Skip to main content
သစ်ခက်သံလွင် အက်ေ်ဆး၊ မောင်နောင်မွန် ရဲ့ " ည "
ည
မောင်နောင်မွန်
|
Pinterest |
စာ လုံးပေါင်းသတ်ပုံ ဗြောင်းဆန်စွာနဲ့ တဖြည်းဖြည်း ခြစားသလို ညတွေက ကျနော့်စိတ်ကို
စားသွားသည်။ အိပ်မရတဲ့မျက်လုံးတွေနဲ့ ညရဲ့အဓိပ္ပာယ်ကို ညစောင့်ကင်းသမားတွေထက်
ကျနော့်စိတ်က ပိုနားလည်နေသယောင်။ ပိုနိုးကြားနေသလိုလို။
ခေါင်းရင်းဘက်က အခန်းမီးကိုလှမ်းပိတ်လိုက်သော်လည်း
စိတ်အာရုံက ပိုလင်းလက်လာသလို။ စိတ်နှလုံးထဲမှအတွေးတွေက ညဘက်ကျမှ လက်တွေ့ဘ၀ထက်
လမ်းပိုသလားနေသလို။ ညက တဖြည်းဖြည်းနက်လာချိန် လူခြေလူသံတွေက တဖြည်းဖြည်းပါးပါးလာ။
စိတ်အာရုံတွေက တဖြည်းဖြည်း ထူမှိုင်းလာ။ ညရဲ့အစွမ်းတွေကတစ်ရစ်ထက်တစ်ရစ် ပိုပိုများလာခဲ့။
ဟိုး အရှေ့နားက ညဥ့်ငှက်လား ဇီးကွက်တွန်သံလား တိုးတိုးလေးကြားနေရ။ ညနဲ့ပနံတင့်နေတဲ့လရောင်ဖြာဖြာကလည်း
အခန်းပြ တင်းပေါက်ကိုတိုးဝင်ကျော်လွှားကာ မျက်နှာပေါ် တည့်တည့်ကျလာခဲ့။ ညရဲ့အရသာကို ဒီရေတိုးသလို
တရိပ်ရိပ်နဲ့ခံစားလာရပေါ့။
အပုပ်ချိန်မို့ လူကြီးတွေပြောသလို
ရွာသူတွေ စုန်းတွေ မီးတောက်မြင်ရမလား တိတ်တခိုးမျှော်လိုက်သေးရဲ့။
ကာလသားတွေရဲ့မယ်ဒလင်သံတွေက
ဟိုးအဝေးကနေ ကျယ်လာလိုက်တိုးသွားလိုက်ဖြစ်နေပုံက မှော်ရုံတောထဲက
မာရဇ္ဇဘီးလူရဲ့လှည်းစားချက်လို့ ထင်ယောင်ထင်မှား ဖြစ်စေသည်။
ညဟာ တဖြည်းဖြည်း
ညပီသလာခဲ့။ တဖြည်းဖြည်းနဲ့ ညရဲ့အသံတွေက တိုးတိတ်ပါးလျားလာခဲ့။ ညရဲ့ အလှက ပိုပိုနက်လာသည်။ ခြေသံတွေ
တရှပ်ရှပ်နဲ့ပီပြင်လာပုံက ညရဲ့အသွေးအနှစ်လို။ ခွေးအူသံတွေတဝူဝူက
ညရဲ့ခြေသံအလား။
ခပ်လှမ်းလှမ်းက
သစ်ပင်ကြီးကသစ်ကိုင်းတွေ လေတိုက်လို့ လှုပ်ခတ်သွားသံက ညရဲ့အလှကို ပိုပြီး တုန်ခါသွားစေသလို။
ထို့ကြောင့် ညနဲ့ဖက်ကင်းတလှဲနေချင်ရင်တော့ ညနဲ့အတူ နက်နက်ရှိုင်းရှိုင်း
လိုက်ပါ ခံစားသွားရုံသာပင် ရှိတော့သည်။
ညရဲ့အသံကိုနားထောင်ရန် ကျနော့်တွင်ကြောင်ကဲ့သို့
ပါးလျသောနားရွက်ကလေးများ လိုအပ်သည်။ ထိုမှတဆင့် ညပိုးကောင်တို့၏အသံ
တ၀ီဝီကိုကြားနိုင်သည်။ ကျနော်ခံစားနိုင်လေ သင်ကြားနိုင်စေဖြစ် သည်။ ကျနော်သည်
ညရဲ့အလှကိုငေးရင်ဖြင့် တဖြည်းဖြည်းခြေကျွံကာ နယ်အတော်များများ လွန်မှန်းမသိ လွန်ခဲ့ပါပြီ။
သို့သော် ကျနော်အာရုံတွင် အမှောင်ရနံ့နဲ့ ညအလှသာ လွှမ်းမိုးနေသည်။
အိပ်မပျော်သောညများအတွက်
ညရဲ့အလှသည် အနှစ်သာရ ပြည့်ဝလွန်းသည်။ ညသည် သည်းထိတ်ရင်ဖို ဇာတ်လမ်းထဲက
သူယောင်မယ်လေးသဖွယ် ကျနော့်ကို ကပြ ဖျော်ဖြေနေသည်။ တခါတလေ ကျနော်နားထဲသို့ မှောင်ရိပ်ခိုနှုတ်ခမ်းနီမလေးတို့၏ဈေးစကားသံတွေ
များဝေ့ပျံလာရင်း ကြားရတတ်သည်။ တချိန်တည်းမှာ အမွှေးရနံ့တခုခုကိုလည်း ရှုရှိုက်မိတတ်သည်။
တိုင်ကပ်နာရီစက်ထဲမှပင်နံယံတို့ ရိုက်ခတ်သံကိုလည်း နားထဲအတိုင်းသား ကြားနေရသည်။
သမာဓိအားကောင်းသူတို့သွေးတွေအသားတွေကို ခွဲခြားစိတ်ဖြာနိုင်သလို ကျနော်လည်း နာရီစက်သံတခုလုံးကို
အသံမှတဆင့် လိုက်လံခွဲဖြာနေ တတ်သည်။ ပင်လယ်နက်ဆီမှ လမ်းကြုံလိုက်လာတဲ့စိတ္တဇ လေပြေလေးတပေါက်
နှစ်ပေါက် တိုက်ခတ် သွားသည်။ တခါတလေ အဖော်အပေါင်းစုံလင်စွာနှင့် ည၏ပျော်နေပုံက
နတ်သဘင်ကပွဲ တခုလိုပင်။
ည..
ညသည် အမှောင်ကိုချစ်သူကို
အဖော်လုပ်ပေးသည်။ အမှောင်ကြောက်သူကို စိတ္တဇဖြစ်စေသည်။ လမ်းမထက်က အရေးပေါ်ကားရဲ့အချက်ပေးသံကြားရသည်။
အိမ်ဦးခန်းမှအဘိုးရဲ့ချောင်းဟန့်သံ ကြားရ သည်။ တခါတလေ ည၏အချက်ပေးသံသည်
မရဏအငယ်စားသဘောပင် ဖြစ်နေတတ်သည်။ မြို့လယ် နာရီစင်မှအချက်ပေးသံ တဒေါင်ဒေါင်
ကြားနေရသည်။ သက်ကြီးခေါင်းချချိန် ကြက်ဖတွန်သံကြားရ သည်။ ဈေးမတည့်သော နှုတ်ခမ်းနီ
မလေး၏ဖောက်သည်ဆိုက်ကားခေါင်းလောင်းသံလေး ကြားနေရ သည်။ ကျနော်ရဲ့နှလုံးခုန်သံကို
ကျနော်ပြန်ကြားနေရသည်။ ညဥ့်ငှက်ရဲ့တွန်သံနဲ့ ခွေးအူသံတို့က တခါတခါ ကြားနေရဆဲ။
ကျနော့်အတွက်
ညဆိုတာအိပ်မောကျချိန်မှာ အဓိပ္ပာယ်မဲ့နေသည်။ ထိုအဓိပ္ပာယ်မရှိသော မရဏအငယ်စားဆီသို့
ကျနော်တခေါက်ခရီးသွားဦးမည်။ လရောင်ဝင်နေသော အခန်းပြတင်းပေါက်ကို ပိတ်လိုက်သည်။
တိုင်ကပ်နာရီဆီမှသုံးချက်ခေါက်သံကြားရသည်။ ညလည်း ဆေးသားတွေ ဖြည်းဖြည်းပါးလာသည်။
။
မောင်နောင်မွန်
Comments
Post a Comment