သစ်ခက်သံလွင် ကဗျာစင်မြင့်၊ လူခက်၊ နွယ်ရှင်၊ တေဇလင်း နည်းပညာတက္ကသိုလ်နှင့် နွန်လတ်တို့၏ကဗျာများ

ကျန်းမာရေး 
www.pinterest.com
ကြောက်သင့်သလောက်တော့
ကြောက်နေရတာပါပဲ

ရှောင်သင့်သလောက်တော့
ရှောင်နေရတာပါပဲ

ဟင်းသီးဟင်းရွက်တောင်
အန္တရာယ်ကြားက စားနေရတာ
ကျည်ဆံတွေက
မြန်နှုန်းထပ်မြင့်လာတယ်

အိုဇုန်းလွှာကြီး
ပေါက်နေတယ်ဆိုလားဘာဆိုလား
ငယ်ငယ်ကတည်းကကြားဖူးတာ

စစ်ပွဲတွေကို
ထမင်းကျွေး ရေတိုက်လုပ်နေကြတဲ့
ငါတို့ ကမ္ဘာမှာ

လူခက်
ကျွန်မ မတွေးခဲ့သော
ကျွန်မ၏အတွေး
www.pinterest.com
ကျွန်မဟာ နာရီပေါင်းများစွာ
ရပ်စောင့်နေခဲ့တယ်။
ဒီလိုနဲ့ကျွန်မအရပ်
တိုတိုလာတယ်...။
ကျွန်မရပ်နေတဲ့မြေကြီးနဲ့
ကောင်းကင် တနေရာရာ
ထိလုဆုံမှတ်နေပြီလို့
ကျွန်မ တွေးနေခဲ့တယ်
ဒီလိုနဲ့ကျွန်မ အရိပ်
ရှည်ရှည်လာတယ်။
ကျွန်မ တွေးတယ်
လူတွေ အကြောင်း
ဒီလိုနဲ့ ကျွန်မအကြောင်းပဲ
တွေးရင်းပြီးဆုံးသွားတယ်။
ကျွန်မက လရောင်နဲ့
စာရေးချင်သူ
လူတချို့က စက္ကူနဲ့စာရေးချင်သူ
ဒီလိုနဲ့ ခြားနားမှုတွေပိုများလာတယ်။
နံရံပါးပါးလေးကြားထဲမှာ
ကျွန်မတို့ ရှိခဲ့တယ်။
ဒါပေမဲ့ မမြင်ခဲ့ဘူး
ကျွန်မ တွေးနေတယ်
ဒီလိုနဲ့ ချစ်ခြင်းက တစိမ်းဆန်လာတယ်။
တကယ်တော့
ကျွန်မက ကမ္ဘာမြေကြီးရဲ့
တနေရာက အရုပ်မလေးတရုပ်သာဖြစ်တယ်
ကမ္ဘာမြေကြီးပေါ်က  ကလေးတိုင်းက
ကျွန်မကိုအမြဲအလိုရှိကြတယ်။
ဒီလိုနဲ့ ကျွန်မရပ်စောင့်နေတဲ့
နာရီတွေရပ်တန့်သွားခဲ့တယ်။

နွယ်ရှင်
ရာဇဝင်ထဲမှာ အမှန်တရားတွေ ထားရစ်ခဲ့
datab.us
ကမ္ဘာဟာ …
မင်ရည်ကျဲမှန်းမသိရတဲ့မှုန်းသီခြယ်သမူမှာ
ဣနြေ္ဒရရကလေးပျော်ဝင်တယ်
တခဲနက်အသွားအပြန်ဆန်ဆန်ပြကွက်တွေက
တခါကမျှရိုးဟောင်းမသွားခဲ့ရ
ထပ်တူညီခြင်းတွေရယ်
အနိမ့်အမြင့်အတက်အကျတွေရယ်
သမာသမတ်နဲ့ဟာကွက်တွေရယ်
မညီမမျှပြင်မရတော့တဲ့တဒင်္ဂတွေရယ်
ဒီအတိုင်းလေးလှပြီးရင်း လှနေတာမျိုး
နာမည်တွေရေးထိုးခဲ့ကြတဲ့ကမ္ဘာမှာ
အချို့အချို့ဟာ အထင်ကရ
အချို့အချို့လည်းအညတရ
သူရဲကောင်းတော့ဖြစ်ချင်ရှာကြတယ်
သီးခြားဆန်စွာနေရာတခုရဲ့အရေးပါမူဟာ
ကမ္ဘာ့ဖတ်စာထဲမှာမပါဘူး
လူတွေသာလုရင်းလူးသွားခဲ့ကြ
လူးရင်း ရူးသွားခဲ့ကြတယ်
အရှိန်အဝါအာဏာ
သို့မဟုတ်ပါဝါ
သို့မဟုတ်ဗျူဟာ
သို့မဟုတ် အယောင်ဆောင်မေတ္တာ
ဘယ်အခါပြန်လှန်ကြည့်ကြည့်ပါ
အရူးကမ္ဘာဟာ အမြဲတစ်မူးသာသာ နေတာမြင်ရမယ် ။။
တေဇလင်း နည်းပညာတက္ကသိုလ်  

အမှန်တရားဟာ စကားနည်းတယ်
mulpix.com
သံချေးတက်
သော့ အထပ်ထပ်ခပ်ထားသော တံခါးအတွက်
သော့ဟာ ရှာမရ

စာအုပ်အပြည့်ထည့်ထားတဲ့
ဂျပ်ဖာကိုဖွတော့ အပုပ်နံ့ဟာ ထောင်းကနဲ
အထဲမှာ သေတာအတော်ကြာပြီဖြစ်တဲ့
ကြွက် အရိုးစု အရေပြား

ညနေက (အိပ်မှုန်စုံမွှား)သူငယ်ချင်းတေ
ယာက်နဲ့
စကားပြောဖြစ်တယ်(သူလည်း သူကြားဖူးတာသူပြန်ပြောတာ)
လော(Law)ဆိုတာ အမှန်တရားမဟုတ်ဘူး
အချိန်တခုမှာ ကျင့်သုံးဖို့
အခြေနေတခုမှာ
ပြောင်းဖို့
LAW ကို လောဖို့

ဆပင်စုတ်ဖွားနဲ့ အရူးတယောက်ဖြတ်သွားတယ်
အော်ဟစ်သွားတယ် လက်ခါသွားတယ်
မျက်လုံးပြူးပြသွားတယ်
ဟောင်ဖွာ ဟောင်ဖွာနဲ့
ဟောင်သွားတယ် ဖွာသွားတယ်။

၁။ သမိုင်းဆိုတာ ဘာလဲ
၂။ သမိုင်းဆိုတာ ဘယ်ကနေ ဘယ်အထိလဲ
(ဖြတ်ခနဲ လူရွှင်တော် ပြက်လုံးဝင်လာ 
သမိုင်းပြီး အုတ်ကျင်း ဒေသန္တရဗဟုသုတနဲ့မှ ရယ်လို့ရမည့်အရာ)
သမိုင်းဟာ
အရှည်ကြီး

သော့ကို ဘယ်သူကိုင်ထားတာလဲ
(သော့ကို ဘယ်သူခတ်ခဲ့တာလဲ)

ညနေညနေ စည်တယ်လေ့လေ့ပဲ
နွားရိုင်းတွေဟာ ခွာသံတဖြောင်းဖြောင်းပဲ
နွားရိုင်းတွေရဲ့ချိုဖျားဟာ အရှည်ကြီး
ညနေဟာ ဒီထက်အချိန်ကြာရင်
မှောင်လာတော့မှာ
အလင်းရောင်ဟာ စကားပြန်မရ

အမှန်တရားဟာ ခါးသီးတယ်
တဆက်တည်း
အမှန်တရားဟာ စကားနည်းပါတယ်
အမှန်တရားဟာ ငါ့သူငယ်ချင်းဆို
စကားများများထွက်လာအောင် လည်ပင်းကိုင်ညှစ်ချင်လိုက်တာကြာေ
ပါ့
ငါ့
(သူငယ်ချင်းရယ်)

အမှန်တရားဟာ စကားနည်းပါတယ်
တခွန်းဆိုလည်း ဆိုသလောက်ပဲ။  ။


နွန်လတ်

Comments