သစ်ခက်သံလွင် တကိုယ်တော်၊ မြတ်လှိုင်းရဲ့ " ကောင်မလေးအတွက် ကာရန်" ကဗျာများ

မြတ်လှိုင်းရဲ့ တကိုယ်တော်ကဗျာ
 
ကောင်မလေးအတွက် ကာရန်  ၁
 
KT#

ကောင်မလေးရေ
မင်း ငိုနေလား
ငါ့နှလုံးသားမှာလဲ ဆူးတွေနဲ့ ။
ရယ်ပြီးရင်
ငိုရတဲ့ဇာတ်ဝင်ခန်း
ငါတို့
ဘယ်လောက်ကြာကြာလွမ်းရမှာလဲ
လမ်းတွေက ဒီမြို့မှာကွေ့ကောက်လွန်းတယ်
သံသယတွေစွန်းထင်းနေတဲ့လမ်းဆုံ
မင်းရဲ့အကြည့်မှာ ငါမှားခဲ့တယ်
ငါ့ရဲ့အပြုံးမှာ မင်းမှားခဲ့တယ် ။
အမှားတွေကြက်ခြေအခတ်ခံခဲ့ရ
သောကကို
ငါတို့ကိုယ်တိုင်မျှားခဲ့ကြတာပဲ ။
ဒီလိုနဲ့
အလွမ်းတွေ အရိုးရင့်ချိန်ရောက်မှ
နောက်ပြန်မလှည့်စတမ်း
လမ်းအခွဲမှာ မင်းမငိုနဲ့
ရင်ထဲစူးလည်း စူးစေတော့
အလည်လွန်ညတညကို
ခူးဆွတ်ပန်ဆင်လိုက်ပါ ကောင်မလေးရေ။   ။
….
ကောင်မလေးအတွက် ကာရန်  ၃
 
KT#
ကောင်မလေးရေ
ငါ ပြန်လာမယ့်လမ်းမှာ
လေကြမ်းတွေ ခပ်ရိုင်းရိုင်းတိုက်ခတ်နေမယ်ဆိုလည်း
ငါ့ ရင်ဘတ်ထဲမှာ
အလွမ်းတွေတနင့်တပိုးထည့်ပြီး ပြန်လာမယ်ကွဲ့။
ငါပြန်လာခဲ့ပြီ
ဒီလိုပါပဲ
ဟောဒီ့လမ်းကို အကြိမ်ကြိမ်လာခဲ့ကြတယ်
အကြိမ်ကြိမ်ပြန်ခဲ့ကြတယ်
ဟိုး ခပ်ဝေးဝေးမှာ နှင်းတွေဝေနေပေါ့၊
သီဝနတ်ဘုရားကို ဂီတနဲ့ပူဇော်သလို
ငါတို့ဟာ ချစ်ခြင်းတရားအတွက်
အကြိမ်ကြိမ်လောင်ကျွမ်းခံရတဲ့
ထင်းချောင်းတွေဖြစ်ခဲ့ ။
ငါ ပြန်လာခဲ့ပြီ
အနာဂတ်နေခြည်လှုံရင်း
ယုံကြည်ချက်လက်ချင်းတွဲဆက်
မြေကပ်ပန်း ခရမ်းပြာတွေပွင့်တဲ့လမ်း
ဖဝါးညီတူချ၊ ကန္တာရဆူး စူးစေတော့
မိုးမုန်တိုင်းတွေရိုင်းစေတော့
နှင်းညအမှောင်တွေ လွှမ်းစေတော့
လောကပါလသစ္စာပန်းရဲ့ရနံ့သစ်ကို
ငါတို့လက်နဲ့ဖွင့်လှစ်ဖို့ ။
ငါပြန်လာပြီကွဲ့
ငိုခြင်း ရယ်ခြင်းတွေရဲ့ညနေခင်းများစွာ
မျှော်လင့်ခြင်းတွေ
အကြိမ်ကြိမ်လဲကျ
အကြိမ်ကြိမ်ပြန်ထရင်း
မင်းရှိတဲ့
ကြည်ပြာရောင်ကောင်းကင်အောက်ကလမ်းမှာ
ငြိမ်းချမ်းခြင်းပန်းတွေပွင့်ဖူးဖို့
အနမ်းနဲ့ကြိုပါကွဲ့ကောင်မလေးရေ ။     ။
ကောင်မလေးအတွက်ကာရန် ၉

KT#
 ကောင်မလေးရေ
လမ်းပေါ်မှာတွေဝေမှုတွေ ဝေခွဲမရ
မှုန်ပျပျနဲ့၊ မလင်းသေးတဲ့မနက်ခင်း
ကောင်းကင်ကလည်း လွမ်းစရာကောင်းရဲ့။
ငါတို့ယုံကြည်ခဲ့တယ်
ပွင့်လန်းလာမယ့်ပန်းခင်း
လန်းဆတ်တဲ့ရနံ့ကိုတခဏရှုရှိုက်ခဲ့ဖူးတယ်
ခေတ်တစ်ခေတ်ကိုသင်းပျံ့သလိုလို။
ဒါပေမဲ့
ငါတို့ ထားခဲ့နိုင်ပြီလား
အိပ်မက်ဆိုးတွေခြောက်တဲ့ည
ဒုက္ခမုန်တိုင်းတွေမှာကြံ့ကြံ့ခံခဲ့ရတာတွေ
လမ်းပျောက်ခဲ့တဲ့ကန္တာရ
ငါတို့အော်သံတွေဘယ်သူမှမကြားနိုင်ခဲ့တာတွေ ။
ငါတို့ထားခဲ့နိုင်ပြီလား
ချစ်ခြင်းတရားကိုပြန်တူးဖော်လို့မရ
ဝေဒနာတွေတောက်ပပြီး
ခွဲခွာခြင်းကိုမသိကျိုးကျွန်ပြု
မျက်ရည်စက်တွေခမ်းခြောက်
ငြိမ်သက်စွာရှိုက်ငိုနေတဲ့ခေတ်ကို။
ငါတို့ထားခဲ့နိုင်ပြီလား
အလှောင်ပိတ်ခံခဲ့ရပြီး
ထိုးဖောက်ထွက်ဖို့ကြိုးစားခဲ့ရတဲ့ခေတ်ကို။
အဝေးဆီ
မလွင့်ချင်ပဲလွင့်ခဲ့ရ
မာယာနယ်ထဲ
မကွေ့ချင်ပဲကောက်ခဲ့ရတဲ့ခေတ်ကို ။
နိဂုံးမချုပ်ချင်ဘဲ
အရှုတ်တွေပြန်ထိုးထည့်ထားရတဲ့ခေတ်ဆိုးထဲကသဲလွန်စတွေ။
ငါတို့ ထားခဲ့နိုင်ပြီလား
နေ့တနေ့ဟာ
နေ့ပီသလာမလားဆိုတဲ့
ဝိုးတဝါးအိပ်မက်တွေ
လေးခတ်သံကြားခဲ့ရပြီး
ရှောင်တိမ်းပျံသန်းတဲ့ခေတ်ကို
မင်း
သေချာစဉ်းစားလိုက်စမ်းကွဲ့
ငါတို့လှမ်းချင်တဲ့လမ်းကို
မရေရာမှုတွေထဲပစ်ထားနိုင်ပြီလား
ငါတို့မရောက် ရောက်အောင်ဆက်လှမ်းနိုင်မှာလား
စဉ်းစားစမ်းကွဲ့ကောင်မလေးရေ ။ ။
….
ကောင်မလေးအတွက်ကာရန်  ၁၅
 
KT#
 ထီးတချောင်းကို
ငါ ဘယ်တော့မှဆောင်မထားခဲ့
ငါ့အပေါ်ခဏခဏ မိုးရွာချခဲ့တယ်
လေစိမ်းတွေရဲ့ကျီစယ်ကစားမှုမှာ
ငါ အခါခါဖျားနာခဲ့
ဒါက ဘာအရေးကြီးလို့လဲ ။
ကော်ဖီက ခါးသီးတယ်
သေရည်တခွက်က ချိုမြနေတယ်
ငါက မီးခိုးငွေ့တွေနဲ့လိုက်ပါပြီးတွေးတယ်
လူတွေနဲ့ဆန့်ကျင်နေမှုကိုနှစ်သက်တယ်
မိန်းမတယောက်ရဲ့အလှထဲစွဲစွဲမက်မက်ကျဆုံးဖူးတယ်
ဒါလည်း အရေးမကြီးသေးဘူး။
အခန်းကျဉ်းလေးထဲမှာနေခဲ့တယ်
ခရီးဝေးထွက်ရမှာပျင်းခဲ့တယ်
ဒါပေမဲ့
ငါ့အတွေးက
ကမ္ဘာအနှံ့ရောက်ဖူးခဲ့တယ်
မြစ်တမြစ်မှာရေအကြိမ်ကြိမ်ချိုးဖို့
ရေစီးနဲ့အတူလိုက်မျောပါခဲ့ဖူးတယ်
ဒါလည်း အရေးမကြီးသေးဘူး။
ကြီးကြီးကျယ်ကျယ်ပြောမယ်
ကားလ်မတ်ဆီအလည်သွားဖူးတယ်
ပီကာဆိုနဲ့စကားစမြည်ပြောဖူးတယ်
ဗန်ဂိုးရဲ့အာလူးစားသူများကိုလုယူဖူးတယ်
တဂိုးကိုသွားငြင်းဆိုဖူးတယ်
သူတောင်းစားတယောက်ရဲ့ခွက်ထဲကညစာကို
မြိန်မြိန်ယှက်ယှက်စားခဲ့ဖူးတယ်
ဒါလည်း အရေးကြီးတယ်လို့မထင်သေးဘူး။
ဘာကအရေးအကြီးဆုံးလဲ
ဆိုပါစို့
ငါအရမ်းညံ့လွန်းတယ်
မင်းရဲ့မျက်နှာကို ခက်ခဲတဲ့ပုစ္ဆာတပုဒ်လို
မဖတ်တတ်ခဲ့ဘူးဆိုတာ ။     ။
ကောင်မလေးအတွက် ကာရန် ၂၄
သို့မဟုတ်
ရှာလီဝေလင် သို့တမ်းချင်း
 
KT#
 စောင့်နေရတယ်
ဒုက္ခမိုးတိမ်တွေ လွင့်မျောသွားမယ့်အချိန်
မျှော်လင့်ခြင်းနေခြည်တွေရောက်မလာသေးဘူး
ဒီတောင်ထက် ပိုမြင့်တဲ့
တောင်တွေရှိနေသေးတာသိလျက်နဲ့
ဒီတောင်ကိုတောင်ကျော်ဖို့ ခက်ခဲနေရ
တောင့်တမှုတွေပြည့်စုံဖို့မဟုတ်ပါဘူး
ကြောင့်ကြရမှုတွေမရှိရင်ပဲ
ဘဝဟာ နေပျော်စရာကောင်းလိမ့်မယ်။
မျှော်လင့်နေရတယ်
ခေတ်တခုကိုထားပစ်ခဲ့ပြီးတော့
တေးသံတွေ ဆိတ်သုဉ်းနေတဲ့မြို့မှာ
ငါတို့စိတ်ကူးတွေ ကမ်းကပ်ခဲ့တယ်
ရှေ့ဆက်ရမယ့်ခရီး
နီးသလိုလိုနဲ့ ဝေးခဲ့တယ်
မတုအပသတိပြုနေရတဲ့
ပကာသနယဉ်ကျေးမှုလှိုင်းထဲမှာ
ငါတို့ရဲ့မဟာဗျူဟာဆိုတာ
တစ်နေ့တာအဆင်ပြေရေးပဲမဟုတ်လား။
တမ်းတနေရတယ်
နှင်းဝေတဲ့လမ်း
ကြမ်းတမ်းတဲ့ကန္တာရ
မိုးမုန်တိုင်းညတွေဖြတ်ကျော်နိုင်မှ
ငါတို့ရဲ့မျှော်လင့်ခြင်းနေ့တွေရောက်လိမ့်မယ်
ရဲတိုက်ကိုသွားတဲ့လမ်း
စခန်းတွေတထောက်ပြီးတထောက်နားခဲ့ရ
ဒါတောင်မှ
ရွှေပြည်တော်မျှော်တိုင်းဝေးနေရဦးမှာလား
ဟောဒီ လမ်းစကို
ငါတို့ လွယ်လွယ်ရခဲ့တာမဟုတ်ဘူး
နောက်တမိုးမချုပ်ခင်
အမှောင်ညကို
ငါတို့နိဂုံးချုပ်နိုင်မှ
ငါတို့ ဘဝတွေ လှပသာယာလိမ့်မယ် ရှာလီဝေလင် ။  ။

Comments