သစ်ခက်သံလွင်၊ အနုပညာရေးရာ-ကာတွန်းဝင်းထွန်းရဲ့ ရေဆေးနှင့် ကာတွန်းပုံများရေးခြင်း



ကာတွန်းဝင်းထွန်းရဲ့ ရေဆေးနှင့် ကာတွန်းပုံများရေးခြင်း
 
 
 My style watercolor painting .... 21

ကျွန်တော့်ကို လူငယ်တဦးက သူ့ကာတွန်းပုံလေးတွေ ဝါတာကာလာနဲ့ ကျွန်တော်ရေး သလို လေ့ကျင့်ချင် လို့ ဆေးပစ္စည်းအကြောင်းကအစ ရှင်းပြပါတဲ့။ ဒါနဲ့..my style watercolor painting ....20 တုန်းက  
 ရေးပြီးရှင်းပြတဲ့ မျက်နှာရှေ့တည့်တည့်ပုံကိုပဲ ခဲပြန်ကောက်ပြီး ပြန်ရှင်းပြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ...

ဒါပေမဲ့ ဒါဟာ တခြား ဝါတာကာလာပညာရှင်တွေ သင်ပေးသလို အဆင့်တွေ အယူအဆတွေ တူချင်မှ တူပါမယ်။ ခေါင်းစဉ်ကိုက ကျွန်တော့်စတိုင်ရေးနည်းလို့ ဆိုထားပါတယ်။ ရေဆေး အကြည်နဲ့ ပန်းချီပုံ လူပုံကအစ ပန်းချီဆရာကောင်းတဦးလိုရေးနည်း တတ်လိုပါက ပန်းချီကျောင်းသာ သွားတက်ပါ။

ကဲ ကျွန်တော်နည်းက ရှင်းတယ်။  ကျွန်တော်လိုသလောက် ရေးချင်သလောက်ပဲ ပစ္စည်းစုဆောင်းပါတယ်၊ သုံးပါတယ် ... ရေးပါတယ်။

ဆေးဗူးကတော့ တခြားပန်းချီဆရာလို Winsor & Newton, Cotman - ၁၈ ရောင် ဆေးဗူးပါ။ ... ဘေး ၂ ဖက်က အနက်နဲ့အဖြူဆေးတောင့်တွေကို လွှင့်ပစ်လိုက်ပါတယ် ... မသုံးချင်လို့ပါ။ အဲဒီ့နေရာမှာ နှင်းဆီပန်းရောင်နဲ့ တဖက်က ခရမ်း Mauve ဆေး ၂ ရောင်ညှစ်ထည့်ထားပါတယ်။ ပုံမှာကြည့်ပါ ။ ဆေးခွက် ၃ ခွက် ဆေးကုန်နေတာ ပြန်ဝယ်မထည့်ရသေးပါ အဟဲ ... (ခဲတံချွန်နည်းပါ မေး ထားပါတယ်။  နောက်မှခဲတံ အမည်း/ရောင်စုံခဲတံနဲ့ ကျွန်တော့်ရေးနည်း ခြစ်နည်း ပြောတဲ့အခါကျ ထည့်ပြောပြပါမယ်) ...။

(အဲဒီမှာ တရုတ်ကလာလာ၊ ဘယ်ကလာလာ၊ ဝါတာကာလာဗူး ဘာတံဆိပ်ပဲဖြစ်ဖြစ်...အရေးကြီးတာက ...ဆေးကို ဝါတာကာလာ စက္ကူပေါ် ရေအသင့်အတင့်နဲ့ တင်ကြည့်လို့ စက္ကူသားမမြင်ရအောင် ပိန်းပိတ် သွားရင် ဆေးရောင်ကြည်လင်မှုနည်းလို့ ရေဆေးအကြည်ရေးနည်းအတွက် မသုံးသင့်တဲ့အမျိုးအစားလို့ သတ်မှတ်သင့်ပါတယ်)(တချို့က ရေဆေးအထူရေးတဲ့ acrylic ဆေးကို ရေထိုးပြီး ရေဆေးအကြည် လို့ရေးတာ တွေ့ရပါတယ်။ တချို့က ရောရေးပြီး သရုပ်ဖော်ပုံ ရေးကြပါတယ်။  အဲဒါအတွက် ဘာမှမဝေဖန် လိုပါ။ ဒါပေမဲ့ ... ကျွန်တော်ရေးပြတာ ရေဆေးအကြည်ပါ)

နောက် စုတ်တံက နံပါတ် ၈၊ နံပါတ် ၄၊ နံပါတ် ၂ နဲ့ နံပတ် ၀ (သုည) အဲဒီ လေးချောင်းပဲ အသုံးများပါတယ် (တခြားပန်းချီကာကြီးများ ရှုခင်းကားများရေးရင် size နည်းနည်းကြီး တာလေးတွေ သုံးပါတယ်) ... အဲဘေးမှာပြထားတဲ့ ဓားချွန်ချွန်လေးလည်း ဆောင်ထားပါတယ်။ (စက္ကူဖြတ်ဖို့နဲ့ရေးဆေးခြောက်သွားရင် တခါတခါ ဆံပင်ပေါ်တို့ ဘာတို့ပေါ်မှာ ... High light အတွက် ခြစ်ထုတ်ဖို့ပါ) (တခါတလေ လက်သည်းနဲ့ လည်း ခြစ်တတ်ပါတယ် အဟဲ) ။ အခု ကာတွန်းမိန်းကလေးပုံတွေက ၆ လက်မ ၉ လက်မအရွယ် ရေဆေး စက္ကူ  Premiere Watercolor paper (acid free, medium weight, cold press 140 lb နဲ့ ရေးလေ့ရှိပါ တယ် ...။


၁။ ပထမ ခဲလိုင်းပေါ်မှာ ရေစိုစိုနဲ့ မျက်နှာအရောင် key tone အသားရောင်စပြီး တင်ပါတယ်။ (မျက်နှာအရောင်မတူတာ ... ဥပမာ အသားဖြူသူ၊ ဝါသူ၊ ညိုသူ စသည်ဖြင့် မျက်နှာသား key tone အရောင်ပြောင်းစပ်ရေးတင်ပါတယ်)

၂။ နောက် ပါးနီရောင် တချက်ဖြတ်တင်လိုက်ပါတယ်။ ရေစိုထဲ ရောသွားစေပါတယ် ...

၃။ ဆံပင်အရောင်လေးတွေ ရေစိုနေတုန်း ရောတင်ပါတယ် (အရင် ရှင်းလင်းချက်တွေမှာ အရောင်အမည်းက အစ ပြောပြခဲ့ပါတယ်။ ပြန်ရှာဖတ်စေချင်ပါတယ်)

၅ - ၆။ အဲဒီနောက် လက်သည်းနဲ့ ခြစ်ထားတာလေးတွေ တွေ့နိုင်ပါတယ် ...

၇။ မျက်တောင်မွှေးနဲ့ နှာခေါင်း ပါးစပ်အရောင်တင်ပါတယ်။ ရေနည်းနည်းထန့်လာပါပြီ .. ခြောက်လာပါပြီ ....။

၇ (က) - ၈။ မျက်ဆံထည့်ပါတယ်

၉။ မျက်ဆံအမည်းစက်လေး ပိုသိသာအောင်နဲ့ နှုတ်ခမ်းဒေါင့်လေးတွေမှာ အရောင်ရင့်လေးတွေ တို့ ထည့်ပါတယ်

၁၀။ ပြထားတဲ့ ဓားနဲ့ဆံပင်ပေါ်မှာ ခြစ်ထုတ်ပါတယ် ... အဖြူစက်လေးတွေ (စက္ကူသားပေါ်လာအောင် ခြစ်တာပါ)

၁၁။ မှာ နှာခေါင်း ပါးစပ်နဲ့ မျက်နှာပေါ်ရှိ မလိုအပ်တဲ့ခဲရာလေးတွေ ခဲဖျက်နဲ့ ခပ်ဖွဖွလေး လုက်ဖျက်ပါတယ်

၁၂။ ဒါကတော့ အရောင်မှန်အောင် စကင်နာနဲ့ ပြန်ဖတ်ထားတာပါ

ကျွန်တော်အခုရေးခြယ်ပြတာဟာ ပုံတူရေးတဲ့နည်းကို လျှော့သင့်တာလျှော့ပြီး အမြန် တချက်ပြီးလေးတွေ ထွင်ရေးကြည့်ထားတာပါ ...။

[တချို့ သရုပ်ဖော်ပုံရေးသူတွေရဲ့ပုံမှာ လူပုံတူရေးသလို ဆံပင်ကအစ အသေးစိတ်ရေးတော့ သရုပ်ဖော်ရေးနည်းအရသာ ပျက်ပါတယ် (ကျွန်တော့်ခံယူချက်က သရုပ်ဖော်ရေးတာဟာ ပုံတူရေးတာ မဟုတ်ပါ) တချို့ သရုပ်ဖော်ပုံမှာ .... ရေးချက်တွေ အရောင်တွေပြိုင်နေတတ်ကြပြီး ပုံက ပြန်ပြားသွားပါ တယ်။ ... နောက် ရေးတိုင်း အရောင်တွေ ထပ်နေပါတယ်။ ... ကြုံလို့ ကျွန်တော့် အယူအဆ ပြောပြတာပါ] (သဘောတူစရာ မလိုပါ)

ပန်းချီသမားဟာ ရေးကောင်းတိုင်း နင်းမရေးရပါဘူး။ အကုန်ကျွမ်း သွားပါမယ်။ ... ရပ်သင့်တဲ့နေရာ မရပ်တတ်ရင်လည်း ပန်းချီသမားကောင်းမဟုတ်ဟု ဆရာကြီးတဦးက မိန့်ခဲ့ဖူးပါတယ်။ ...စမ်းကြည့်ပါ။ ...တခြား ရေဆေးရေးချက်အယူအဆများ ကျွန်တော်ခံယူလေ့လာမိသလောက် အဆင်သင့်သလို ပြောပြ ပါမယ်။











 ပုံ -၁၊ အရင်တခါ တုန်းက သုံးခဲ့တဲ့ မျက်နှာပါပဲ
ပုံ ၂

ပုံ ၃

ပုံ ၎

ပုံ ၅

ပုံ ၆

ပုံ ၇

ပုံ ၇(က)

ပုံ ၈

ပုံ ၉

 
ပုံ ၁၀

ပုံ ၁၁

FINAL -

ကျွန်တော် အခုရေးခြယ်ပြတာဟာ ပုံတူရေးတဲ့နည်းကို လျှော့သင့်တာလျှော့ပြီး အမြန် တချက်ပြီးလေးတွေ ထွင်ရေးကြည့်ထားတာပါ ...
ပန်းချီသမားဟာ ရေးကောင်းကောင်း နင်းမရေးရပါဘူး ... မရပ်တတ်ရင်လဲ ပန်းချီသမားကောင်းမဟုတ်ဟု ဆရာကြီးတဦးက မိန့်ခဲ့ဖူးပါတယ်

ကာတွန်းဝင်းထွန်း





Comments