သစ်ခက်သံလွင်၊ အနုပညာရေးရာဝေဖန်စာ၊ ညိုထက်ညို၏ "အလကားကျော်စွာ"



အလကားကျော်စွာ

ညိုထက်ညို 
yourkamagraguide.com

 ယခုကာလတွင်သာ စာဖတ်သူတို့သည် စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့ အလင်္ကာကျော်စွာဘွဲ့နှင့်မထိုက်တန်မှန်းသိကြသော်လည်း နောင် နှစ်ပေါင်းငါးဆယ် တစ်ရာအကြာတွင်မူ နောင်လာနောက်သားများက မှတ်တမ်းများကိုသာဖတ်ရှု၍ စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့အား အလင်္ကာကျော်စွာဘွဲ့နှင့် ထိုက်တန်သူများသဖွယ် ထင်မိမှားလိမ့်ကြမည်ဖြစ်ပါသည်။

တနေ့က ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးနှင့် ဒါရိုက်တာ စင်ရော်မောင်မောင်တို့ ပြဿနာတက်ကြသော သတင်း ကို ကျွန်တော် ဖတ်လိုက်ရပါသည်။
ထိုသတင်းကိုပင် အင်တာနက်တနေရာတွင် မိတ်ဆွေတယောက်က ‘ဖွေးဖွေး နဲ့ အလင်္ကာကျော်စွာ နဲ့’ ဟူသော ခေါင်းစဉ်ငယ်ဖြင့် ဖြန့်ဝေထားပါသည်။
ထိုအခါကျမှ ကျွန်တော်မျက်လုံးမျက်ဆံပြူးသွားပြီး အင်တာနက်ပေါ်တွင် သိလိုသောသတင်းအချက် အလက် ကို ကပျာကယာ လိုက်ရှာရပါသည်။
ကျွန်တော်သိလိုသောသတင်းကို အခန့်သင့်ပဲ တွေ့ပါသည်။
၂၀၀၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင်၊ တေးရေး ဟင်္သာတမြင့်ငွေနှင့် ဒါရိုက်တာ ပန်းချီစိုးမိုးတို့အား နိုင်ငံတော်သမ္မတဦးသိန်းစိန်က ‘အလင်္ကာကျော်စွာ’ ဘွဲ့ ချီးမြှင့်လိုက်သည် တဲ့…. ။
ထို့ကြောင့် ဤဆောင်းပါးကို ကျွန်တော် ရေးရပါသည်။

……………………………………………   ………………………………………    

အလင်္ကာကျော်စွာ ဘွဲ့၏မြစ်ဖျားခံရာကို ပြန်လည်ခြေရာခံကြည့်တော့ ၁၉၅၀ ခုနှစ် ဖြစ်နေပါသည်။ ထိုစဉ်က လွတ်လပ်ရေးရပြီးကာစ ဖဆပလအစိုးရ လက်ထက်ဖြစ်ရာ ၁၉၅၀ ခုနှစ် လွတ်လပ်ရေးနေ့မှ အစပြု၍ သက်ဆိုင် ရာနယ်ပယ်အသီးသီးတွင် ထူးချွန်သောနိုင်ငံသားများအား ထူးချွန်သလို အသိအမှတ်ပြုရေး အတွက် ဘွဲ့ထူးဂုဏ် ထူးများတီထွင်၍ စတင် ချီးမြှင့်ခဲ့ပါသည်။ ထိုသို့ ချီးမြှင့်ရာတွင် ထူးချွန်သူဝန်ထမ်းများ အတွက် စည်သူ၊ သရေ စည်သူ၊ မဟာသရေစည်သူ စသည်ဖြင့်လည်းကောင်း၊ ပညာရှင်များအပါအဝင် အခြားထူးချွန် ဂုဏ်သရေရှိသူ များအတွက် ‘ဝဏ္ဏကျော်ထင်’ ဘွဲ့ကိုလည်းကောင်း၊ စာပေအနုပညာနယ်ပယ် တွင် ထူးချွန်ပေါက်မြောက်သူများအတွက် ‘အလင်္ကာကျော်စွာ’ ဘွဲ့ ကိုလည်းကောင်း စတင်ချီးမြှင့်ခဲ့ပါသည်။

ထိုအခါ ၁၉၅၀ခုနှစ် လွတ်လပ်ရေးနေ့တွင် အလင်္ကာ ကျော်စွာဘွဲ့ကို ပထမဆုံးအနေဖြင့် ဦးဦးဖျားဖျား ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ချီးမြှင့် လိုက်ပါ သည်။ ထို့နောက် ဆုချီးမြှင့်ခံရသော ဆရာကြီး၏ဂုဏ်ဒြပ်နှင့်လျော်ညီစွာ ‘အလင်္ကာကျော်စွာ’ ဘွဲ့ကို တခေတ်တယောက် ထွန်းပေါက်သော ပုဂ္ဂိုလ်များကိုသာချီးမြှင့်ရန်နှင့် ပေးရာတွင်လည်း နှစ်ပေါင်းများစွာကြာမှသာ တယောက်တလေပေးရန် မူအားဖြင့် သဘောတူခဲ့ကြပါသည်။

သို့သော် နောက်ပိုင်းတွင်မူ ‘အလင်္ကာကျော်စွာ’ ဘွဲ့ ကိုချီးမြှင့်ရန်အတွက်သတ်မှတ်ချက်ကို မူလရည်မှန်းချက် အတိုင်း ကြပ်ကြပ်တည်းတည်းမထားတော့ဘဲ စာပေအနုပညာအတွက်သာမက အခြားသော အနုပညာ နယ် ပယ်အသီးသီးမှ ထူးချွန်သူအနုပညာသည်များကိုပါ ချီးမြှင့်ပါတော့သည်။ မူလက ‘တခေတ်တယောက်’ ဆို အပ်သောပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ထားရာမှ တခေတ်တယောက် မဟုတ်သော်လည်း အနုပညာ နယ်ပယ်အသီးသီးတွင် ထူးချွန်ပြောင်မြောက်သူများကိုပါ ထပ်ဆောင်း ချီးမြှင့်ပါသည်။ ထိုအခါ စာပေအပြင် အခြားအနု ပညာနယ်ပယ်အသီးသီးမှ ထူးချွန်သူများပါ ‘အလင်္ကာကျော်စွာ’ ဘွဲ့ရကြပါသည်။  ထိုမှတဆင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်းအပြင် အခြား အလင်္ကာကျော်စွာဘွဲ့ရသူများအကြောင်းကို ကျွန်တော် လက်လှမ်းမီသလောက် အင်တာနက်တွင် ရှာဖွေမိပါသည်။

ကျွန်တော် ထပ်မံတွေ့ရှိရသည်မှာ အလင်္ကာကျော်စွာ မြို့မငြိမ်းဟူ၍ ဖြစ်ပါသည်။ ထို့နောက် အလင်္ကာ   ကျော်စွာဦးဘဂျမ်း (ကာတွန်းဦးဘဂျမ်း) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ရွှေပြည်အေး ဟူ၍ ဖြစ်ပါ သည်။ အလင်္ကာ ကျော်စွာဒေါ်စောမြအေးကြည် (အဆိုတော် ဒေါ်စောမြအေးကြည်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ရွှေမန်း တင်မောင် ဟူ၍ ဖြစ်ပါသည်။ 

အလင်္ကာကျော်စွာစောင်းဦးဘသန်းဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးဟန်ပ (ဆိုင်းဆရာ ရွာစားကြီး စိန်ဗေဒါနှင့်ခေတ်ပြိုင်ကျော်ကြားခဲ့သောဆိုင်းဆရာဦးဟန်ပ) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဒဂုန် ဆရာတင် (တေးရေး ဒဂုန်ဆရာတင်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးဘမောင် (ဆိုင်း ဦးဘမောင်) ဟူ၍ ဖြစ်ပါသည်။ အလင်္ကာကျော်စွာ ဦးသုခ (စာရေးဆရာ၊ဒါရိုက်တာ ဦးသုခ) ဟူ၍ ဖြစ်ပါ သည်။ ထို့ပြင် အခြား အလင်္ကာကျော်စွာ ဘွဲ့ ရသူများလည်း ကျန်ရှိဦးမည် ဖြစ်ပါသည်။

အထက်တွင် ကျွန်တော်ဖော်ပြထားသော အလင်္ကာကျော်စွာ ဘွဲ့ရသူများစာရင်းကိုကြည့်လိုက်ရုံနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကဲ့သို့အလုံးစုံသောဂုဏ်တို့နှင့် ပြည့်စုံခြင်းမရှိသော်လည်း သက်ဆိုင်ရာ နယ်ပယ် အသီးသီး တွင် အခေါင်အထွတ်ဟုဆိုရမည့် အနုပညာသည်များဖြစ်သည်ကို စာဖတ်သူတို့ အလွယ်တကူတွေ့မြင်နိုင်ပါ သည်။ ဂီတစာဆိုမြို့မငြိမ်း၏ဂုဏ်ဒြပ်တို့ကိုလည်းကောင်း ကာတွန်း ဦးဘဂျမ်း၏ တခေတ်တယောက် ဆိုရ မလောက်ပြောင်မြောက်ခဲ့သော ကာတွန်းများအကြောင်းကို လည်းကောင်း ကျွန်တော်က အကျယ်ဝိတ္တာရချဲ့စရာမလိုတော့ဘဲ စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါသည်။

သို့သော် ဤမျှအကျော်ဒေးယျ ထိုထိုပုဂ္ဂိုလ်တို့ကိုချီးမြှင့်ခဲ့သော ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ ဂုဏ်ဒြပ် ကျက်သရေ တို့သည် ယခု ၂၀၁၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် စင်ရော်မောင်မောင်နှင့် ဟင်္သာတ မြင့်ငွေတို့ ကို ချီးမြှင့်လိုက် ရာမှ တသက်လုံးမွေးလာခဲ့သောကြက်ကို တချက်တည်းနှင့် ရိုက်ချက်စား လိုက်သည့်ပမာ ပျက်စီးသွားခဲ့ပါတော့သည်။

ဤနေရာတွင် ရုပ်ရှင်ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် တေးရေး ဟင်္သာတမြင့်ငွေတို့၏ အုပ်ချုပ်သူ စစ် အစိုးရအကြိုက် ဝါဒဖြန့်ဇာတ်ကားများ၊ တေးသီချင်းများကို ရိုက်ကူးခဲ့ကြရေးစပ်ခဲ့ကြ ပြည်သူတွေကို မှိုင်းတိုက်ခဲ့ကြသည့်အကြောင်းကို စာဖတ်သူတို့ သိပြီးဖြစ်ပါသည်။ သို့သော် ထို့အတွက်ကြောင့် သက်သက် ‘အလင်္ကာကျော်စွာ’ ဘွဲ့ နှင့် မထိုက်တန်ဟု ကျွန်တော်စွပ်စွဲလိုခြင်း မရှိပါ (အမှန်တော့ အလင်္ကာကျော်စွာ ဘွဲ့ရသည့်သူ မှန်သမျှ အာဏာရှင်အစိုးရနှင့် ကင်းရှင်းသင့်လှသည်)။ သို့သော် ‘အလင်္ကာကျော်စွာ’ ဘွဲ့ချီးမြှင့် ရလောက် အောင် မည်သည့်အနုပညာ စွမ်းဆောင်မှုများ ထူးထူးချွန် ချွန်ဆောင်ရွက်ခဲ့ပါသနည်း ဟူသော မေးခွန်းကိုတော့ ကျေလည်အောင် ဖြေဆိုရပါမည်။

ဒါရိုက်တာ စင်ရော်မောင်မောင်သည် ဒါရိုက်တာ ဦးသုခကဲ့သို့ ပြောင်မြောက်သောအနုပညာလက်ရာ ရုပ်ရှင်ကားများကို ဖန်တီးခဲ့ပါသလောဟူသော မေးခွန်း ပေါ်လာပါသည်။
တေးရေးဟင်္သာတမြင့်ငွေသည် ဂီတစာဆို မြို့မငြိမ်း၏ဆယ်ပုံတပုံမျှ ဂီတအားဖြင့်သော်လည်းကောင်း စာသား အားဖြင့်သော်လည်းကောင်း၊ အရည်အသွေးရှိသော တေးသီချင်းတို့ကို ရေးစပ်ခဲ့ပါသလော ဟူသောမေးခွန်း ပေါ်လာပါသည်။

အဖြေကိုတော့ စာဖတ်သူများ သိကြပြီး ဖြစ်ပါသည်။

www.toonvectors.com
 
ထို့ပြင် ဤနေရာတွင် နောက်ထပ်တင်ပြစရာရှိသည်မှာ လွတ်လပ်ရေးနေ့တိုင်းတွင် ချီးမြှင့်နေကြဖြစ် သော ထိုထို ဤဤ ဘွဲ့ထူးဂုဏ်ထူးများသည် မဖြစ်မနေ ချီးကိုချီးမြှင့်ရမည့် ဘွဲ့ထူးများမဟုတ်ပါ။ သင့်လျော်သူ ရှိပါက ချီးမြှင့်ရန်ဖြစ်ပြီး သင့်လျော်သူမရှိပါက မချီးမြှင့်ဘဲနေရန်သာ ဖြစ်ပါသည်။

နောက်တခု တင်ပြလိုသည်မှာ ထိုဆုများကိုချီးမြှင့်သော ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏တာဝန်ရှိ မှု ဖြစ်ပါသည်။ ကျွန်တော်နားလည်သလောက် ဆုချီးမြှင့်သင့်သောပုဂ္ဂိုလ်များကို အောက်ခြေအဖွဲ့အစည်းများ က စိစစ်ရွေးချယ်၍ နိုင်ငံတော်သမ္မတထံ တင်ပြရပါသည်။ နိုင်ငံတော်သမ္မတက တဖန် သင့်မသင့် လျော် မလျော် ကြည့်ရှု၍ အတည်ပြုဆုံးဖြတ်ရခြင်း ဖြစ်ပါသည်။ သို့သော် အားလုံးသိကြပြီးသည့်အတိုင်း ဦးသိန်းစိန်တွင် သင့် မသင့် လျော်မလျော် စဉ်းစားဆုံးဖြတ် နိုင်စွမ်းလည်းမရှိ၊ အဂတိတရားလိုက်စားပြီး တင်ပြလာသည့် အလင်္ကာကျော်စွာဘွဲ့အတွက် အလောင်းအလျာများဖြစ်ကြသော စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေအား သမ္မတ၏ အခွင့်အာဏာနှင့် ပယ်ချရဲသော သတ္တိလည်း မရှိ၊ သူ့ကိုယ်နှိုက်ကလည်း အဂတိတရားမကင်းစင်လေရာ စင်ရော်မောင်မောင် နှင့် ဟင်္သာတမြင့်ငွေ တို့မှာ ‘အလင်္ကာကျော်စွာ’ ဘွဲ့ ရ သွားကြပါတော့သည်။

စင်စစ် ဦးသိန်းစိန်မှာ စာဖတ်သူတို့ ကြားဖူးကြမည်ဖြစ်သော တေးရေးကိုလေးလွင်ရေးသည့် သီချင်းခေါင်း စဉ် ပမာပကာသနအစိုးရအဖွဲ့ကိုဦးစီးသော ပကာသနဇာတ်ပျက်သမားတယောက်မျှသာ ဖြစ်နေပါသည်။ ပကာသန ဆန်ဆန် အပေါ်ယံရှပ်ရှပ်အလုပ်များကိုသာ လုပ်နိုင်စွမ်းရှိသူဖြစ်၍ စစ်အစိုးရကို မိမိပုဂ္ဂလိက အကျိုးစီးပွား အတွက် အစွမ်းကုန်အကျိုးပြုခဲ့ကြသည့် ‘စင်ရော်မောင်မောင်’ နှင့် ‘ဟင်္သာတမြင့်ငွေ’ တို့အား သူ သမ္မတ အဖြစ် အာဏာရှိနေဆဲဖြစ်သော နောက်ဆုံးအခိုက်အတန့် တွင် ပကာသနနောက်လိုက်၍ ဘွဲ့ထူး ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါ သည်။ 

မည်သို့ပင်ဖြစ်စေ ထိုသို့ ချီးမြှင့်လိုက်ခြင်းကား ရှေးအထက်ကျော်ကာရီက ‘အလင်္ကာကျော်စွာ’ ဘွဲ့ကို ရခဲ့ကြ သောပညာရှင်ကြီးများ၏မျက်နှာအား အိုးမည်းသုတ်လိုက်ခြင်းပင် ဖြစ်ပါသည်။ သို့သော် ဆုမှာ ချီးမြှင့်ခဲ့ပြီး ဖြစ် ရာ ယခုကျမှ ပြန်လည် ရုပ်သိမ်းရန်မှာလည်း ခဲယဉ်းခဲ့ပြီ ဖြစ်ပါသည်။

သို့သော် ထိုသို့ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းခဲ့ရသော ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ ဂုဏ်အသရေကို ပြန်လည် အဖတ်ဆည်နိုင်မည့် နည်းတနည်းတော့ရှိပါသည်။ ထိုနည်းမှာ နောင်အခါတွင် မိမိ၏ စစ်မှန်သော အရည် အချင်းကြောင့် ဘွဲ့ချီးမြှင့်ခံရမည့် ရုပ်ရှင်ဒါရိုက်တာ တယောက်ယောက်ကသော်လည်းကောင်း၊ ဂီတစာဆို တယောက် ယောက်ကသော်လည်းကောင်း အလင်္ကာကျော်စွာဘွဲ့ကို လက်ခံခြင်းမပြုဘဲ မထိုက်တန်သော သူများကို ချီးမြှင့် ခဲ့ဖူးခြင်းရှိသောကြောင့် လက်ခံခြင်းမပြုလိုပါဟု ငြင်းပယ်လိုက်သည့်နည်း ဖြစ်ပါသည်။
သို့သော် ထိုသို့ငြင်းပယ်ရဲသည့်ပညာရှင်တယောက်ယောက် ပေါ်မည်မပေါ်မည်ကို ကျွန်တော် အမှန် မပြောနိုင်ပါ။ သို့သော် ထိုသို့မငြင်းပယ်သမျှကာလပတ်လုံးလည်း ‘အလင်္ကာကျော်စွာ’ ဘွဲ့၏ ဂုဏ်သရေမှာ ညှိုးနွမ်းနေမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ယခုကာလတွင်သာ စာဖတ်သူတို့သည် စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့ အလင်္ကာကျော်စွာဘွဲ့နှင့်မထိုက်တန်မှန်းသိကြသော်လည်း နောင် နှစ်ပေါင်းငါးဆယ် တစ်ရာအကြာတွင်မူ နောင်လာနောက်သားများက မှတ်တမ်းများကို သာ ဖတ်ရှု၍ စင်ရော်မောင်မောင်နှင့် ဟင်္သာတမြင့်ငွေတို့အား အလင်္ကာကျော်စွာဘွဲ့နှင့် ထိုက်တန်သူများသဖွယ် ထင်မိမှားလိမ့်ကြမည်ဖြစ်ပါ သည်။
ဘာပဲဖြစ်ဖြစ် ယခု ကျွန်တော်တို့ပရိသတ်များပြုလုပ်နိုင်သော နည်းတနည်းတော့ ကျန်ရှိနေပါသေးသည်။ ဤနေ ရာတွင် နာမည်ကျော်ကာတွန်းဇာတ်ကောင် သမိန်ပေါသွပ်၏ဖန်တီးရှင် ယခုကွယ်လွန် ခဲ့ပြီဖြစ်သော ကာတွန်း မောင်ဝဏ္ဏကို စာဖတ်သူများ မှတ်မိကြမည် ထင်ပါသည်။ သမိန်ပေါသွပ်နှင့် တွဲဖက်၊ မောင်ဝဏ္ဏ၏ အခြား ဇာတ်ကောင်တကောင်ဖြစ်သော အာတာလွတ်မြို့စားကြီး၏သူရဲကောင်း ‘အလကားကျော်စွာ’ ကို လည်း စာဖတ်သူ များ မှတ်မိကြမည် ထင်ပါသည်။
စင်စစ် ‘အလကားကျော်စွာ’ ဟူသည် ‘အလင်္ကာကျော်စွာ’ ဟူသော စကားလုံးအား လှလှပပပုံဖျက်၍ ဖန်တီး လိုက်သော အပြောင်အပြက်စကားလုံး ဖြစ်ပါသည်။ အဓိပ္ပာယ်မှာလည်း ထိမိလှပါသည်။

ထို့ကြောင့် ‘အလင်္ကာကျော်စွာ’ အစား ‘အလကားကျော်စွာ’ ဟုပြောင်းလဲ၍ စင်ရော်မောင်မောင်နှင့် ဟင်္သာတ မြင့်ငွေတို့အား ခေါ်ဝေါ်လိုပါက ခေါ်ဝေါ်ကြရန် ဖြစ်ပါသည်။

စင်ရော်မောင်မောင်ကော ဟင်္သာတမြင့်ငွေပါ ‘အလကားကျော်စွာ’ ဟူသောဘွဲ့အမည်နှင့်တော့ ထိုက်တန်လိမ့် မည် ဟု ကျွန်တော် ယူဆမိပါသတည်း။ ။

ညိုထက်ညို

Comments