သစ်ခက်သံလွင်၊ အသောအထေ့- ဂျိုဇော်ရဲ့ "နွားတရား"





နွားတရား




carlasonheim.wordpress.com


ငယ်တုန်းကရွာမှာ သူငယ်ချင်း ဒေဝေါ ဆိုတာရှိခဲ့တယ် ။( သူ့နာမည်ရင်းရှိပေမယ့် ကာတွန်းဦးသန်းကြွယ် ဇာတ်ကောင် ဒေဝေါ နဲ့တူလို့နာမည်ပြောင် ရသွားတာ ) ဒေဝေါဟာ  အင်မတန်စိတ်ထား နုညံ့ပါတယ်။ တိရစ္ဆာန်တွေကိုလည်း သနားကရုဏာ ရှိတယ်၊ ခွေးလေးတွေ ကြောင်လေးတွေ ကြက်လေးတွေကအစ သူ့ကိုချစ်ကြတယ်။ သူ့အိမ်က နွားတွေဆို ချော့ချော့မော့မော့နဲ့ ဂရုစိုက်တာ ။
 
" မိုက်ခဲလေးရာ ၊ အနိုင်မကျင့်နဲ့လေကွာ ကိုယ့်ဟာကိုယ် စားမှပေါ့ "

 
မိုက်ခဲဆိုတဲ့ နွားသိုးပေါက်လေးက ဉာဉ်ဆိုးတာကိုး။ အချင်းချင်းဗိုလ်ကျချင်တယ်။ အတူနေ
နွားတွေကို ကန်ဟယ်ဝှေ့ဟယ်နဲ့။ ဒေဝေါဘယ်လိုမှ ချော့ပြောလို့မရဘူး။ သူ့ကိုတောင်
ကန်ချင်ချင် ဝှေ့ချင်ချင် ။

 
တနေ့တော့ ဒေဝေါအဖေက မိုက်ခဲကို တံဖျာနဲ့လှိမ့်ရိုက်တယ်။ နောက်တခါဝှေ့ရင် နင့်ကိုဝှေးသင်း ပစ်မယ်လို့လည်း ပြောတယ်။ ဒေဝေါဘက်လှည့်ပြီး...

 
" ဟေ့ကောင် ဒေဝေါ…နွားတရား ဒုတ်နဲ့စီရင် ရတယ်ကွ " လို့လည်း ပြောတယ်။

 
နှစ်ပေါင်းများစွာကြာပြီ။ ဒေဝေါတော့မသိဘူး။ မောင်ဂျိုဖြင့် အဲဒီစကား ခုမှပိုသတိရနေတယ် ။

 
" နွားတရား ဒုတ်နဲ့ စီရင်ရတယ် " ။ ။


ဂျိုဇော်

Comments