Tuesday, October 25, 2016

k

သစ်ခက်သံလွင် ကဗျာရေးရာ၊ အောင်ဝေး ၏ "အ ရွ က် ေ ႂကြ ေ တ ာ့ ၊ အ ျမ စ် ရှိ ရာ ပြ န် လာ ရ စ မြဲ "


အ ရွ က် ေ ၾကြ ေ တ ာ့ ၊ အ ျမ စ် ရှိ ရာ ပြ န် လာ ရ စ မြဲ

အောင်ဝေး

October 25, 2016

Min Kyaw Khine

အောင်ဝေး – အ ရွ က် ေ ၾကြ ေ တ ာ့ ၊ အ ျမ စ် ရှိ ရာ ပြ န် လာ ရ စ မြဲ
(တိုးနှောင်မိုးကဗျာစာအုပ်အတွက် အမှာစာ) (မိုးမခ၊ သစ်ခက်သံလွင်) အောက်တိုဘာ ၂၆၊ ၂၀၁၆


၂၀ ရာစုနှောင်း မြန်မာကဗျာတွေကို တန်းစီချရေးကြည့်လိုက်လျှင်၊ ၂၀ ရာစုနှောင်း မြန်မာကဗျာ လမ်းကြောင်း ကို အကြမ်းဖျင်းပြောနိုင်လိမ့်မည်ဟု ယူဆပါသည်။
မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ကပဲ စကြည့်လိုက်ကြပါစို့။

သူငယ်ချင်းတို့၏အသည်းနှလုံးများ
 
မပြန်ရဲဘူး၊ ဆည်းဆာကြူးရင်

အမူးသမား၊ စုဝေးနားနေ
အရိပ်ပွေသည့်၊ စိတ်လေသူချင်း
ရင်းနှီးကြရာ၊ ဓာတ်တိုင်ပြာအောက်
ရောက်သွားမိပြန်။
တရံရောများ၊ ကြိမ်ဖန်များစွာ
ညည်းတွားလာကြ၊ ရင်နာရ၏
ညဟောင်းများကို၊ အလိုပြည့်နိုး
စိတ်နဲ့ကိုးကွယ်၊ ရယ်လည်းရယ်ချင်
အလည်လွန်ကျူး၊ အချစ်မူးတို့
ကူးစက်ရှည်လျား၊ ရှိုက်သံများက
တံခါးမရှိပါတကား။ ။

မောင်ယဉ်မွန်(၁၉၃၉- ၁၉၇၀)

မောင်ယဉ်မွန်တို့၊ မောင်လေးအောင်တို့ခေတ်က အကျယ်ကြီးဖြစ်သည်။ ထင်ရှားသည့်စာအုပ်တချို့ကို ပြပါဆိုလျှင် … မောင်ယဉ်မွန်၊ မောင်လေးအောင်- လကွယ်ည (၁၉၆၂)၊    မောင်သင်းခိုင်(ပါ) ကဗျာဆရာ(၁၀)ဦး – တော်လှန်ကဗျာ(၁၉၆၉)၊ အောင်ပြည့် - နေရစ်တော့မြသီလာ (၁၉၇၀) စသည်ဖြင့်။ တော်လှန်ကဗျာ(၁၉၆၉)ကို တုံ့ပြန်တိုက်ခိုက်သည့် ငြိမ်းကျော်၊ အညာတမာ၊ ငသိုင်းချောင်းဝံသာတို့အုပ်စု၏ ကဗျာအနုပဋိလောမ ဆိုသည့်စာအုပ်လည်း ဂယက်ထခဲ့သည်။
မိုးဝေကဗျာလှုပ်ရှားမှုထွန်းကားခဲ့သည့်အချိန်ဖြစ်သည်။”မြန်မာကဗျာမှာ မော်ဒန်ဆိုလို့ မူးလို့မှ ရှူစရာ မရှိဘူး” လို့ မောင်သာနိုးက ထင်းရှူးပင်ရိပ်(၁၉၆၉) ကနေ တပ်လှန့်လိုက်သည့်အချိန်လည်းဖြစ် သည်။ ထိုခေတ်မှာ ဖြစ်ဖဲတွေများသည်။ မောင်သင်းခိုင်၊ မောင်ခိုင်မာ၊ ဇော်(ပျဉ်းမနား)၊ သစ္စာနီ၊ မောင်သွေးသစ်၊ အောင်ဇင်မင်း၊ မောင်အောင်ပွင့်၊ မောင်စိမ်းနီ၊ မောင်လူမှိန်၊ မောင်သင်းပန်၊ နီမောင်၊ မစိမ်းပင် စသည် … ။
အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်။ သုခမိန်လှိုင်၏ ဂျွန်လ၏မိုးရေများ ထိုစဉ်ကရွာသွန်းခဲ့သည်။ ထိုနောက် မင်းသိုက်မွန်၊ အောင်သက်ထွေး၊ ညိုသစ်၊ ငခါး(ကွမ်းခြံကုန်း)၊ ကောက်နွယ်ကနောင်၊ မောင်နီမွန်၊ ကေတုဘုန်းမော်၊ သခွပ်နီ စသည် စသည် … ။
ထိုမှလွန်သော် … ၊ ကြယ်များလွန်သော် … ။

အနာဂတ်၏ ထိုနေရာ 

(၁)
ထိုနေရာ
ဝေးကွာသည်လား
မြူငွေ့များလို၊ လေအိုဝဲနောက်
လွင့်ပျောက်တတ်မည့်
တိကျမဲ့ကင်း နေရာလား။

ထိုနေရာ
သွားရာလမ်းစ၊ ခဲခက်လှသလား
စကားတီးတိုး၊ ချောက်ချားစိုးရိမ်သံ
လွင့်ပျံလှုပ်ခတ် နေမည်လား။


(၂)

ရောက်လွယ်မဟုတ်
ခက်ခဲဟုတ်၏၊ သို့သော် …
သရုပ်သဏ္ဍာန်၊ မှန်ကန်ပီသ
မွှေးမြ ထိုနေရာ။

တိမ်အရုပ်လား
လားလားမဟုတ်၊ ကျောက်တိုင်ရုပ်လို
ငုတ်ငုတ်ခိုင်ခိုင် ထိုနေရာ။


(၃)

မညည်းမညူ၊ ခရီးတူများ
မသွား မရောက်၊ သွားမှ ရောက်လိမ့်
မကြောက်တရား၊ ဝေစည်ပွားသစ်
လာ … သွားကြစို့
ငါတို့အတူ
ဆူးငြှောင့်ယူနုတ်၊ ခလုတ်ကျော်နင်း
မီးပြင်းလျှံငွေ့၊ ချောက်ကမ်းတွေ့ ဖြတ်
တနေ့ရာက်မည်၊ ရောက်ရမည်။


(၄)

သာသည့်မြေသို့၊ ကူးတို့မရှိ
တို့၏စုအား၊ ယာဉ်ရထားတည့်
သံမဏိခြေလှမ်း၊ ဖြတ်သန်းခိုင်ကျည်
“လာလေ … ချီကြစို့
ငါတို့ရှေ့မှာ … “
အနာဂတ်၏ ထိုနေရာ။ ။


မင်းညိုစင်
(ရှုမ၀၊ ၁၉၇၇)


ထို့နောက် ၁၉၈၀ ခုနှစ်များကိုရောက်တော့ ရှုမ၀တွင် မအိ တခေတ်ဖြစ်ခဲ့သည်။ မအိရဲ့ “အသံအက်သွားတဲ့ခေါင်းလောင်းလေး” က ခေတ်ကိုရော၊ ကဗျာလောကကိုပါ အသံအကျယ်ကြီး လှုပ်နှိုးနိုင်ခဲ့သည်။ ထို ၈၀ ခုနှစ်များအတွင်းမှာ ကျနော်တို့မျိုးဆက် အုပ်လိုက်ကြီး ကဗျာရေစီးကြောင်း ထဲ ရောက်လာခဲ့ကြတာဖြစ်သည်။

လှသန်း၊ ကွန်စစ်ကောင်း၊ မောင်ကြည်သာ၊ မောင်ခင်သာ၊ ခင်ဝင်းသစ်၊ မြင့်ဦးဦးမြင့်၊ မောင်သာချို၊ ယမုံ၊ နေစိမ့်၊ ခင်လွန်း၊ မြမြင့်မိုရ်၊ ဇောင်းထက်၊ စောဒေဝေါ၊ မြေနု၊ အောင်ဝေး၊ စိုးအိမ်၊ မင်းထက်မောင်၊ မြတ်လှိုင်း၊ စည်သူငြိမ်း၊ မောင်ကောက်၊ မွန်၊ မနီတာ၊ မောင်လွမ်းဏီ၊ ဗဟိန်းအောင်၊ စောဝေ၊ မောင်စမ်းအေး(သဲကုန်း)၊ ထွန်းဝေမြင့်၊ စန်းဦး၊ သစ်ငြိမ်း စသူ စသူတို့။
သင်္ကြန်ည
 
ခူးလိုက်ကြဟေ့
လမ်းမကိုထွက်၊ ပိတောက်တခက်။


ပွင့်ချင်ဦးလေ
မိုးလုံးအ၀ါ၊ ဒဏ်ရာကြေမွ
လမ်းမကတ္တရာ၊ ရေထဲပါပြီ။


အေး
ဧပရယ်နွေလ၊ သင်္ကြန်ညမှာ
ကောင်မလေးတွေ
ပိတောက်တစ္ဆေ ခြောက်ပါစေ။ ။


သခွပ်နီ
(လုံမလေး၊ ၁၉၈၇ ဧပြီ)


မဂ္ဂဇင်းများသည် မြန်မာကဗျာလမ်းကြောင်းကို အများကြီးမောင်းနှင်ပေးနိုင်ခဲ့သည်။ ထိုစဉ်က မဂ္ဂဇင်းတွေ အမြောက်အမြားမထွက်ရှိသေးသော်လည်း၊ အားလုံးလိုလိုက ကဗျာကို နေရာပေးဖော်ပြခဲ့ကြပါ သည်။ သွေးသောက်၊ ရှုမ၀၊ မိုးဝေတို့ပြီးလျှင်၊ ပေဖူးလွှာ၊ ချယ်ရီ၊ မဟေသီ၊ စံပယ်ဖြူ၊ လုံမလေး၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ စစ်ပြန်၊ ဂီတပဒေသာ၊ သပြေ စသဖြင့်။

ထိုစဉ်က ကဗျာက များစွာ မရှုပ်ထွေးလှသေးပါ။ အစဉ်အလာကာရန်စနစ်နဲ့ရေးသည့်ကဗျာနှင့် ခေတ်ပေါ်ကဗျာ (လွတ်လပ်ကာရန်) ဟူ၍ နှစ်မျိုးသာရှိသည်။ မဂ္ဂဇင်းတွေက သူ့အကြိုက်နှင့်သူ ရွေးချယ်ဖော်ပြကြသည်။ တချို့အယ်ဒီတာတွေက နှစ်မျိုးစလုံးကို ယှဉ်တွဲဖော်ပြပေးခဲ့ကြသည်။
မြန်မာကဗျာသမိုင်း(မဂ္ဂဇင်းကဗျာသမိုင်း)သည် ၁၉၇၀ တစ်ဝိုက်က နိုင်ငံတကာဝါဒ၊ တတိယ ကမ္ဘာစစ် တားဆီးရေး၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေး တိမ်းညွှတ်မှုနှင့် လှိုင်းရိုက်ကာ မြန်မာကဗျာအရွေ့ခုဖြစ်ပေါ်ခဲ့သည်။ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွား ပြီးနောက်၊ မြန်မာကဗျာသည် နောက်ထပ်တဖန် အရွေ့ကြီးကြီးတခု အရှိန်ပြင်းပြင်းနှင့်ရွေ့ခဲ့ပါသည်။ ထိုအရွေ့မှာ ခေတ်ပေါ်ကဗျာသည် မြန်မာကဗျာလမ်းသစ်၏ ပင်မရေစီးနေရာရောက်လာသည် အထိ ရွေ့ခဲ့ခြင်းဖြစ်သည်။

မြန်မာခေတ်ပေါ်ကဗျာသည် ၁၉၇၀ လောက်ကစ၍၊ မြေစမ်းဘိန်းစိုက် လုပ်ခဲ့သည်ဟုဆိုလျှင်၊ ၁၉၈၈ အလွန်၊ ၉၀ ခုနှစ်များတွင်မူ တံခွန်စိုက်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ တပါတီ စစ်အာဏာရှင်စနစ် တခုတည်း အောက်တွင် ခါးစီးခံဖြတ်သန်းလာခဲ့ရသော အနှီ မြန်မာကဗျာခေတ်နှစ်ခေတ်(၇၀ ခုနှစ် ကာလ များ နှင့် ၉၀ ခုနှစ် ကာလများ) သည် တိမ်းညွှတ်ပုံ၊ ရင်ခုန်ပုံ၊ သွန်းခတ်ပုံ မတူကြပေ။ ၇၀ ခုနှစ်ကာလများ တွင် ကဗျာအတတ်ပညာကို ကျွဲကူးရေပါပဲ သဘောထားခဲ့သည်။ အဘိဓမ္မာပြဿ      နာက ဦးစားပေးဖြစ်ခဲ့ သည်။ ၉၀ ခုနှစ်ကာလများ တွင်မူ ကဗျာအတတ်ပညာ နည်းနာပြဿ       နာကို၊ အဘိဓမ္မာရေးနှင့်တန်းတူ ထား၍ အလေးပေးမြှင့်တင်လာခဲ့ကြပါသည်။

၉၀ ခုနှစ်ကာလများမှာ ကဗျာတွေ ဘယ်လိုစီးဆင်းခဲ့ကြပါသလဲ။ ဘယ်လိုအခြေအနေမျိုး၊ ဘယ်လို မိုးကောင်းကင်၊ ဘယ်လိုရာသီဥတုမှာ ဒီကဗျာတွေ စီးဆင်းခဲ့ကြတာလဲဆိုတာကတော့ မေးဖို့ပင် မလိုအပ်တော ပါ။ ခါးသီးတူးအန်လှသည့် တပါတီ စစ်အာဏာရှင်စနစ်၏ပြဋ္ဌာန်းမှုကြောင့်သာ၊ တနည်း စာပေအနုပညာလွတ်လပ်ခွင့်ဆိတ်သုဉ်းမှုကြောင့်သာ၊ အဲဒီကဗျာများဟာ အနုပညာလည်းမြောက်၊ အဘိဓမ္မာလည်း ရောက်၊ ထိုးဖောက် ထွန်းတောက်ခဲ့တာဖြစ်သည်ဟု ဆိုချင်ပါသည်။ မတရားဖိနှိပ်မှုကြောင့်သာလျှင်၊ မြန်မာကဗျာတွေ လွတ်လပ်ပြီး လှပနေခြင်းဖြစ်သည်ပဲ မဟုတ်လား။
ဖိနှိပ်မှုရှိလျှင်၊ ခုခံမှုရှိစမြဲ။ မြန်မာကဗျာ၏ခုခံမှုက ကဗျာကို ရန်သူမမြင်အောင်ဝှက်ခြင်းဖြစ် သည်။ ရန်သူ မမြင်အောင်လုပ်ရသည့်အခါ ပရိယာယ်ကကြွယ်ဝထွန်းကားလာသည်။ တနည်း အနုပညာအားကောင်းလာ သည် မဟုတ်လား။
၉၀ ခုနှစ်ကာလများရဲ့ခေတ်ပေါ်ကဗျာတွေဟာ၊ ပါတီစုံ စစ်အာဏာရှင်စနစ်အောက်မှာ နာကျင်ကြေ ကွဲ ထိခိုက်ပြိုလဲနေရတဲ့ပြည်သူတွေ(ကဗျာဖတ်သူတွေ)ကို တစုံတရာ အတိုင်းအတာတခုအထိတော့၊ ဒဏ်ရာအနာတရတွေက သက်သာအောင် ဖြေသိမ့်ဖေးမပေးနိုင်ခဲ့တယ်လို့ ယူဆချင်ပါသည်။
ကျနော်ကတော့ လွမ်းတိုင်းပြန်ဖတ်၍။ ဖတ်တိုင်းလည်း ပြန်ပြန်လွမ်းနေမိပါသည်။

ရှုမျှော်ခင်း
 
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ့်မှာ တရားနဲ့ေ့ဖြနေရတယ်။ ။


မောင်သိန်းဇော်
(၁၉၉၁)

+++

မိုး
 
ဒီလိုပါပဲ
ပီပါလှိမ့်ရတာ မောလို့ဆိုပြီး
ယပ်ကလေးပြင်းပြင်းခတ်ကာ
ဆေးလိပ်ကို အားပါးတရဖွာရှိုက်လိုက်တယ်

ပြီးတော့
ဂဟေဆော်လိုက်ပါလား
မလုံတဲ့နေရာက ဖိတ်ကျကုန်တော့တာပဲ။ ။


အောင်ဘညို
(၁၉၉၃)

+++

သစ်စက်

သစ်လုံးတွေ
တဂျီးဂျီးအော်ငိုသံ
သူ မခံစားနိုင်။

များများခွဲ
များများရက်စက်မယ့်
ဝိုင်းဆရာရဲ့
သောကလွှဝိုင်းက
ရင်ထဲမှာလည်နေပြီ။

တို့အသွေးအသား
လွှစာသက်သေတွေက
တောင်ပုံရာပုံ။ ။


မိုးကျော်အောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၄ မတ်)

+++

နွားကျောင်းသား
 
တမျှော်တခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တနေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့။ ။


အိုအောင်
(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၅ ဇန်န၀ါရီ)

+++

စံပယ်ပွင့်ချိန်

ငါ့ ဦးခေါင်းပေါ်က မြက်ခင်းစိမ်းလေးပေါ်
ကျောက်တုံးတွေပြိုလာသလို
မိုးတွေရွာလာတယ်။

ကောင်မလေးရေ-
တို့မြို့က
စံပယ်တွေပွင့်ရဲ့မဟုတ်လား
ပြောလိုက်ပါ
စံပယ်ရေ-
ကြယ်တွေကြွေအာင် မပြုစားပါနဲ့လို့။


ငါကတော့
ခေါင်းကပတ်တီးဖြေရင်း
လွမ်းလွမ်းဆွတ်ဆွတ်သတိရနေမိတယ်။ ။


ဝင်းမြင့်
(ပိတောက်ပွင့်သစ်၊ ၁၉၉၆)

+++
ဂြိုဟ်သား


သဘာဝတရားကိုသစ္စာဖောက်ဖို့
ပဉ္စမမြောက်ဒြပ်စင်တို့လာချေပြီ
ကောင်းကင်မှာမီးရောင်တ၀င်းဝင်းနဲ့
သူတို့ဆင်းလာခဲ့တာ
ကျနော့်ဂျုံခင်းထဲပေါ့ 

ဒီလိုနဲ့
ကျနော့်ဘ၀ဂျုံခင်းလည်း
မီးလောင်ပျက်စီးခဲ့။

သြော် … ဂျုံတွေဟာ မမှည့်ခင်ပဲ
စိမ်းကြတာ မဟုတ်လား။ ။


ပိုင်သ
(၁၉၉၇ ?)

+++

နံရံဂစ်တာ
 
ခုံတန်းပြာတွေ မပြာတဲ့အထဲ
လရောင်ဝါလည်း မ၀ါတော့
စံပယ်ပွင့်တွေ မပွင့်ဘူး။

မာနနဲ့ချိတ်တွယ်နေတဲ့မိုးတွေ
ရည်ရွယ်ချက်မဲ့လေတွေဆီ
ရောက်လာပေမဲ့ မလာတော့ဘူး။

ကြည့်ရင်မြင်နိုင်ပေမဲ့
ကြည့်လို့မှ မမြင်နိုင်အောင်
နှင်းတွေကျနေတာပါ နှင်း

ခံစားချက်ပြင်းထန်တဲ့ရင်ခွင်တစ်လုံးဟာ
လွမ်းလို့သေတောင် မလွမ်းတော့ဘူး။ ။


ဝိုင်ချို
(ရုပ်ရှင်တေးကဗျာ၊ ၂၀၀၀ သြဂုတ်)

+++

ရှင်ကွဲ
 
ညတွေထဲ
လွမ်းလိုက်တာ နှင်း
မြစ်က ခိုးနားထောင်မှာစိုးလို့
အိပ်မက်တွေ မော့မော့သောက်ရင်း
ရင်ခုန်ဖို့ထိတ်လန့်နေရသူပါ

မျက်လုံးတွေမှိတ်မရတဲ့အခါ
အမြဲတမ်း လွမ်းစိတ်နဲ့လောင်
ညစဉ်ညတိုင်း ကုတင်နဲ့ကျောနဲ့ကပ်
ဒီလိုနဲ့ဝေးရတော့မှာလား

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ချစ်ခြင်းတွေ
ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ

တကယ်ဆို
ချစ်ကံခေသူရဲ့နိဂုံးဟာ ဒီလိုပဲ

ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။ ။

တိုးနှောင်မိုး
(ရနံ့သစ်၊ ၂၀၀၀ မေ)


မြန်မာကဗျာတွေကိုလွမ်းသည်။ အမေရိကမဲဇာမှာတော့ နွေက နှောင်းလုပြီ။ မကြာမီ ဆောင်းဦးဝင်တော့ မည်။ ကျနော်က ၂၀ ရာစုနှောင်း မြန်မာကဗျာတွေအကြောင်းကို ပြန်စဉ်းစားတွေးတောနေမိသည်။
လွမ်းမြိုင်ကျေးရဲ့အဝေးမှာတော့၊ ကျနော် ၈၈ အရေးတော်ပုံကြီးအလွန်၊ ၉၀ ခုနှစ်တွေမှာ အပြိုင်း အရိုင်း ဖူးပွင့်ဝေဆာလာခဲ့ကြသည့် ကဗျာဆရာမျိုးဆက်ကို ပြန်အမှတ်ရလာသည်။
မန္တလေးက၊ တောင်ငူက၊ ပျဉ်းမနားက၊ မုံရွာက၊ တောင်တွင်းက၊ မြစ်ဝကျွန်းပေါ်က၊ သာမိုင်းခမ်း က၊ မြန်မာပြည်မြောက်ပိုင်းက စသည်နဲ့။ လေပြေသုန်၊ နိုင်သစ်နီ၊ မောင်မော်ကွန်း၊ စံညီမ်းဦး၊ ဝေးခေါင်၊ မိုးဝေး၊ စိုင်းဝင်းမြင့်၊ ကိုရွေး၊ အေးမင်းစော၊ ခင်ဇော်မြင့်၊ K မြနွယ်၊မြတ် စသည်နဲ့။ သူတို့နှင့်မရှေးမနှောင်းသော်လည်းကောင်း၊ ရှေ့ဆင့်နောက်ဆင့်သော်လည်းကောင်း၊ ၀ိုင်ချို၊ မျိုးမင်းညိန်း၊ တိုးနှောင်မိုး၊ အောင်ရင်ငြိမ်း၊ ကြည်ဇော်အေး၊ အောင်လွန်းမြိုင်၊ အောင်ခိုင်မြတ်၊ ရာမျိုး၊ သားဦး၊ နေပန်ဦး၊ လွင်ထက်လှိုင်၊ အောင်နှင်းသစ်၊ ပိုင်၊ ငွေယံဦး စသည်နဲ့။ တောအုပ်ကြီးတခု ဆိုင်းဆိုင်းရိပ်ရိပ် ဖြစ်ထွန်း လာခဲ့ပုံ၊ ညို့ညို့သိပ်သိပ် စည်ဝေနေခဲ့ပုံ။
မကြာသေးခင်ရက်များက၊ ကဗျာဆရာမောင်သိန်းဇော် အမေရိက လာသွားသည်။ သူနှင့်တွေ့ပြီး အိမ်လွမ်းစိတ်ကို ဖြေရသည်။ သူနှင့်တွေ့တော့ မြန်မာကဗျာလွမ်းစိတ်လည်း ပြေရပါသည်။ သူရောက်တုန်း ရောက်ခိုက် အမှတ်တရကဗျာရွတ်ဆိုပွဲကလေးတပွဲလုပ်ကြသည်။ ကျနော်က ထိုကဗျာရွတ် ဆိုပွဲကို “နွေအစိမ်း” လို့နာမည်ပေးသည်။ အင်္ဂလိပ်လိုက “THE SUMMER GREEN” ပေါ့ ။ ကျနော်က  မောင်သိန်းဇော်ကို ရှင်းပြရသည်။
“ဒီ အမေရိကမဲဇာမှာတော့၊ သစ်ပင်တွေဟာ၊ နွေမှာပဲ စိမ်းခွင့်ရကြတာပါ” လို့။
ဟုတ်ပါသည်။ ဆောင်းရောက်လျှင် သစ်ပင်တွေအားလုံး အ၀တ်ချွတ်ကြရတော့မည်။ သစ်တောအုပ်အုပ်တွေ အားလုံး ၀စ်လစ်စလစ်ဖြစ်ကြရတော့ မည်။ ရေခဲလေညှဉ်းဆဲသော၊ နှင်းခဲလွှလွှ ဖုံးလွှမ်းသော ရိုးတံပြိုင်းပြိုင်း ရွက်ကြွေတောကို ကျနော်ဖြတ်သန်းရပါဦးမည်။ သစ်ရွက်တွေကြွေလျှင် ကျနော်လွမ်းချင်နေဦးမည်။ ပြီးတော့ တိန်ရှောက်ပိန်ရဲ့စကားတခွန်းကိုလည်း သတိရချင်ရနေဦးမည်။ တိန်ရှောက်ပိန်က ပြောခဲ့ဖူးသည်။

“အပင် မြင့်ချင်သလောက်မြင့်၊ အရွက်ကြွေတဲ့အခါမှာတော့၊ အမြစ်ရှိရာ ပြန်လာရစမြဲပဲ” တဲ့။
သြော် … ကျနော်လည်း လွင့်ချင်သလောက်လွင့်ပြီးရင်တော့၊ ကိုယ့်အမြစ်ရှိရာ၊ ချစ်သူတို့ရှိရာ၊ ကိုယ့်ကဗျာလောကကို ပြန်ရောက်ရမှာပဲ မဟုတ်လား။
တိုးနှောင်မိုးအတွက် ရေးတဲ့အမှာ၊ မြန်မာကဗျာလွမ်းစိတ်နဲ့ နိဂုံးချုပ်ပါတယ်။ ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၃- ၂၀၁၆)