သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ခိုင်ဇော်(ပလိပ်)၊ မောင်ကြီးငြိမ်းချမ်း၊ ညီဆူးသစ်နှင့် ရတုသစ်တို့၏ကဗျာများ

ပေးပါ...ပေးပါ
www.pinterest.com
ပးပါ...
ပီကာဆိုရဲ့လက်တဖက်
သခင်ကိုယ်တော်မှိုင်းရဲ့ လက်တဖက်...
ပျံသန်းပါ...
အတောင်ပါတဲ့ ချိုးငှက်
လန်းဆန်းပါ...
စိမ်းမြမြ သံလွင်ခက်
ဖေးမပေးပါ...
စစ်ဒဏ်သင့် အပြစ်မဲ့ပြည်သူများကို
ဖွင့်ပေးပါ...
အဖြူရောင်လေးတွေရဲ့
ကျောင်းတံခါးကို...
ရပ်ပါတော့...
အတ္တတွေ
ရပ်ပါတော့...
စစ်ပွဲတွေ
စစ်ပွဲတွေ အခုရပ်
ဖျက်ဆီးလိုက်ပါတော့...
လူသတ်လက်နက်တွေ
အိပ်ပါစေတော့...
နှစ်ခြိုက်စွာ
စားပါစေတော့...
မြိန်ယှက်စွာ
အမေနဲ့သားများ
ဆရာနဲ့တပည့်များ
အတူနေခွင့် ပေးပါတော့...
ပေးပါ...
ဝေဟင်မှာ ပျံသန်းမယ့်
အတောင်ပါတဲ့ ချိုးငှက်
ပေးပါ...
ငြိမ်းချမ်းရေး
ပေးပါ...
ငြိမ်းချမ်းရေး...။

ခိုင်ဇော်(ပလိပ်)
Nov,10th,2014.Mon
ကျနော့် သတင်းစာ
GOOGLE
 နူရ်ဘီရေ
တခါတခါလည်း
နင် နဲ့ ငါ
နှစ်ယောက်တည်း
သောကတွေ မေ့
ဒုက္ခတွေ ခါချပြီး
ငါရဲ့ အတ္တတွေကို ထုတ်ဖော်
တယောက်မျက်နှာ တယောက်ကြည့်
ဘယ်လောက် ချစ်သေးလဲ
မေးခွင့်ရှိမဲ့ အချိန်လေးတခုတော့
ပိုင်ဆိုင်ချင်သေးတယ်ကွဲ့။
-
နူရ်ဘီရေ
လူဖြစ်လာကတည်းက
ငါတို့နဲ့မဆိုင်ဘူး
အေးအေးစက်စက် နှလုံးသား
ဘုရားသခင် လက်ဆောင်အဖြစ် မပေးလိုက်တာ
ကံဆိုးတဲ့အကြောင်း
စီကာပါတ်ကုံး ငါပြောပြတော့
အပူသည်ကြီး လို့ နင်ခေါ်
ကျွေးတာစား စကားမများနဲ့
ထမင်းအသိုးမှာ ဆားဖြူးတာကိုက
ကံကောင်းတယ်မှတ်
ဒေါ်လာအတက်အကျဟာ
မီးချောင်ထိ ရိုက်ခတ်တဲ့အကြောင်း နင်ပြောတော့
ပြည်သူ့အပူတွေ
နင့်မှာလည်း ကူးစက်နေတာ ငါတွေ့မိတယ်။
-
နူရ်ဘီရေ
အမဲသား ကြိုက်တဲ့ငါ့အတွက်
အသားမမဲတဲ့ နင်ဟာလည်း
ဆေးကောင်းတခွက်မဟုတ်ရင်တောင်
အပူမီးကို မျှယူ
ပြည်သူလူထုရဲ့ဆုံးရှုံးမှုတွေအကြောင်း ပြောနေတာက
နင့် နှလုံးသားလှကြောင်း
ငါကောင်းကောင်းသိတာပေါ့။
-
နူရ်ဘီရေ
ဗမာပြည်မှာ
လူတွေ အများစုနေသလား
အာဏာရှင်တွေ အများစုနေသလား
ငါမသိတဲ့ ပုစ္ဆာတပုဒ်အတွက်
သတင်းစာတွေ ဖတ်ရင်း အဖြေရှာတော့
ရာဇ၀တ်မှုတွေ များတဲ့အကြောင်း
အစိုးရဟာ ရုပ်သေးရုပ်ဖြစ်ကြောင်း
နာရေးတွေမှာ စစ်ဗိုလ်တွေပါကြောင်း
အလှူရှင်တွေ များကြာင်း
မီးစက်တွေ လျှော့ဈေးနဲ့ ရောင်းတဲ့ကြော်ငြာ
လိုအပ်ချက်တွေပဲ သတင်းစာထဲမှာ ပါမှာပေါ့။
-
နူရ်ဘီရေ
ငါဖတ်ချင်တဲ့ သတင်းစာက
ကလေးတွေ အပျော်လွန်တဲ့အကြောင်း
လူငယ်တွေ ကမ္ဘာပတ်တဲ့အကြောင်း
လူကြီးတွေ အလုပ်မအားတဲ့အကြောင်း
ဗမာနိုင်ငံသားတွေ ထွင်ပြန်ပြီဆိုတဲ့အကြောင်း
ဘိုးဘွားတွေ အေးအေးဆေးဆေးအနားယူတဲ့အကြောင်း
အကြောင်း အကြောင်း အကြောင်း
နောက်ဆုံး စာမျက်နှာရောက်တဲ့အခါ
နင် နဲ့ အသက်ထက်ဆုံး ချစ်တဲ့အကြောင်း ……………..။

မောင်ကြီးငြိမ်းချမ်း
ပေါက်ပေါက်တွေ တဖောက်ဖောက်နဲ့ပွင့်နေတယ် 
www.quora.com
 မိုးမရွာသေးပေမယ့်
ငါတို့မိုးမမိသေးပေမယ့်
ငါတို့ရင်ထဲ ရွှဲရွှဲစိုနေရှာတာ
လူတိုင်း သိခဲ့ကြတယ်။
မနက်မိုးမလင်းသေးပေမယ့်
နေ မထွက်လာသေးပေမယ့်
ငါတို့ ရင်ထဲ မီးဟုန်းဟုန်းတောက်နေခဲ့တာ
လူတိုင်း သိခဲ့ကြတယ်။
ဇာတိတရားရလာပြီးထဲက
ငါတို့ဘဝတွေဟာ အေးခဲနေကြတယ်။
မျက်မှန်တပ်ထားစရာမလို
မှန်ပြောင်းနဲ့ကြည့်နေစရာမလို
ဓာတ်မှန်ရိုက်ကြည့်နေစရာမလို။
လူမှာတွယ်ကပ်နေတဲ့ ၉၆ ပါးရောဂါများ
အိမ်မှာတွယ်ကပ်နေတဲ့ ခြ များ
သစ်တပင်မှာတွယ်ကပ်နေတဲ့ပိုးရွများ
မြေမှာတွယ်ကပ်နေတဲ့ကြွက်များ
ကမ္ဘာမြေမှာတွယ်ကပ်နေတဲ့ ခရိုနီများ။
အချိန်ဟာ တန်ဖိုးမသိရှိသူတယောက်အတွက်
အနာဂတ်ရဲ့ပေါက်ကွဲသံပဲဖြစ်တယ်။
အချစ်ဟာ အချစ်တိုင်းရှိပြီးသား
အမုန်းဟာ အမုန်းတိုင်းရှိပြီးသား
အဓမ္မတရားကိုမုန်းတီးသူတိုင်းက
ဓမ္မသီချင်းကိုဆိုမှာပဲ။
သူ့ခေတ်နဲ့သူ့အခါမှာတော့
ပေါက်ပေါက်တွေ တဖောက်ဖောက်နဲ့ပွင့်နေအုံးမယ်။

ညီဆူးသစ်
6-9-2016
စာကလေးနဲ့တွေ့တုန်းက မိုးတွေရွာနေတယ်
www.mjmcconnellart.com
ငါ ရေချိုးနေခိုက်
စာကလေးတကောင် ရေကန်ထဲပြုတ်ကျလာ
ငါ ဆယ်ယူပေးမိ
ရေလွတ်ရာနေရာမှာ တင်ထားပေးမိ
စာကလေးရဲ့ မိဘတွေ မသိရှာကြပါ ။
စာကလေးပါးစပ်က ဟစိ ဟစိ
စာကလေးရဲ့အသံ နာနေမလား
စာကလေးဟာ
မောပန်းစွာ အသက်ရှူနေတာ ငါမြင်ရ။
ငါ ရေချိုးအပြီး
စာကလေးကို ပြန်ကြည့်မိ
စာကလေး အသက်မရှိတော့
စာကလေး မလှုပ်ရှားတော့
ငါ ဝမ်းနည်းမိ
ငါ့ကိုယ်ငါ အပြစ်တင်မိ
ဒီလောက်အသေးအဖွဲကလေးမှာတောင် ငါ အဖြစ်မရှိ ။
ပိုဆိုးတာတခုက
စာကလေးရဲ့ ဈာပန ငါ ကျင်းပမပေးနိုင်
စာကလေးရဲ့နောက်ဆုံးစကား ငါ မကြားခဲ့နိုင်
မိုးတွေ ဖြိုင်ဖြိုင်ရွာတယ် ဒီမနက်မှာ ။

ရတုသစ်


Comments