သစ်ခက်သံလွင် အက်ဆေး၊ သင်းရည်လွင်၏ "ပြတင်း"

ပြတင်း 

သင်းရည်လွင်
 
Emaze
 တခါတရံ တိတ်ဆိတ်ခြင်းသည် လူတယောက်အတွက် အမှောင်ထဲ ၌ စောင့်ဆိုင်းနေသော လူသတ်သမားလို ဖြစ်သည်။ လူနှင့်သဟဇာတမဖြစ်သောအတွေးဆိုးများ ရှင်သန် ရာဖြစ်လာတတ်သည်။ ကောင်းသောအတွေးများ စိုက်ပျိုးနိုင်လျှင် ဝမ်းသာရပြီး အတွေးဆိုး ဝင်လာလျှင် ဒုက္ခပါလာပေပြီ။

မနက်ခင်း ပြတင်းတံခါးတွေဖွင့်လိုက်တိုင်း အိမ်ရှေ့ပန်းရုံလေးဆီမှလေပြေသယ်ဆောင်လာသော ပန်းရနံ့တို့အလုအယက် တိုးဝှေ့ရောက်လာတတ်ပြီး ပန်းရနံ့တွေနဲ့အတူ နံနက်ခင်းတို့ အေးမြလန်းဆတ်မြဲ ကြည်နူးသာယာစွာ ခံစားနေတတ်မြဲ ဖြစ်သည်။ 

နေ့တနေ့ရဲ့ပထမဆုံးထိတွေ့ ခံစားရသောမြင်ကွင်းတို့သည် နေ့တနေ့စာအတွက် ခွန်အား မျှော်လင့်ခြင်း စိတ်ကူးတို့ဖြင့် လောကကို ပျော်ရွှင်စွာ ဖြတ်သန်းစေသည်။
အချိန်တို့ကား တိုရေရှားရေနိုင်လှပါသည်။ ဘဝတခုလုံးနှင့်တိုင်းတာလျှင်တော့ ဆိုဖွယ်ရာမရှိ။ မွေးဖွားချိန် မှသေဆုံးချိန်အထိ လွန်ခဲ့သောအချိန်များပြန်တွေးကြည့်သည့်အခါ ရှင်သန်ခြင်းအတွက် ရုန်းကန်မှု များ ပြည့်နှက်နေသည်။
ရှင်သန်ခြင်းဆိုသည် မျက်စိတမှိတ်လျှပ်တပျက်အတွင်းပုံ သဏ္ဏာန်အမျိုးမျိုး ဖန်ဆင်းရနိုင်သည်ကို ငြင်းဆန် မရ။ ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင် ဆိုစကားကို မေ့ထား၍ မရဖြစ်သည်။ တကယ်တန်းကျတော့ မိမိကျင်လည် နေထိုင်ရာဝန်းကျင်တွင် မိမိချစ်သူခင်သူများ၊ မိသားစုဆွေမျိုး မိတ်သဟာများ အနည်းနဲ့ အများဆိုသလို ဆုံးရှုံးခဲ့ဖူးသူများ ဖြစ်သည်။ 

ထိုချစ်သူခင်သူတို့ လောကအလည် ဘယ်၍ဘယ်မျှ အချိန်ဘယ်လောက် အသက်ရှင်နေထိုင်သွား ကြပါသနည်း။ တချို့မွေးဖွားချိန်မှာပင်သေဆုံးခဲ့ကြပြီးဖြစ်သလို တချို့ဆို မိခင်ဝမ်းဗိုက်ထဲမှာပင် ပျက်စီးခဲ့ကြသည်။ အချိန်၊ နေရာ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ အဖြစ်အပျက်များ မည်သူ ဖန်တီးနေ ပါသနည်း။
အာဒမ် ဧဝကစလို့  ဗြဟ္မာကြီးတွေ၊ ဘုရားသခင်၊ မျောက်ကဆင်းသက်… အမျိုးမျိုး ဆေးရောင် ခြယ်နေဆဲ။ သမိုင်းပညာရှင်တို့ မှတ်တမ်းအချို့အရ လူဖြစ်စဉ်သက်တန်းများ နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်ကြောင်း မှတ်သားမိသည် ။ သမိုင်းဆိုသည်မှာ မျိုးဆက် အဆက်ဆက် ပညာရှင်အဆက်ဆက် မှတ်တမ်း မှတ်ရာများဖြင့်လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ရာ သမိုင်းအမှားအမှန်ကို အချိန်ကသာ အဆုံးအဖြတ် ပေးနိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ တွေးတောခြင်းပြတင်းကို ချိန်ခါမရွေး ဖွင့်ထားရန်လိုမည်ထင်သည်။

ပြတင်းပေါက်များသည် အလင်းရောင်အတွက်လိုအပ်သလို အမှောင်အမိုက်များ၊ အတ္တများအတွက် လိုအပ်သည်။ ကျန်းမာရေးအရ ဖြစ်စေ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံရန်ဖြစ်စေ လိုအပ်သည်။ လူဆိုသည်မှာ တယောက်တည်းဖြတ်သန်း၍မဖြစ်။ ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ နှစ်သက် သည်ဖြစ်စေ… မနှစ်သက်သည်ဖြစ်စေ အလိုက်အထိုက်ဆက်ဆံရသည့်လူမှုရေး နယ်ပယ် ရှိ သည်။ ပြတင်းတံခါးတွေ ပိတ် ထားခြင်းဖြင့် တယောက်ထဲ သီးသန့်အတွေးတွေသာ မောင်းနှင်နိုင်ပေ လိမ့်မည်။ အတွေးဆိုသည် လူတိုင်းအတွက်မမြင်ရသောအဖော်မွန်ဖြစ်သည်။ တွေ့ကြုံဖြတ်သန်းရသောအရာမှန်သမျှ အတွေးများ  တနည်းနည်း ချန်ထားခဲ့တတ်သည်။ တခါတရံ တိတ်ဆိတ်ခြင်းသည် လူတယောက်အတွက် အမှောင်ထဲ ၌ စောင့်ဆိုင်းနေသော လူသတ်သမားလို ဖြစ်သည်။ လူနှင့်သဟဇာတမဖြစ်သောအတွေးဆိုးများ ရှင်သန် ရာဖြစ်လာတတ်သည်။ ကောင်းသောအတွေးများ စိုက်ပျိုးနိုင်လျှင် ဝမ်းသာရပြီး အတွေးဆိုး ဝင်လာလျှင် ဒုက္ခပါလာပေပြီ။ လူသည် မိသားစုအသိုင်းအဝန်းအစုအဖွဲ့ ဖြစ်ရှင်သန်သည်။ 

သည့်အတွက် ပြတင်းပေါက်တွေ ပိတ်ထားလို့မဖြစ်။ 

ပတ်ဝန်းကျင်နှင့်မတွေ့ဆုံလိုသူများအတွက်တော့ ပြတင်း တို့သည် တစ္ဆေလို အယောင်ဆောင် တတ်ပြန် သည်။ မည်သို့ပင်ဖြစ်စေ ပြတင်းတံခါးတို့ လိုအပ်နေဆဲဖြစ်သည်။ 

သင်ကြိုက်သည်ဖြစ်မကြိုက်သည်ဖြစ်စေ ပြတင်းတံခါးတွေ ရှိနေပေဦးမည်။ လူများစွာ အဖွင့်အပိတ် လုပ်နေ ကြဦးမည်။

အခက်အခဲဆုံးကတော့ ကျွန်တော်တို့၏စိတ်တံခါးများကို အဖွင့်အပိတ်မလုပ်နိုင်ခြင်းသာလျှင် ဖြစ်ပေသည်။

သင်းရည်လွင်

Comments