သစ်ခက်သံလွင် ကဗျာစင်မြင့်(၂)၊ မင်းငြိမ်းအေး၊ မောင်ထိန်လင်း(မြို့သာ)၊ မိုးခါးနှင့် ကိုပွေးတို့၏ကဗျာများ

တံငါ
KT#
 သူလည်းမမြဲဘူး
ကိုယ်လည်းမမြဲဘူး
ဝမ်းမီးတောက်ခဲ့ကြတယ် ။
ရေအောက်ရှုခင်းကို
ငါဆင်းမကြည့်ချင်သလို
မြေပြင်အနေအထားလည်း
မင်းနားမလည်ပါဘူး ။
ရတနာတွေထက်
စွန့်စားခန်းကိုသဘောကျလို့
ငါမျှားခဲ့တယ် ။

မင်းငြိမ်းအေး
ချောင်းကြည့်နေတဲ့ မြစ်
KT#
 ဝေးဝေးကပဲ လွမ်းနေမယ်ဆိုပြီး
ကမ်းမရှိတဲ့ မြစ်က
ချစ်တတ်သူကြီးဘွဲ့ကို ခံယူနေတယ်။
သူ ကွယ်ကွယ်ဝှက်ဝှက် စီးဆင်း
ဂီယာထိန်းရင်း သင်ဖြူးခင်းရတော့မယ်။
ငယ်ရွယ်စဉ်က မိုးဦးကျတုန်းက
နှလုံးသားဒုန်းဆိုင်း
အချစ်မုန်တိုင်းကျ
ဘဝမှာ ပထမက အချစ်
ဒုတိယက အချစ်
ပြုသမျှတိုင်း အချစ်
မျက်စိထဲမှာ ချစ်စရာတွေချည့်။
အသည်းတခြမ်းနဲ့ လမ်းခွဲရတော့
ရေအကျမှာ
ရနိုင်သမျှ ယူခဲ့ပေမယ့်
ရွာအခြေမှာ သွေးတစက် နှစ်စက်
မျက်ရည်အကွက်လိုက်ကျန်ရစ်
မြစ်ကိုမချစ်တဲ့ငါးတွေ ချန်ရစ်
ချစ်တတ်သူကြီးသာ အလွမ်းနာ အဆွေးဖျားနဲ့
ခပ်ကောကောကမ်းနှစ်ဖက်ကြား
တွားသွားနေရဲ့။
လွမ်းလို့ရှိရင်
မြင်နေရတဲ့ရွာကလေး
ခပ်ဝေးဝေးက ငေးကြည့်နေလိုက်တယ်။

မောင်ထိန်လင်း(မြို့သာ)
ဝါကျတွေ ပိပိကျလာတဲ့ငါ
KT#
 ဦးခေါင်းထက်ဆံပင်ကတောင်အရင်သစ္စာဖောက်လာမှတော့
အရိုးပေါ်အရွက်ဖုံးထားတဲ့ကိစ္စဝိစ္စတွေလည်းအလကား
လက်ဖြောင့်တပ်သားဘယ်သူဖြစ်ဖူးပြီလဲ
အသံနဲ့လေမကွဲပြားခြင်းဆိုတော့လည်း
တစ္ဆေခြောက်သည်ဟုထင်ရသောသစ်ပင်ကိုဖယောင်းတိုင်အမွှေးတိုင်နဲ့တောင်းပန်သလိုမျိုး
ကြောက်လှန့်မှုစိုးရွံ့မှုမသိမှုအထွေထွေအောက်မှာ
ချည်ခင်လိုရှုပ်ထွေးနေတဲ့အမှားတွေကသာ
တလှမ်းသာတကြောင်းကောက်နဲ့အနိုင်ယူဗိုလ်စွဲလို့....
သောက်ပြီးသားဆေးလိပ်တိုကိုကြည့်ရင်းသံဝေဂရသလိုမျိုး
ရှိပစေတော့
ဆာလောင်မွတ်သိတ်မှုတွေအတွက်ဆေးစစ်ခံကိုယ်ကျင့်သိက္ခာဘယ်လောက်
ဂုဏ်ရှိန်ဂုဏ်ဝါတွေအတွက်တထီးတနန်းကဘယ်လောက်
ခိုကိုးရာမဲ့မှုတွေအတွက်အသွေးအသားကဘယ်လောက်
တာဝန်မကျေမှုတွေအတွက်လုံခြုံစိတ်ချရခြင်းကဘယ်လောက်
အသီးဆွတ်ပြီးတာတောင်အပင်ခုတ်ထင်းစိုက်ပစ်လိုက်တဲ့
နေ့စဉ်သမရိုးကျဖြစ်စဉ်တွေနဲ့ဆက်ထုံးမပြေသေးသမျှ....
ဘာမှမတောင်းဆိုတော့သလို
ဘာမှမတွေးနိုင်သေးဘူး။ ။

မိုးခါး
ကန့်သတ်နယ်မြေ
KT#
အနီရောင်ဆိုင်းပုဒ်မှာ
အသက်အန္တရယ်ရှိကြောင်း ရေးထားတယ်
အဓမ္မသိမ်းထားတဲ့ မြေပေါ်မှာ
အခန်း(၃၉)လို အခန်းတွေ
မူးယစ်ဆေးဝါး လက်နက် ငွေတုတွေ
လွတ်ထားတဲ့စစ်ခွေးတွေ
ခတ်ထားတဲ့သွပ်ဆူးကြိုးတွေ
ရပ်ထားတဲ့လေယာဉ်တွေ
ပြေးနေတဲ့ကျည်ဆံတွေ
'ဖြတ်သန်းသွားလာခွင့်မပြု' ဆိုတော့
အသက်တွေကို ထားခဲ့ရတယ် ။ ။ ။

ကိုပွေး
၂၈၊၉၊ ၂၀၁၆

Comments