သစ်ခက်သံလွင် ကဗျာစင်မြင့်၊ တည်ဘွားဦး၊ ဆလိုင်းမြတ်နိုးသူနှင့် မိုးခါးတို့၏ကဗျာများ

ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း

www.pinterest.com

မမီတော့တဲ့ရထားကြီးကို
ငေးပြီး လွမ်းမနေနဲ့တော့
အားလုံးရဖို့ စိတ်ကူးထားတယ်ဆိုရင်
နိဗ္ဗာန်နဲ့လွဲနေဦးမယ်
သားသားမှာ လက်တွေလည်း မရှိတော့
သားသားမှာ ခြေထောက်တွေလည်း မရှိတော့
မမီတော့တဲ့ ရထားကြီးကို ငေးမိတာပေါ့
အဘိုးကပြောတော့
ခြေကောင်းလက်ကောင်းလေးမွေးလာခဲ့လို့
ဝမ်းသာတယ်ဟေ့ ဆို
တော်ပါပြီ
သိပ်စိတ်ညစ်စရောတွေမတွေးတာဘဲ
ကောင်းပါတယ်
ကျန်ရှိနေသေးတဲ့သားသားရဲ့ ခန္ဓာကိုယ်ဟာ
ကျန်ရှိနေသေးတဲ့ သားသားရဲ့နိုင်ငံတော်ကြီးပါ
 ဒီစာကိုတော့
စစ်မြေပြင်မှာရှိနေတဲ့ စစ်သားကြီးတွေဆီကို
ရောက်အောင်ပို့ပေးပါခင်ဗျား
အားလုံးကို လေးစားပါတယ်
သားသားဖိုးထူး။

တည်ဘွားဦး

….

မစ္စတာတို့ အထူးပြုလုပ်ချက် မျဉ်းရိုင်းများ 

idoartkarenrobinson.com
 
က ကလေးငယ်ချစ်စဖွယ်ကနေ တိုင်းပြည်ဟာစတယ်
ကျမက သစ်သားတွေ အတုံးလိုက်သယ်လာပြီး သူ့အတွက် ရယ်ဒီပြင်ဆင်ထားချိန်
လေရဲ့ အရှိန်ကို မပြတ်စောင့်ကြည့် ရိပ်မိ
လေပြတ်သွားရင် ဘာဖြစ်သွားမည် ဆိုလား
ဘကြီးအောင်ကိုညာ ငါ့ကိုယ်ငါလည်း ညာ
ဘာအဝတ်မှမပတ်ဘဲ ပတ်ပြေးတာ ဆေးထိုးအပ်တချောင်း ညနေရီရီမှာ အဝါ
ငါအားလုံးသိတာက ငါအားလုံးမသိခဲ့ဖူးတာတွေပေါ့

ငါ့ကို ဟားမလား အတူရယ်မယ် ငါကတော့ နားပိတ်ထားမယ်
မျက်ခွက်ကြီးပေါ် ဖြတ်သွားတဲ့ လှိုင်းတွေကို ဆေးမချွတ်ဘူး မတိုက်ဘူး
အာရှဟာ သပ်ရပ်သလိုလိုနဲ့ ကော်ဖီသောက် ဆေးချလို့ဆိုပြီး ဆွဲချတဲ့အခါ
ကိုယ်က ကြက်သွန်နီလှီးတဲ့ ဓားကြီးယူလာမယ်
အလှည့်ကျ ခုတ်ထစ်လှီးဖြတ်ကြပြီး
အနက်ရောင် မျက်ရည်တွေပန်းထွက်တဲ့အခါ
ခပ်မြန်မြန် အမိမြေသီချင်း ထဆိုကြမယ်

အဲ့ဒီအခါ အပြင်မှာ သက်ပြင်းအေးအေးတွေတိုက်ပေမယ့်
ငါတို့ ကတော့ ဘယ်တော့မှ မအေးဘူး ရေခဲတွေ
ရာသီဥတုအကြောင်းကို အသံလွှင့်ဌာနက လွှင့်နိုင်တယ်
မင်းလေးက သိပ်လှတာပဲ
ဒါမှမဟုတ် ငါလေးက သိပ်လှတယ်လည်းဖြစ်နိုင်တာ

အဓိက ကတော့ မြန်မြန်ပြီးဖို့ ရသကိစ္စမဟုတ်ဘူးမလား
ဟောဒီ မြေကြီးပေါ်မှာ ငါ့ကိုစိုက်စားပါ ။

ဆလိုင်းမြတ်နိုးသူ
2016 August 26

ခေတ်သစ် သင်ခန်းစာ
www.wikiart.org
 အစစအရာရာမှားယွင်းခွင့်ရှိသောလောကဓံ စကားမပြောပေမဲ့
မျက်လုံးဖြင့် ကျူးကျော်စစ်ကိုစတင်
ကြိုတင်ပြင်ဆင်ထားခြင်မရှိသောအရိုးခံမှာ
တစစ်စစ်နာကျင်ခဲ့သောဝေဒနာကသေရာပါ
ဟန်ဆောင်ထားသည့်သရုပ်ပါအပြုံးတချက်က
နားရည်မဝသောဘာသာစကားတခုရဲ့ ထောင်ချောက်တခုအဖြစ်
ရှောင်လွှဲခွင့်မရသောထိခတ်သံ၏ကျေးကျွန်
အဖြူရောင်ချပ်ဝတ်နှင့် သစ္စာပန်းများကိုမှ
ရွေးချယ်ပြီးပေးတတ်သည့်ဒဏ်ရာဒဏ်ချက်များတို့က
ပြန်ပြောခွင့်မရတော့အောင်ကျရှုံး။။
                                      
မိုးခါး

Comments