သစ်ခက်သံလွင်၊ ပညာရေးဆိုင်ရာအတွေးအမြင်ဆောင်းပါး၊ ငြိမ်းချမ်းအောင်၏ "အပေါ်ယံတွေ သိပ်များတယ်"




အပေါ်ယံတွေ သိပ်များတယ်
 
www.huffingtonpost.com 


 ပညာရေးကောင်းဖို့ဆိုရင် နိုင်ငံရေးတင်ကောင်းလို့ရတာမဟုတ်ပါဘူး၊ ပညာကို တကယ်တတ်ပြီး ကလေးတွေကို တန်ဖိုးထားတတ်တဲ့သူတွေလည်း အများကြီးလိုအပ်ပါတယ်...

ဖင်လန်ပညာရေး စနစ်မှာ စာမေးပွဲ ရှိပါတယ်။ ကလေးတွေကို ၁ လ တခါ ဒါမှ မဟုတ် ၂ လ တခါ စစ်ဆေးပါတယ်။ စာမေးပွဲကလေးတွေ အများကြီးရှိပါတယ်။ အဲဒီစာမေးပွဲလေးတွေက ရမှတ်ကို ကြည့်ပြီး အတန်းတက်သင့် မတက်သင့်ကိုလည်း ဆုံးဖြတ်ပါတယ်။ ကလေးတွေကို အတန်းတတန်းမှာ ၂ နှစ်နေ ခိုင်းတာ ရှိပါတယ်။ မိဘနဲ့ ဆရာ ဆွေးနွေးကြပါတယ်။ ဆရာ/မ တွေကလည်း အဲဒီလိုဖြစ်ရင် ရှက်ပြီး အလုပ်ကထွက်တာတောင် ရှိပါတယ်။ တာဝန်ယူမှု မိမိအသက်မွေးဝမ်းကျောင်းပညာကို တန်ဖိုးထားမှု ရှိကြပါတယ်။
-
ဗမာပြည်လိုတော့ ပထမအစမ်း၊ ဒုတိယအစမ်း၊ စာမေးပွဲကြီးဆိုတာပဲ မရှိတာပါ။
-
ဖင်လန်နိုင်ငံမှာ ကလေးတွေဟာ ကျောင်းယူနီဖောင်း မရှိပါဘူး။
-
ဒါပေမဲ့ ကျောင်းသားတွေက တံဆိပ်ရွေးပြီး ၀တ်ကြပါတယ်။ မိဘတိုင်းနီးပါးကလည်း အများဝတ်တဲ့တံဆိပ်ကို ၀ယ်ပေးနိုင်ကြပါတယ်။
-
ပညာရေးပြောရင် ဆရာနဲ့ ကျောင်းသားအချိုး၊ သင်ကြားရေးအထောက်အကူပစ္စည်းတွေနဲ့ ကျောင်းခန်းထဲမှာ ကလေးတွေက ဗိုက်တန်းတူမှု (ကျောင်းမှာ အခမဲ့ အစားအစာကျွေးတာ) ရှိတဲ့အတွက် စာသင်ကြားရတာ အဆင်ပြေတာပါ။
-
နောက် အချိန်ဇယားပါ။ ကလေးတွေကို မိနစ် ၄၀ လောက် စာသင်ပြီးတာနဲ့ ၁၀ - ၁၅ မိနစ် မဖြစ်မနေ အခန်းထဲက ထွက်ခိုင်းပါတယ်။ မဆော့ချင်တဲ့ ကလေးလည်း စာသင်ခန်းအပြင်က သန့်ရှင်းကောင်းမွန် တဲ့ လေကို ရှူရှိုက်ရပါတယ်။
-
ထပ်ပြောရင် ကျောင်းတွေကို တည်ဆောက်ထားတဲ့ ကိစ္စပါ။ ဖင်လန်နိုင်ငံမှာ ကျောင်းတွေကို ကျယ်ကျယ်ဝန်းဝန်း သို့မဟုတ် နှစ်ထပ် သို့မဟုတ် ၃ ထပ် ဆောက်ကြပါတယ်။ ဘာကြောင့် ဆောက်သလည်း မေးရင် လှေကားကျယ်ကျယ်တွေ၊ လက်ရမ်းတွေ များများတက်ထားတော့ ကလေးတွေက ကျောင်းထဲမှာတင် ကိုယ်လက်လှုပ်ရှားမှုကို သပ်သပ်ကြီးလေ့ကျင့်ရတာ မဟုတ်ဘဲ လုပ်သလို ဖြစ်အောင်ပါ။ ဥပမာ ထမင်းစားခန်းနဲ့ စာသင်ခန်းကို မီတာ ၁၀၀ လောက် အနည်းဆုံးဝေး ရမယ်သတ်မှတ်ထားတော့ တရက်ကို ၂ ခါ ထမင်းစားသွားရင် မီတာ ၄၀၀ လမ်းလျှောက်ပြီးသား၊ ပြေးပြီး သား ဖြစ်သွားပါတယ်။
-
အသက် ၁၄ နှစ်အောက် ကလေးတွေကို တရက်ကို ၃ နာရီ အားကစားလုပ်ရမယ်၊ ၁ နာရီ လောက်က ပြင်းပြင်းထန်ထန်၊ ၁ နာရီလောက်က အသင့်အတင့်၊ ၁ နာရီလောက်က ပုံမှန်ဆိုတဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ခိုင်းတယ်။ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားတော့ အိပ်တော့ လည်း ပြဿနာမရှိတော့ဘူး။ ကလေးတယောက်ဟာ အနည်းဆုံး ၁၀ နာရီလောက် အိပ်ရမယ်၊ များများအိပ်လေ ဉာဏ်ပိုကောင်းလေ၊ အရပ်ပိုရှည်လေ ဆိုတာတွေကို စနစ်တကျ သုသေသန ပြုထားတော့ သူတို့တွေက ရဲရဲတင်းတင်း မိဘတွေကို ပြောကြတယ်။
-
အဓိကအချက်က မိဘနဲ့ သားသမီးအချိန်ပေးဖို့ပါပဲ။ မိဘကိုတောင် မပြောရဲ မဆိုရဲ၊ ပြောခွင့်မရ၊ ဆိုခွင့်မရတဲ့ကလေးတယောက်ဟာ အပြင်လောကမှာ လူစိမ်းတယောက်ကို ရဲရဲတင်းတင်း ဆက်ဆံဖို့ဆိုတာ တော်တော်ခက်ခဲကြောင်းလည်း သူတို့က သုသေသန နှစ်ပေါင်းများစွာ လုပ်ခဲ့ကြပါတယ်။
-
ကလေးတွေကို အန္တရာယ်မရှိရင် ဘယ်တော့မှ မတားမြစ်ပါနဲ့၊ ကလေးတွေကို လွတ်လပ်စွာ ပြောခွင့်ပေးပါ၊ ကလေးတွေစကားကို သေသေချာချာ နားထောင်ပါ ဆိုပြီး မိဘတွေကို ပညာပေးတာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာကို အပေါ်က စာတွေ ဖတ်ရင် နားလည်လောက် ပါပြီ။
-
ဖင်လန်မှာ ကလေးမွေးဖွားနှုန်း နည်းလာပါပြီး။ တမိသားစုမှ အများဆုံးယူရင် ၁ ယောက် ၂ ယောက်ပဲ။ ဒါပေမဲ့ ၉၈ ရာခိုင်နှုန်းက ၁၆ နှစ်ပြည့်တာနဲ့ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ပါပြီ။ အမေ ကျနော် ပိုက်ဆံလိုတယ် မုန့်ဖိုးပေးလို့ ပြောရမှာကို ရှက်တတ်တဲ့ ကလေးတွေ ဖြစ်သွားကြပါတယ်။ ဒါကတော့ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့လည်း ဆိုင်ပါတယ်။ လူငယ်တွေကို အခွင့်အလမ်းပေးမှုနဲ့လည်း ဆိုင်ပါတယ်။ ဗမာနိုင်ငံက ကလေးတွေက အခွင့်အလမ်းမရှိ၊ လူကြီးတွေလည်း သားသမီးကို ပိုးမွေးသလို မွေးမှ မိဘ၀တ္တရားကြေတယ် ထင်ကြတာကိုး။
-
ဒါကြောင့် ပညာရေးကို မြှင့်တင်မယ်ဆိုရင် ကျောင်းကစပြီး အဘက်ဘက်ကို စနစ်တကျ တွက်ချက်ပြီး လုပ်ဖို့လိုအပ်ကြောင်းသာ ပြောချင်ပါတယ်။
-
ကလေး ၁၃ ယောက်လောက်ကို ဆရာတယောက် ခွဲ (၁ ၁/၂) နှုန်းနဲ့ သေသေချာချာ သင်တာကိုလည်း မေ့ထားလို့ မရပါဘူး။
-
အခုက ၄ တန်းအောင် ရွာကနေ ၂ နာရီလောက် လမ်းလျှောက်၊ သို့မဟုတ် စက်ဘီး ၁ နာရီလောက် နင်း ကျောင်းရောက်တော့ ရှိသမျှအင်အားတွေ ကုန်ခမ်းနေတဲ့ ကလေးတွေကလည်း အများကြီး၊ ဒီလို ကလေးတွေကို ကျောင်းနဲ့ အိမ် သိပ်မဝေးကွာအောင် စီစဉ်ပေးဖို့လည်း လိုအပ်ပါ တယ်။
-
ပညာရေးကောင်းဖို့ဆိုရင် နိုင်ငံရေးတင်ကောင်းလို့ရတာမဟုတ်ပါဘူး၊ ပညာကို တကယ်တတ်ပြီး ကလေးတွေကို တန်ဖိုးထားတတ်တဲ့သူတွေလည်း အများကြီးလိုအပ်ပါတယ် ခင်ဗျာ။
-
ငြိမ်းချမ်းအောင်

Comments