အလောင်းကောင်တွေဘေးက ကလေးငယ်လေးများရဲ့ ကမ္ဘာလောက ( မိုးသက်ငြိမ်ဦး )


အလောင်းကောင်တွေဘေးက ကလေးငယ်လေးများရဲ့ ကမ္ဘာလောက

 မိုးသက်ငြိမ်ဦး

လက်ရှိကမ္ဘာကြီးထဲမှာရှိနေတဲ့ ဖြစ်ပျက်နေတဲ့ အသုံးချခံနေရတဲ့ ကလေးလေးတွေဟာ ဆာလောင်မှုကြောင့် လမ်းကြောင်းအမှားဘက်ကို ရောက်သွားရသူတွေပါ။ ဆာလောင်မှုဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ ဆာလောင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာဆာလောင်မှုဆိုပြီးရှိတော့...

၁။

အင်တာနက်သတင်းများထဲက ဓာတ်ပုံတစ်ပုံမှာ ကလေးငယ်လေးတစ်ဦး လက်နှစ်မြှောက်ထားတယ်။ ( သေနတ်ထင်လို့ )။ တကယ်တော့ သူ့ကိုချိန်ရွယ်ထားတာက ကင်မရာပါ။ အဲ့ဒီကလေးငယ်လေးရဲ့ မျက်ဝန်းထဲက စကားများကို လူမျိုးဘာသာမရွေး အဓိပ္ပာယ် ဖော်နိုင်ပါလိမ့်မယ်။ ပြီးတော့ အစာရေစာ ငတ်မွတ်ခေါင်းပါးနေတဲ့ကလေးရဲ့ဘေးမှာ ဒီကလေး အသက်ဇီဝိန်ချုပ်ငြိမ်းချိန်ကိုစောင့်စားနေတဲ့ လင်းတငှက်များ။ စစ်ဘေးစစ်ဒဏ် ငတ်မွတ်ခေါင်းပါးမှုဒဏ် ရောဂါဘယနှိပ်စက်မှုဒဏ် ခံစားနေရတဲ့ ကလေးငယ်လေးများကိုမြင်ရတိုင်း စာနာစိတ်ရှိသူတို့ရဲ့ရင်ထဲ ဆွတ်ဆွတ်နာကျင်နေရပါလိမ့်မယ်။

အပြစ်မဲ့ကလေးလေးတွေဒီလိုဖြစ်အောင် ဘယ်သူကခွင့်ပြုခဲ့တာလည်း ကလေးလေးတွေဟာ လူကြီးတွေ ကြောင့်ဖြစ်တဲ့ စစ်ရဲ့ဓားစာခံတွေလား လူကြီးတွေပယောဂကြောင့်ဖြစ်တဲ့ စီးပွားပျက်ကပ် မှာ ကလေးလေးတွေဟာ ခေါင်းပါးမှုသားကောင်တွေလား။ ရောဂန္တရကပ်ဟာလည်း ကလေးလေးတွေ ကို ကင်းလွတ်ခွင့်မပေး မငဲ့ညှာတော့ဘူးလား။ အမှန်တကယ်တော့ ဒီမေးခွန်းတွေဟာ မေးစရာမလို ဖြေဖို့လဲမလိုအပ်တော့ပဲ ကြုံတွေ့နေရတာကြာပြီဖြစ်တဲ့အဖြစ်အပျက်များပဲ ဖြစ်ပါတယ်။

၂။

ဘယ်လိုပဲကလေးစစ်သား ပပျောက်ရေးတွေလုပ်နေပါစေ လက်ရှိကမ္ဘာကြီးမှာ ကလေးစစ်သားတွေ ရှိနေဆဲဖြစ်ကြောင်းကိုတော့ ဘယ်သူမှငြင်းလို့ရနိုင်မယ်မထင်ပါဘူး။ ကလေးတို့ရဲ့သဘာဝ ဆော့မယ် ကစားမယ်၊ အိပ်မယ်၊ ဗိုက်ဆာရင် ငိုမယ်၊ အိပ်ရာကနိုးနိုးချင်း ဗိုက်ဆာနေတော့ ပူဆာမယ်၊ ဒါပါပဲ။ ဒါပေမဲ့ အပြစ်ကင်းဖြူစင်ပြီး ဆာလောင်မှုတွေအပြည့်နဲ့ကလေးငယ်လေးတွေရဲ့ဘဝဟာ အတ္တ အမိုက်အမှောင် ဖုံးနေတဲ့လူကြီးတွေရဲ့အသုံးချခံတွေအဖြစ် ကမ္ဘာ့နဲ့အဝန်း ရှိနေခဲ့/ရှိနေဆဲဖြစ်တာကိုလည်း ဒီနေ့တွေ့နေရ ပါတယ်။ အိပ်ရာကနိုးရင် ဗိုက်ဆာမယ် စားစရာမရှိရင် မြင်တွေ့ဖူးထားတဲ့ အကောင်းစား အစားအစာတွေ ကို စိတ်ကူးနဲ့ဝအောင်စားပြီး ပြန်အိပ်ဖို့ပြင်တတ်တာလည်း ကလေးလေးတွေရဲ့ခက်ထန်ကြမ်း ထရော်သော အနာဂတ်များ။

......." ပေါင်မုန့်တွေပါးစပ်ထဲခုန်ဝင်တယ်
ငါးသေတ္တာဗူး တွေ လည်ချောင်းထဲလျှောခနဲပဲ
ထကြမယ် ထကြမယ်
ပြီးရင် ဗိုက်ဆာတယ်လို့ ဂါထာရေရွတ်မယ်
ပြန်အိပ်မယ် မျက်လုံးမှိတ်မယ်.. ..."


၃။ 

ဘာအတွက်ဖြစ်နေရတယ် ဘာကြောင့်ဖြစ်နေရတယ်ဆိုတာသေချာမသိပဲ ကမ္ဘာကြီးရဲ့စစ်ပွဲတွေထဲမှာ ကလေးငယ်လေးများစွာ ရှိနေကြပါတယ်။ သေချာတာကတော့ သူတို့မှာ ဆာလောင်ခြင်းရဲ့အသံ တဂွီဂွီမြည်နေတဲ့ ဗိုက်တွေ ကိုယ်စီပါနေကြတာပါပဲ။
သူတို့ဆာလောင်ခြင်းကို အခိုက်အတန့်ပဲဖြစ်ဖြစ် လတ်တလောငြှိမ်းသတ်ပေးနိုင်တယ်လို့ ထင်ရတဲ့သူတွေ ခိုင်းတာကို လုပ်နေကြတာပါပဲ။ သူတို့စိတ်ကူးထဲမှာတော့ စားစရာ ၀တ်စရာ ဆောင်းစရာ ဖတ်စရာတွေ အကုန်လုံးကို သူတို့တွေရဲ့ဗိုက်ထဲ သိမ်းကျုံးပြီးတော့ မောင်းသွင်းလိုက်မှာပေါ့။ သူတို့က ဆာလောင်နေကြ တာကိုး ။ သူတို့ဆာလောင်ခြင်းကိုဖြေဖျောက်တဲ့နည်းလမ်း မှန်ကန်ဖို့အတွက်ကတော့ ဖြတ်သန်းပြီးသွားတဲ့ အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားကြတဲ့ လူကြီးတိုင်းရဲ့တာဝန်ပါပဲ ။ ဆာလောင်ခြင်းကိုဖြေဖျောက်တဲ့နည်းလမ်း အမှားဘက်ကိုရောက်သွားလို့ကတော့ အဲ့ဒီကလေးလေးများ ဟာဖြင့် ကမ္ဘာကြီးထဲက ဘယ်သူပိုင်မှန်းမသိတဲ့ ကလေးစစ်သားကလေးတွေ အဖြစ်ကိုရောက်ရှိသွားနိုင်လို့ ပါပဲ ။

..................." ပြီးရင် စူပါမားကပ်ကြီးကို ဗိုက်ထဲမောင်းသွင်းမယ်
ထီးတွေလည်း စားလို့ရတယ်
စာအုပ်တွေလည်း စားလို့ရတယ်
အ၀တ်အစားတွေကအစ သားရေဖိနပ်အထိ စားစရာ.. .".....


တကယ်တမ်းတော့ ကလေးငယ်တိုင်းရဲ့ရင်ထဲမှာ သူတို့လေးစားအားကျရလောက်တဲ့ စံပြသူရဲကောင်း ရှိနေဖို့လိုအပ်ပါတယ်။ သူတို့စံထားတဲ့သူဟာလည်း ကမ္ဘ္ဘာကြီးရဲ့ကောင်းရာကောင်းကျိုးကို တဖက် တလမ်းက ထမ်းရွက်တဲ့သူဖြစ်ဖို့၊ လောကကောင်းကျိုးဆောင်ရွတ်ခြင်းမှာ ဆာလောင်နေဖို့ ကိုသာ လမ်းကြောင်းပြပေးထားရမှာပါ။ ဒီလိုမှမဟုတ်လို့ကတော့ ဘယ်ကလာပြီး ဘယ်ကိုသွားသွား တဂွီဂွီမြည်နေတဲ့ဗိုက်တွေရဲ့စေစားရာကြောင့် ၀ိသမလောဘသားတွေရဲ့ မျက်စိကျအသုံးချ စရာ ဖြစ်သွားနိုင်ပါတယ် ။

............" ဘယ်ကလာပြီးဘယ်ကိုသွားသွား
ငါတို့မှာတဂွီဂွီမြည်နေတဲ့ဗိုက်ေ
တွပါတယ်
ငါတို့ဟာဘယ်သူပိုင်မှန်းမသိတဲ့
ကမ္ဘာကြီးထဲကစစ်သားလေးများ......
."........


၎။ 

.........." ငါတို့ဟာ ဘယ်သူ့အစာဖြစ်မလဲ
ဘာပဲဖြစ်ဖြစ် ငါတို့ကိုလည်း စားလို့ရတယ်
စားလို့မရတာက ငါတို့ကိုင်ထားတဲ့သေနတ်ထဲက
ထွက်သောကျည်များ....."...........


လက်ရှိကမ္ဘာကြီးထဲမှာရှိနေတဲ့ ဖြစ်ပျက်နေတဲ့ အသုံးချခံနေရတဲ့ ကလေးလေးတွေဟာ ဆာလောင်မှုကြောင့် လမ်းကြောင်းအမှားဘက်ကို ရောက်သွားရသူတွေပါ။ ဆာလောင်မှုဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ ဆာလောင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာဆာလောင်မှုဆိုပြီးရှိတော့ သူတို့တွေရဲ့ဆာလောင်မှုဖြေဖျောက်ခြင်းလမ်းကြောင်းအမှန်ကိုဆွဲခေါ်ဖို့က အသိတရားရှိသူတိုင်းရဲ့ အလုပ်ပါပဲ။ ပန်းကလေးတွေလိုဖြစ်တဲ့ ကလေးလေးတွေရဲ့စိတ်ထဲက စွန်းထင်းပေညစ်အရောင် အဆင်းတွေကိုလည်း ချေချွတ်ပေးကြရမှာပဲ။

.........." ငါတို့ကိုစားလို့လည်းရတယ်
စားလို့မရတာကငါတို့ကိုင်ထားတဲ့သေနတ်ထဲက
ထွက်သောကျည်များ "........ 


ဆိုပြီး ဆာလောင်နေတဲ့ကမ္ဘာကြီးထဲက ဆာလောင်နေသူ ကလေးလေးအကြောင်းကို ကဗျာ ဆရာ မောင်ရေချမ်းက ကဗျာတစ်ပုဒ်ရေးထားပါတယ် ။ ရောင်စုံသူပုန် ( ၂၀၁၅ ) စာအုပ်ထဲမှာပါ ။

အလောင်းကောင်တွေဘေးမှာ

ပေါင်မုန့်တွေပါးစပ်ထဲခုန်ဝင်တယ်
ငါးသေတ္တာဗူးတွေလည်ချောင်းထဲလျှောခနဲပဲ
ထကြမယ် ထကြမယ်
ပြီးရင် ဗိုက်ဆာတယ်လို့ ဂါထာရေရွတ်မယ်
ပြန်အိပ်မယ် မျက်လုံးမှိတ်မယ်
ပြီးရင် စူပါမားကက်ကြီးကို ဗိုက်ထဲမောင်းသွင်းမယ်
ထီးတွေလဲ စားလို့ရတယ်
စာအုပ်တွေလဲ စားလို့ရတယ်
အ၀တ်အစား တွေကအစ သားရေဖိနပ်အထိ စားစရာ
ဘယ်ကလာပြီး ဘယ်ကိုသွားသွား
ငါတိုမှာတဂွီဂွီမြည်နေတဲ့ဗိုက်တွေပါတယ်
ငါတို့ဟာဘယ်သူပိုင်မှန်းမသိတဲ့ ကမ္ဘာကြီးထဲက စစ်သားလေးများ
ငါတို့ဟာဘယ်သူ့အစာဖြစ်မလဲ
ဘာပဲဖြစ်ဖြစ် ငါတို့ကိုလည်းစားလို့်ရတယ်
စားလို့မရတာက ငါတို့ကိုင်ထားတဲ့ သေနတ်ထဲက
ထွက်သောကျည်များ ။ ။


မောင်ရေချမ်း

ဝန်ခံချက်။ ။

ဆာလောင်နေသောကမ္ဘာကြီးထဲက ဆာလောင်နေသော ကလေးလေးများ၏ပြဿ      နာကို ၀ိုင်းဝန်းအဖြေရှာ ကြရန် ရောင်စုံသူပုန်၂၀၁၅ ကဗျာစာအုပ်ပါ ကဗျာဆရာ မောင်ရေချမ်း၏ “အလောင်းကောင်တွေ ဘေးမှာ” ကဗျာအား ခံစားရေးဖွဲ့ပါသည်။

မိုးသက်ငြိမ်ဦး
17.4.2016
နှစ်ဆန်း တစ်ရက်နေ့


Comments