သစ်ခက်သံလွင် အမှတ်တရ၊ ကာတွန်းဝင်းထွန်း၏ ဆရာပန်းချီမောင်မောင်သိုက်အမှတ်တရ



တခါတုန်းက
 ကာတွန်းဝင်းထွန်း

 ကျွန်တော် ကိုသိုက်နဲ့လည်း သိပေမယ့် ... သူအိမ်မှာ သူပုံရေးတာ တခါမှ မမြင်ဖူးဘူးသေးခင်က ဖြစ်၏။

ကျွန်တော်နဲ့ မဂ္ဂဇင်းတိုက်ပေါင်းစုံ ကာတွန်းအတူပို့ဖြစ်သူ အကိုဆရာ ကိုရွှေမင်းသားကို အဲဒီအကြောင်း ပြောပြတော့ .... လာ ဒီနေ့ ကိုသိုက်အိမ်သွားလည်ကြမယ် ခင်ဗျားလည်း သူရေးတာကြည့်ရတာပေါ့ ဆိုပြီး သွားပါတယ်။

 [၄၄ လမ်းနဲ့ကုန်သည်လမ်း ဒေါင့်ခန်းအပေါ်ထပ်မှာ ထင်၏]
 ရောက်သွားတော့ ဝတ္ထုစာအုပ် သူအဖုံးတခုရေးနေတာတွေ့၏ ကျွန်တော်လည်း ဘေးကနေ ထိုင်ကြည့်နေ၏။  ဒါပေမဲ့  သူက ဟေး အတော်ပဲ နားချင်နေတာနဲ့ဟု တိုးတိုးပြော လိုက်ပြီး ပုံရေးတာ ရပ်လိုက်၏။ ပြီးတော့ နောက်ဖေးဘက်လှည့်ကြည့်လိုက်သေးသည်။ … အိမ်ဝပ်ပိပြားရေးကို လှမ်းကြည့်သည်လားမသိ … အဟဲ ...

နောက် ကိုလှိုင်(ကိုရွှေမင်းသားကို လူအများခေါ်ကြသည့်အမည်) နှင့်ကော … ကျွန်တော်နဲ့ပါ စကားတွေ ပြောဖြစ်ကြသည်။ … (ခဏနေတော့ လူငယ်တဦး … ဘယ်သူလဲတော့မမှတ်မိ) ... အကိုသိုက် … ဟို (ဦး …. ဘယ်သူပေါ့) လာနေတာတွေ့တယ်ဟု … အိမ်ရှေ့မျက်နှာစာမှ လမ်းပေါ်ဘက်ကို လှမ်းကြည့်နေရင်း ... ကျွန်တော်တို့စကားဝိုင်းဆီ လှမ်းအော်လိုက်သည် ….

အော် .. ဟုဆိုကာ ကိုသိုက်က ပုံဆွဲခုံပေါ်က ပုံကိုတချက်ကြည့်ပြီး … ပုံကိုကောက်ယူလိုက်ကာ … ခုံအောက်ဖက် နောက်က ပုံးကြားထိုးသွင်းလိုက်၏။ …. နောက် တနေရာမှာ ထောင်ထားသော …. ရေးလက်စ အဖုံးဒီဇိုင်းတခုကို ပုံဆွဲခုံပေါ် တင်လိုက်သတည်း။ ပြီးတော့ ကျွန်တော်တို့ကို ရှူး တိုးတိုးဟု လုပ်ပြသည်။

မကြာခင် အဲဒီ ဦးဘယ်သူဆိုသူ အခန်းထဲဝင်လာသည်။ … ဘယ်လိုလဲ ဆရာသိုက်ရဲ့ ကျွန်တော့်အဖုံး ဘယ်တော့ရမလဲတဲ့ … ဟာ ခုပဲ ရေးနေတယ်။ … ကြည့်လေ ... ဟဲဟဲ မကြာခင် ... ပြီးတော့မှာပါ။ စာလုံးရေးမှာနဲ့ဆို ... နောက် ၂ ရက်လောက်မှ လာခဲ့ဗျာ … ဟု ကိုသိုက်က ဖြေလိုက်သတည်း။ … အဲဒီ စာအုပ်တိုက်က ဦးဘယ်သူလဲ ကဲ ရော့ ပုံခ အကြေပေးခဲ့မယ်ဆိုပြီး ငွေထုပ်ချပေးခဲ့ကာ (ဆက်ဆက်ပြီးအောင်လုပ်နော် ကျွန်တော်လာခဲ့မယ်)ဟု ပြောပြောဆိုဆို ပြန်ဆင်းသွားလေသတည်း။
ကွယ်လွန်ခြင်းတနှစ်ပြည့်တုန်းက ...(အင်တာနက်မှာယူပါသည်)


ပြီးတော့ ... ကိုသိုက်က ကျွန်တော်နဲ့ ကိုလှိုင်ဘက်လှည့်ခါ … ဝူး ဂလိုပဲ …. အလုပ်က ကျပ်တယ်ဟု ပြော၏။ စောစောချောင်ထိုး ထားသော ပုံကို ပြန်ယူ၍ လဲတင်လိုက်ပြန်သည် … ညနေ ဒီပုံရှင်လာလိမ့် ဦးမယ်တဲ့ … အဟဲ …။

အော် ဒီလောက် လက်သွက်သွက်ရေးနိုင်နေတာတောင် လက်မလည်အောင် ... ဖြစ်နေပါလားလို့ တွေးမိတယ်။ ... အောင်မြင်မှုရဲ့ ဒုက္ခလေလား သုခ လေလားမသိပါ။ သို့သော် ...ကျွန်တော် ... စိတ်ထဲမတော့ အတော်အားကျမိခဲ့တာ အမှန်ဖြစ်သတည်း။

၁၉၉၀ ခုနှစ်ဆန်း ...ကျွန်တော်နဲ့ ပန်းချီကိုမောင်ဟန် ဘန်ကောက်ကို မသွားခင် ကိုသိုက်ကို သွားနှုတ် ဆက်တော့ ... ဟေ့ မင်းတို့ ၂ ကောင် ဟိုမှာ အပျော်ရှာမနေနဲ့ လေ့လာစရာတွေ တွေ့မယ် ... လေ့လာပါ ... ပညာရှာပါလို့မှာလိုက်တဲ့အသံ ပြန်ကြားယောင်မိတယ်။

၂၀၁၃ အမေ့ကို တွေ့ဖို့ ခဏပြန်လာတော့ အချိန်မရလို့ ဘယ်သူ့မှ ဟုတ်တိပတ်တိ မတွေ့ခဲ့ရ ... တကယ်လို့ များ အခုပြန်နိုင်ရင်တောင် တွေ့ခွင့်မရတော့ပါ အကိုဆရာရေ ... ...


ဝင်းထွန်း
100416



Comments