သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ချစ်ချစ်ချိုင်း(ရေနံချောင်း)၊ အခရာ၊ ခင်ဇော်မိုးတို့ကဗျာများ

အလွမ်းသက်တံ
anaba.blogspot.com
ဆပ်ကပ်ထဲကဓားပေါက်သမားရဲ့လွဲချော်မှုဟာ
ဆပ်ကပ်မယ်လေးအတွက်
ဆုလာဘ်တခုဖြစ်သလို
ရှင်နဲ့ကျွန်မရဲ့ရင်ခွင်တဝေးစာအလွဲက
အလွမ်းမှုန်လေးတွေကိုကြဲချပေးခဲ့ပါရဲ့
တောင်ပေါ်မြို့လေးမှာနှင်းတွေဝေနေပြီလားမောင်…။
တောင်ပေါ်မြို့လေးမှာနှင်းတွေဝေနေပြီလား
တောင်ပေါ်မြို့လေးမှာသက်တံတွေစို့နေပြီလား
တောင်ပေါ်မြို့လေးမှာကော်ဖီတွေမွှေးနေပြီလား
မြစ်ဟာသူရွေးချယ်ရာလမ်းအတိုင်း

တောင်ပေါ်မြို့လေးကိုစီးဆင်းခဲ့တယ်။
နိုင်မလိုနဲ့ရှုံးမြဲရှုံးခဲ့တဲ့ဒီပွဲမှာ
အချစ်ဆိုတဲ့အရာကိုတွေးကြည့်တိုင်း
ခဲရင့်ရောင်နှုတ်ခမ်းတစုံကိုပြေးမြင်မိ
အလွမ်းဆိုတဲ့အရာကိုတွေးကြည့်တိုင်း
နှင်းမှုန်လေးတွေပြေးမြင်မိ။
မထိုက်တန်ခဲ့ပါဘူး
ကျွန်မလိုကံဆိုးမနဲ့မထိုက်တန်ခဲ့ပါဘူး
ထီးမပါမှ မိုးတွေကလိုက်လိုက်ရွာတယ်
ဘဝမှာ
ကျွန်မအလိုချင်ဆုံးအရာဟာ
ကျွန်မ မရသင့်ဆုံးအရာပါပဲ
ကျွန်မကသိပ်ညံ့ခဲ့တယ်မောင်။
ခပ်ညံ့ညံ့မိန်းမတယောက်ဟာ
ကိုယ်ဘာလိုချင်မှန်းတောင်မသိခဲ့
ရေသောက်ပြီးမှ ရလာမယ့်အချိုကိုမသိလို့
ဆီးဖြူသီးကိုထွေးထုတ်ခဲ့ပါတယ်
မှားတယ်ဆိုလည်းမှားခဲ့ပါတယ်
ရှင်မမှားပါဘူး
ရှင့်ကိုမှားခဲ့တာပါ
ဆီးဖြူဖန်းခါးလိုငုံထားလောက်အောင်ချစ်ပေမယ့်
ပစ္စုပ္ပန်တည့်တည့်မှာတော့
မောင်ဟာ ကျွန်မရဲ့သူတပါး။
ရန်ကင်းတောင်မှာမိုးတွေညို့နေပြီမောင်
ဝါခင်းကုန်းအကျော်သက်တံစို့ကိုင်းပေါ်မှာ
ကျွန်မတို့ပျော်ခဲ့သလို
ရောင်စုံပြိုးပြက်ချစ်ခြင်းတရားတွေနဲ့
ရှင့်အပေါ်ညွတ်ကိုင်းခဲ့သလို
ကျွန်မဘာလိုချင်တယ်ဆိုတာသိပြီတဲ့
သက္ကရာဇ်အလွန်မှာ
သက်တံရဲ့အခြေနှစ်ခု
ဒီတသက်မဆုံနိုင်အောင်ဝေးခဲ့ပေါ့။

ချစ်ချစ်ချိုင်း(ရေနံချောင်း)
ဆောင်းပန်းတစ္ဆေ
www.pinterest.com
လေညင်းရဲ့
သန်းခေါင်ဦးလမ်းတွေပေါ်
ရနံ့နဲ့ ခြောက်လှန့်နေတယ်။
မြူဘဝပြောင်းမကြွေခင်ထိပေါ့။

အခရာ
14,10,2016
နှစ်မချို့တဲ့ ချစ်ခြင်း
improvedandnew.blogspot.com
နူးညံ့သိမ်မွေ့တဲ့မျက်ဝန်းတစုံ
အိပ်ပျော်ကြူးနေချိန်လည်း
အိပ်မက်ထဲမှာ တွေ့နေရတယ်။

အတိတ်ဆီက စကားသံတွေ
အချိန်တွေ ဝေးသွားခဲ့ပေမယ့်
ခုထိ ကြားနေဆဲ။

ဟိုအရင် ကြင်နာစွာနဲ့
နင်ပေးခဲ့ဖူးတဲ့ အနမ်းတပွင့်
နာရီများစွာ ခြားနားသွားပေမယ့်
နှစ်ချို့မသွားဘူး။

ရင်ခုန်ခဲ့ဖူးတာ
ပုံပြင်တွေပြောသလို အစချီရရင်
"ဟိုရှေးရှေးတုန်းက"
ဒါပေမဲ့ နင့်အကြောင်းတွေးတိုင်း
ငါ့ရင်ခုန်သံတွေက စည်းချက်မညီတဲ့
ကကွက်နဲ့တီးလုံးတွေလို
ဝရုန်းသုန်းကားပဲ။

မမြင်မတွေ့တာကြာလို့
သစ္စာပျက်ကာ အသစ်ရှာဖို့ဆိုတာ
မမြင်ဖူးဘဲ နှိုင်းဆသုံးနှုန်းနေရတဲ့
မြင့်မိုရ်တောင်လိုပဲ
နှိုင်းဆကြားဖူးရုံမျှ
စကားလုံးအရာပါပဲ ချစ်သူ။

ခင်ဇော်မိုး
7,10,2015


Comments