Sunday, October 23, 2016

Mimi Thaw

သစ်ခက်သံလွင် အက်ဆေး၊ ဝေမြင့်မောင်ရဲ့ "ဟားခါး။ အခြားများ။ အမှတ်ရချက်များ - ၁ "



ဟားခါး။ အခြားများ။ အမှတ်ရချက်များ - ၁ 

POS

အမေ့ရဲ့ဟင်းခွက်များ

အမေဟာ ဟင်းချက်
အမြဲနောက်ကျတတ်
ထမင်းစားပွဲပေါ်က
ရှိတာလေး စားသောက်ရင်း
အဖေနဲ့ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ
ဗိုက်ဝလုဝခင်ဖြစ်ပြီဆို
အငွေ့တထောင်းထောင်း
အသားဟင်း တခွက်
အမေသယ်လာပြီး ရောက်လာမယ်။

ဟင်းခွက်က
စည်ပိုင်းကြီးလောက်ကြီး
အမေ့ခန္ဓာကိုယ်က
စပါးကျီလောက်ဝ
တလှမ်းချင်း အိပဲ့အိပဲ့
တရွေ့ရွေ့။

လွန်းဆက်နိုးမြတ် (ကို) လွန်းဆက်နိုးမြတ်ကဗျာဖတ်မိပြီး အတိတ်နေ့ရက်များဆီ ကျနော် ပြန်ရောက်ဖြစ် သွားသည်။ ကျနော်တို့ချင်းပြည်နယ်ဟားခါးမြို့တွင်နေထိုင်ခဲ့စဉ်ကဖြစ်သည်။ ကျနော်တို့ မိသားစုသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့သို့ ပြောင်းခဲ့ကြသည်။ ထိုအချိန်က အဖေရာထူးတိုးသဖြင့် ပြောင်းရခြင်းဖြစ်သည်ဟု အမေက ပြောပြပါသည်။ ဟားခါးမြို့ပြည်နယ်မြေစာရင်းရုံးတွင် အဖေသည် လက်ထောက်ဦးစီးမှူး ရာထူးငယ်ဖြင့် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ မင်းတပ်မြို့တွင်ရှိသော အဘိုးအဘွားများ ဦးလေး ဒေါ်လေးများ၊ ဆွေမျိုးများ ငယ်သူငယ်ချင်းများ ကိုထားခဲ့ကာ ကျနော်တို့ပြောင်းခဲ့ကြသည်။ ကျနော် စတုတ္ထတန်း အတန်းတင်စာမေးပွဲကြီးဖြေဆိုပြီးအချိန် တွင် ပြောင်းရွေ့ခဲ့ကြခြင်းဖြစ်သည်ဟုအမှတ်ရ ပါသည်။

ထိုစဉ်က မင်းတပ်မြို့နှင့်ခွဲရသဖြင့် ၀မ်းနည်းသလိုလို ရှိပါသည်။ အထူးသဖြင့် အဘိုးအဘွားများ ဆွေမျိုး သူငယ်ချင်းများကိုခွဲခွာရသောကြောင့် ဖြစ်မည်ထင်သည်။ ယခု မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်နေသော ညီမလေးလိုင်းမှာ ထိုအချိန်က ပထမတန်းကျောင်းသူလေးဖြစ်ပြီး အလတ်ကောင် မှာ ကျောင်းမတက်ရသေး။ အထွေးဆုံးညီမငယ်လေးမှာ နို့မပြတ်သေး။ အမေ့နို့စို့လျက်ပင် ဟားခါးမြို့သို့ သူမရောက်သွားပါသည်။ ကားစီးလိုက် ရထားစီးလိုက်ဖြင့် ဟားခါးသို့ ကျနော်တို့ မိသားစု ရောက်ရှိကြ ပါသည်။
ဟားခါးမြို့မှာ ချင်းပြည်နယ်၏မြို့တော်ဖြစ်သည်။ ဆောင်းရာသီဆိုလျှင် ရေပင် ခဲတတ်သည်။ နှင်းများ ကျသဖြင့် အိမ်ခေါင်မိုးများ မီးတိုင်များ ရွှဲစိုနေတတ်ပါသည်။ မြူများဆိုင်းနေလျှင်မူ ဘာကိုမှသဲသဲကွဲကွဲ မမြင်ရတော့ပါ။ အလွန်အေးသဖြင့် အိမ်တိုင်းလိုလို မီးသွေးမီးဖိုများ ဆောင်ထားကြရသည်။ ဟားခါးမြို့ရှိ ၀န်ထမ်းအိမ်ရာ နှစ်ခန်းတွဲတိုက်ပုနီလေးတလုံးတွင် ကျနော်တို့ မိသားစု နေခဲ့ကြသည်။ ထိုတိုက်ပုလေးရရှိရန်အတွက် ပြည်နယ်ထွေအုပ်မင်းကြီးထံသွားကာ လက်ဆောင်များပေးပြီး တောင်းပန် ရကြောင်း ထိုတိုက်ပုလေးရရှိရန် ကြိုးစားနေကြသော အခြားဘ၀တူ ၀န်ထမ်းမိသားစုများ များစွာ ရှိနေကြောင်း ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကြောင့်သာ တိုက်ခန်းရခြင်းဖြစ်ကြောင်း အမေပြော တတ်သည်။ ဟားခါးမြို့တွင် နေထိုင်နှင့်ပြီးဖြစ်သော ဦးနိန်ဟုန်းတို့ မိသားစု၊ ဒေါ်မနားတီးတို့ မိသားစုတို့မှ ကျနော်တို့မိသားစုကို အကူအညီများစွာ ပေးခဲ့ကြပါသည်။ (ထိုအကြောင်းကို သေချာရေးပါအုံးမည်)။ 

ကျနော်တို့ရသောတိုက်ပုလေးဘယ်ခြမ်းတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတခန်း၊ မီးဖိုချောင်တခန်း၊ အိမ် သာရေချိုးခန်းတခန်း၊ အားလုံးပေါင်း ငါးခန်း ရှိသည်။ အိမ်နောက်တွင် မြေကွက်အနည်းငယ် ရှိပါသည်။ ထိုမြေကွက်တွင် ဂေါ်ရခါးပင်၊ မုန့်ညှင်း၊ ငရုတ်နှင့် အခြားဟင်းသီးဟင်းရွက်များကို ကျနော် တို့စိုက်ပါသည်။ အခန်းထောင့်တချို့တွင် ဘိလပ်မြေများကွာနေပြီး အခန်းမျက်နှာကျက်နံရံတို့တွင်လည်း မီးခိုးကြပ်ခိုးများစွဲ ကာ တခန်းလုံးမည်းနက်နေသည်။ အရင်နေခဲ့သော လင်မယားမိသားစုတို့ စည်းမရှိကမ်းမရှိ မီးဖိုမီးလှုံလေ့ ရှိကြသဖြင့် ထိုသို့ကြပ်ခိုးများစွဲနေရခြင်းဖြစ်သည်ဟု ဘေးညာ ဘက်ခြမ်းအခန်းမှမီးမီးနူးက ကျနော်တို့ အား ပြောပြပါသည်။
မီးမီးနူးတို့မိသားစုမှာ တိုက်ပုလေး၏ဘေးညာဘက်အခြမ်းတွင် နေထိုင်ကြပါသည်။ နှစ်ခန်းတွဲတိုက်ပုလေး တလုံးတွင် ကျနော်တို့အတူနေထိုင်ကြခြင်း ဖြစ်သည်။ ဘယ်အခြမ်းနှင့် ညာအခြမ်းကို သီးသန့်ခွဲထားပါ သည်။ ဘယ်အခြမ်းတွင် အခန်းငါးခန်းရှိသကဲ့သို့ ညာအခြမ်းတွင်လည်း အခန်းငါးခန်းရှိသည်။ 

မီးမီးနူး၏အမျိုးသားမှာ ခရိုင်အဆင့်အရာရှိကြီးတဦးဖြစ်ပြီး ခရိုင်မြို့ဖြစ်သော ဖလမ်းတွင်တာဝန်ကျကာ တပတ်တခါ အိမ်ပြန်လာတတ်ပါသည်။ မီးမီးနူးမှာ ဟားခါးမြို့ရှိ စာရင်းစစ်ရုံးတွင် တာဝန်ထမ်းဆောင်နေ သူဖြစ်ပါသည်။ မီးမီးနူးတို့ မိသားစုအားလုံး ခြောက်ယောက်ရှိသည်။ မီးမီးနူးမှာ မီးမီး၏အမေဟု အဓိပ္ပာယ်ရ သည်။ အငယ်ဆုံးကလေးမ မီးမီးကိုအစွဲပြုကာ မီးမီးနူး (မီးမီးအမေ) ဟုသာ ကျနော်တို့ခေါ်ခဲ့ကြပါသည်။
မီးမီးနူးတွင် ဆန်ပီး၊ လျန်ပီး၊ မာန်ပီး၊ မီးမီး(အငယ်ဆုံး နာမည် သေချာမသိတော့) သားသမီးလေးယောက် ရှိပါသည်။ မာန်ပီးနှင့်ညီမလေးလိုင်းတို့မှာ သက်တူရွယ်တူများဖြစ်ကြသကဲ့သို့ မီးမီးနှင့် အငယ်ဆုံး ညီမလေးစိမ်းတို့မှာလည်း သက်တူရွယ်တူများ ဖြစ်ကြသည်။ ကျောင်းပိတ်သည့်အချိန်များ အားလပ်ရက်များ တွင် ကျနော်တို့အတူတကွ ကစားကြသည်။ ကိုဆန်ပီးမှာ ကျနော့်ထက်အသက်ကြီးပါသည်။ ယခု ဆရာဝန် တယောက်ဖြစ်နေသည်ဟုကြားရသည်။ သူတို့မိသားစုနှင့် ကျနော်တို့ မိသားစုကြား အမှတ်တရများစွာ ရှိခဲ့ပါသည်။ (သေချာရေးပါအုံးမည်)။

 “အမေ့ရဲ့ဟင်းခွက်များ’ ကဗျာထဲမှ ကဗျာဆရာ့အမေလိုတော့ ကျနော့်အမေ ၀မနေပါ။ ကျနော့်အမေမှာ အသားခပ်လတ်လတ်နှင့် ခပ်ပိန်ပိန်သာ ဖြစ်သည်။ သို့သော် ကဗျာထဲမှ ဟင်းချက်နောက်ကျသည့် ကဗျာ ဆရာ့အမေကို ကျနော်မြင်ယောင်ကာ ပြုံးနေမိပါသည်။ ဟုတ်သည်။ ကျနော့်အမေလည်း ဟင်းချက်နောက် ကျတတ်သည်သာ။ အမေသာမဟုတ် ကျနော်လည်း ဟင်းချက် နောက်ကျ တတ်ပါသည်။ ဟားခါးတွင်နေထိုင်ခဲ့စဉ်က အိမ်မှုကိစ္စအားလုံး ကျနော်တို့မောင်နှမတတွေ လုပ်ကြရသည်။ ရေခပ်ထင်းခွေ ကြမ်းတိုက် ထမင်းချက်၊ ပေါင်းရှင်း၊ တံမြက်စည်းလှဲ၊ ပန်းကန်ဆေး အိုးဆေး စသည်ဖြင့်။

ဟားခါး၏မနက်ခင်းမှာ အေးလှပါသည်။ အမေ့တွင် အကြောနာသော ရောဂါတမျိုး ရှိသည်။ အလွန်အေးသည့်အချိန်တွင် အိမ်မှုကိစ္စများလုပ်ပါက အကြောနာတတ်သဖြင့် မနက် ၇ နာရီခွဲ လောက်မှ သာ အမေ ထလေ့ရှိသည်။ အဖေ သို့မဟုတ် ကျနော်တို့မောင်နှမများစောစောထကာ ထမင်းချက်ထားကြရ ပါသည်။ ဟင်းချိုလည်း ချက်ထားရပါသည်။ ထမင်းကျန်ဟင်းကျန်များနွှေး ရေနွေးအိုးတည်ကာ ကျောင်းသွားရန် ပြင်ဆင်ကြရသည်။ အမေအိပ်ရာမှထ၍ မျက်နှာသစ်ပြီးသည် နှင့် မီးဖိုချောင်ဝင်ကာ ဟင်းချက်ပေးသည်။ မီးဖိုချောင်မသပ်မရပ်ဖြစ်နေလျှင် အမေ မကျေမနပ် ဖြစ်ကာ ပွစိပွစိပြောနေတတ်ပါသည်။ ကျနော်တို့မောင်နှမများကတော့ မကြားသလိုမသိသလို သာ နေကြရသည်။ အမေမီးဖိုချာင်ထဲဝင်သည်နှင့် အမေ့အနားတွင် ကျနော်တို့သိပ်မကပ်ရဲကြပါ။

ဟားခါးမြို့ အထက ၁ တွင် အလယ်တန်း အထက်တန်းကျောင်းသားဘ၀များကို ကျနော်ကျော် ဖြတ်ခဲ့ပါ သည်။ ဆယ်တန်းစာမေးပွဲကိုလည်း အထက ၁ မှပင် ကျနော်အောင်မြင်ခဲ့သည်။ အိမ်နှင့် ကျနော် တက်သော အထက ၁ ကျောင်းမှာ အတော်ဝေးပါသည်။ ကျနော်နေသောရပ်ကွက်မှာ ဈေးသစ် ရပ်ကွက်ဖြစ်ပြီး ကျနော်တို့အိမ်မှာ ဟားခါးမြို့ ပြည်နယ်မီးသတ်ရုံး မရောက်မီ (မီးသတ်လမ်း စသုံးလုံး လမ်း နောက်ဆုံးအိုးအိမ်) နှင့်စည်ပင် (ယခင် ဟားခါးပန်းခြံ) ရုံးအကျော်၊ ၎င်းတို့ကြားတွင် ရှိပါသည်။ ကျနော်တို့တွင် ဆိုင်ကယ်မရှိသဖြင့် ခြေကျင်ဖြင့်ပင် လျှောက်ကြရပါသည်။ ညီမလေးလိုင်းနှင့် ညီလေးရှိန်း တို့တက်သော ချင်းဦးစီးကျောင်းမှာ အိမ်နှင့်အနည်းငယ်ဝေးသော်လည်း သိပ်အဝေးကြီးမဟုတ်ပါ။ ၉ နာရီအတန်း စသည်ဆိုပါက ၈ နာရီ ၂၀ မိနစ်လောက်တွင် အိမ်မှ ထွက်နိုင်မှ ကျနော့်အတွက် ကွတ်တိဖြစ် ပါသည်။ အမေချက်ပေးသော ဟင်းခွက်ကို ကျနော်မစောင့်ပါ။ ထမင်းခူး ဟင်းချိုခပ်ကာ နွှေးထားသော ဟင်းကျန်များဖြင့် စားပါသည်။ အမေက ခဏစောင့်ရန် ပြောတတ်သည်။ ရံဖန်ရံခါ အမေ့ဟင်းခွက်ကို ကျနော်စားရပါသည်။ မီတတ်ပါသည်။ အများအားဖြင့် စားရင်းတန်းလန်း တ၀က်တပျက်အချိန်တွင် အမေ့ဟင်းခွက် ရောက်လာတတ်သည်။ အမေ့ဟင်းခွက်မှ ပူပူနွေးနွေးဟင်းကိုခပ် ထမင်းနှင့်ရောကာ စားရ သည်မှာ အရသာရှိလှပါသည်။ ညီမငယ်နှင့်ညီလေးတို့ကမူ အမေချက်သောဟင်းကို စောင့်တတ်ကြသည်။ အမေ့ဟင်းခွက်မှာ ကဗျာထဲကလို အသားတုံးဟင်းခွက်မဟုတ်သည်က များပါသည်။ 

သာမာန်ဟင်းသီးဟင်းရွက်ဟင်းသာ ဖြစ်နေတတ်သည်။ သို့သော် စားကောင်းပါသည်။ ကဗျာထဲက အသားတုံးဟင်းခွက်မျိုးကိုလည်း ရံဖန်ရံခါ ကျနော်တို့ စားခဲ့ကြရသည်။ ထိုအချိန်မျိုးတွင် ထမင်းစား ပိုမြိန်ကြောင်းကိုလည်း ကျနော် မှတ်မိနေသည်။ ခင်ဗျားတို့အားလုံးတွင် ဆိုင်ရာဆိုင်ရာ အမေ့ဟင်းခွက် အဖြစ်အပျက်များရှိမည်ဟု ကျနော်ထင်ပါသည်။ ပြန်လည်သတိရခြင်းသည် ချစ်စရာကောင်းသော ပျော် စရာကောင်းသော အလေ့အကျင့်ဖြစ်သည်ဟု ကျနော်ယုံကြည်သည်။ 

‘အမေ့ရဲ့ဟင်းခွက်များ “ကဗျာအတွက် ဆရာလွန်းဆက်နိုးမြတ်ကို ကျနော် ကျေးဇူးတင်ပါသည်။

ဝေမြင့်မောင်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
လင်းဇင်းအမျိုးသားဆောင် အခန်း ၃၅ စက်တင်ဘာလ
၂၅ ၂၀၁၆