာဟာ ခံစားမှုရဲ့နိုင်ငံဖြစ်တယ်။

လိရိက ကဗျာရဲ့အရေးအကြီးဆုံးအင်္ဂါရပ်က သူဟာ စိတ်အခြေအနေကို ဖော်ပြနေတယ် ဆိုတာပါပဲ။ သူ့ရဲ့ရှောင်မရဆုံး လိုအပ်ချက်က ခံစားမှုသန့်စင်ခြင်းပါပဲ။
ကဗျာဟာ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုပါရှိရမယ်။ သာမန် ရိုးရိုးခံစားမှုမျိုးနဲ့ရေးတဲ့ကဗျာများဟာ လူတွေကို မထိခိုက်စေနိုင်ဘူး။
လိရိက ကဗျာဟာ မိမိကိုယ် ဒါမှမဟုတ် မိမိဝန်းကျင်ကမ္ဘာကို ဆင်ခြင်ကြည့်မနေရပဲ ကဗျာဆရာရဲ့ ခံစားသိမြင်ပုံကို ဖော်ကျုးထားတာ ဖြစ်ရမယ်။
လိရိက ကဗျာဟာ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ပယ်နိုင်ဘူး။ ကြည်နူးမှု၊ ဒေါသ၊ ပူဆွေးမှု၊ ၀မ်းသာမှုဘာပဲဖြစ်ပေ့စေ စိတ်လှုပ်ရှားမှုမပါတဲ့ ကဗျာဟာ အမြုံပဲ။
လိရိက ကဗျာမှာ ဇာတ်လမ်းဇာတ်အိမ် ပြတ်ပြတ်သားသား မရှိဘူး။ ရိုက်ပုတ်နေတဲ့ စိတ်လှုပ်ရှားမှု လှိုင်းတွေကိုတုံ့ပြန်ရင်းသာ ဇာတ်လမ်းဟာ ပေါ်လာလိုက် ပြောင်းလဲလိုက်ပဲ။ စိတ်လှုပ်ရှားမှုဟာ ကဗျာဆရာ့နှလုံးသားရဲ့လှုပ်ရှားမှုဖြစ်တဲ့အတွက် ဖော်ပြပုံ ဘယ်လိုပုံဖြစ်ပစေ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှမစွန့်ရဘူး။ ဒီလို စိတ်လှုပ်ရှားမှုရှိနေခြင်းက လိရိက ကဗျာလို့ဆိုတဲ့ဟာရဲ့ အတွင်းအနှစ်ကို နားလည်ဖို့ ပိုလွယ်စေတယ်။
လိရိက ကဗျာဟာ သစ်ပင်ပေါ်က လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ သစ်သီး၊ နှင်းရည်လူးထားတဲ့ မနက်ခင်းပန်းတို့နဲ့တူတယ်။ ပညာသိဆိုတဲ့ မီးထဲမှာ ကင်လိုက်ရင် ရှုံ့တွသွားရော။
လိရိက ကဗျာရဲ့ဦးတည်ချက်ကိုတောင်မှ စိတ်လှုပ်ရှားမှုက ဦးဆောင်နေရမယ်။ စိတ်လှုပ်ရှားမှုကို ဒီအခန်းက ရုတ်သိမ်းလိုက်ရင် စာဖတ်သူတို့ တက်စရာလှေကားမရှိပဲ ဖြစ်လိမ့်မယ်။
ဇာတ်လမ်းပြောကဗျာကို အဲပိက ကဗျာလို့လည်း ခေါ်နိုင်တယ်။
ဇာတ်လမ်းပြော ကဗျာရဲ့လက္ခဏာကတော့ ဇာတ်ကွက်ဇာတ်လမ်း ပြတ်ပြတ်သားသား ရှိတာပါပဲ။
ဇာတ်လမ်းပြော ကဗျာကိုလည်း စိတ်လှုပ်ရှားမှုအတော်အသင့် ထည့်ပေးထားသင့်တယ်။ ဇာတ်လမ်းပြော ကဗျာရော၊ စိတ်ကူးဇာတ်ကွက်ပေါ် အခြေခံတဲ့ကဗျာပါ စာဖတ်သူတွေကို ထိခိုက်အောင်လုပ်ရာမှာ များသောအားဖြင့် အောင်မြင်တတ်တယ်။
ဇာတ်လမ်းပြောကဗျာမှာ လုပ်ကြံယူထားတဲ့အချက်အချို့ကတော့ ပါတတ်တာပဲ။ ဒီလုပ်ကြံထားတဲ့အချက်တွေဟာ စိတ်ကူးမှုရဲ့အချက်တွေပေါ့။
ကျုပ်ဟာ စစ်တပ်ခရာမှုတ်သမားမလုပ်ဖူးပါဘူး။ ဒါပေမဲ့ ခရာမှုတ်သမား ကဗျာရှည်ကို ရေးခဲ့တယ်။ တိုက်ပွဲမှာ ဒဏ်ရာ မရဖူးပါဘူး။ ဒါပေမဲ့ သူ ဒုတိယအကြိမ် သေတယ် ကဗျာရှည်ကို ရေးခဲ့တယ်။ မီးတုတ်ကိုင် လှည့်လည်ပွဲမှာလည်း တခါမှမပါဖူးပါဘူး။ ဒါပေမဲ့ မီးတုတ်ကဗျာရှည်ကို ရေးခဲ့တယ်။ တကယ့်အဖြစ်အပျက်တွေအပေါ် အခြေခံထားတာမဟုတ်ပေမယ့် ဒီကဗျာတွေမှာ အလွန်ပီပြင်တဲ့ ဇာတ်ကွက်ဇာတ်လမ်းသဘော ရှိနေတယ်။
ကျုပ်ကဗျာအချို့ဟာ တကယ့်အဖြစ်အပျက်တွေ၊ လူတွေအပေါ် အခြေခံထားတာပါ။ ဥပမာ နှင်းထဲကစိန်၊ ကျုပ်အဖေ။ လိရိကသဘောသိပ်မပါတဲ့ ဇာတ်လမ်းပြောကဗျာဟာ စိတ်လှုပ်ရှားမှု ထည့်ထားတဲ့ဇာတ်လမ်းပြောကဗျာလောက် စာဖတ်သူအပေါ် ကြီးကြီးမားမား ထိခိုက်နိုင်စွမ်း ရှိလိမ့်မယ်မဟုတ်ဘူး။
ကျုပ်ရဲ့ဇာတ်လမ်းပြော ကဗျာနှစ်ပုဒ်ဟာ လူထုသီချင်းများက ငှားယူထားတဲ့ပုံသဏ္ဌာန်တွေကို သုံးပြီး ရေးထားတာပါ။ ငါးရှဥ့်နက်ဆိုတဲ့တပုဒ်က အများစုပိုင်းမှာ စိတ်ကူးအဖြစ်အပျက်တွေကို ဖော်ပြထားတာ။ ၀ှက်ထားတဲ့သေနတ်များဆိုတဲ့ နောက်တပုဒ်ကတော့ တကယ့်အဖြစ်အပျက်ပေါ် အခြေခံထားတာပါပဲ။ လုံးလုံးမအောင်မြင်တဲ့ ကဗျာတပုဒ်ဖြစ်တယ်။ ကာရန်ပါတဲ့ အစီရင်ခံစာကို ဖတ်ရသလိုပဲ။
ဒါလောက်ဆိုရင် ဇာတ်လမ်းပြောကဗျာမှာ ခံစားမှုဓာတ်ကလေးပါဖို့လိုကြောင်း နမူနာပြတာ လုံလောက်ပါပြီ။
ကျုပ်ရဲ့ကဗျာရှည် နေကိုရင်ဆိုင်နဲ့ အလင်းထောပနာတေး နှစ်ပုဒ်စလုံးကို လိရိက ကဗျာလို့ သတ်မှတ်ရမယ်။ ဒါပေမဲ့ လှိုင်းခေါင်းပေါ်မှာ၊ ရှေးရောမ မြို့ကသတ်ပွဲကွင်း၊ ချင်းမင်းပွဲတော် မိုးသည်းသည်းတို့လို အခြားကဗျာရှည်တွေကို လိရိက ကဗျာသတ်မှတ်ရမလား။ ဇာတ်လမ်းပြော ကဗျာသတ်မှတ်ရမလားဆုံးဖြတ်ဖို့ကတော့ ခက်တယ်။
တချို့ ဇာတ်လမ်းပြောကဗျာတွေက ကဗျာဆရာအနေနဲ့ နိမိတ်ပုံတွေနဲ့တွေးပြီး ဖန်ဆင်းထားတာ မဟုတ်ဘူး။ အဖြစ်အပျက်တခုကို တည့်တိုးဟန်နဲ့ပဲ ပြောပြ ပါတယ်။ ဒီလို ကဗျာမျိုးဟာ ကာရန် ပါတာချည့်။ ဥပမာသဘော တုဖူရဲ့ အရာရှိသုံးဦး နဲ့ ခွဲခွာခြင်းသုံးခု တို့ကို ကြည့်လေ။ ဘယ်ကဗျာမှာမှ ရူပကတခု မပါချေဘူး။ ဇာတ်ကွက်ဇာတ်လမ်းက ပြည်သူတွေကို စိတ်လှုပ်ရှားစေ နိုင်တဲ့အတွက် ကျုပ်တို့ဆီ လက်ဆင့်ကမ်း ရောက်လာခဲ့ကြတာပါပဲ။
အတွေးတခုကိုဖော်ကျုးဖို့အတွက် အရာဝတ္ထုတခုကို အသုံးပြုတဲ့ကဗျာများကို အရာဝတ္ထု ထောပနာကဗျာလို့ ခေါ်တယ်။ ဒီကဗျာတွေကို ဒဿနကဗျာများလို့ ယူဆလေ့ရှိတယ်။
လိရိက ကဗျာတွေက စိတ်လှုပ်ရှားမှုဓာတ်ကို အလေးတင်းတယ်။ အရာဝတ္ထု ထောပနာ ကဗျာများကတော့ ဒဿနဓာတ်ကို အလေးတင်းပါတယ်။
ဒဿနကဗျာများ တနည်း ဆင်ခြင်တုံအတွေးပေါ်အခြေခံတဲ့ကဗျာများဟာ ရှင်းလင်း၊ ရိုးစင်းတဲ့ ဗဟိဒ္ဓအောက်မှာ နက်ရှိုင်းတဲ့ ဒဿနသဘောကို ဖုံးဝှက်ထားတတ်တယ်။
အာဝဇ္ဇန်းမရှိတဲ့လူတယောက်က ဒဿနကဗျာရေးဖို့ကြိုးစားရင် ခပ်ညံ့ညံ့အပျော်တမ်းသမားက လက်လှည့်ပညာအစွမ်းပြသလိုနေလိမ့်မယ်။ လုံးဝစိတ်ပျက်စရာကြီး။
သဲတမှုန်ထဲမှာ စကြာဝဠာကို မြင်သူ၊ ရေတစက်မှာ ကမ္ဘာကိုမြင်သူဟာ စိတ်ကူးကြွယ်ဝတဲ့ ကဗျာဆရာပေပဲ။ စိတ်ကူးမရှိတဲ့ လူရဲ့အမြင်မှာတော့ သဲမှုန်ဟာ သဲမှုန်အပြင် တခြားမဟုတ်ဘူး။ ရေတစက်ဟာလည်း ရေတစက်ထက်မပိုပေဘူး။


ဆက်လက်ဖော်ပြသွားပါမည်
ဆရာနှင်းခါးမိုး၏ စိတ်ကူးတေးသီဘလော့မှ ယူပါသည်။

အပိုင်း (၁)(၂)(၃) ဖတ်ရှုရန်...
 www.jojar.net/2016/10/blog-post_26.html

Comments