တပ်နယ်မြေ
Exposition Art Blog |
ဘိုးဘွားတို့ရဲ့ဝိညာဉ်များဆုံရာ
ရဲရဲစိမ်းမြက်ခင်းပြင်မှာ
ငါဟာ လဲလျောင်းနေတယ်။
အို
မထင်မရှားအပြာကောင်းကင်
သင်ရဲ့ပွင့်လင်းမှုက
ရိုးရိုင်းတောသားငါ့ကို
ပိုမိုသေးငယ်စေရော့သလား။
ရဲရဲစိမ်းမြက်ခင်းပြင်မှာ
ငါဟာ လဲလျောင်းနေတယ်။
အို
မထင်မရှားအပြာကောင်းကင်
သင်ရဲ့ပွင့်လင်းမှုက
ရိုးရိုင်းတောသားငါ့ကို
ပိုမိုသေးငယ်စေရော့သလား။
(၁)
ဟောဒီယာမြေမှာ
ကလေးဘဝရဲ့လွတ်လပ်မှုတွေ
စူးနစ်ပျော်ဝင်နေတယ်။
ဟေး
ဟေး
စူးစူးသေးသေး
ငါ့ရဲ့ရိုးဟေးအော်ဟစ်သံကို
ယာတောနံရံက
လက်ဆောင်ပြန်ပေးတယ်။
ယာတဲနံဘေးက
သစ်ပင်ကျောက်သင်ပုန်းမှာ
သင်ကြားတတ်မြောက်ခါစ
အက္ခရာတွေကို
တံစဉ်နဲ့ရေးခြစ်ရတာ
စေးစေးပိုင်ပိုင်ရှိလှတယ်။
နွားလွတ်တွေရဲ့ခြိမ်းခြောက်မှုကို
ကြောက်ရွံ့နေကြရှာတဲ့
အဖစိုက်သစ်ပင်သီးနှံများဟာ
ငါ့ရဲ့ကျောင်းအားရက်တွေကို
အားကိုးတကြီးတောင်းဆိုကြတယ်။
ပြိုင်းရိုင်းပွားစည်စိုက်ခင်း
မြင်လိုက်ရတဲ့ခဏ
မရိုးနိုင်တဲ့စကားဓာတ်ပြား
အင်း ထမင်းဆာပြေလိုက်တာကွာ တဲ့
အဖလိုပဲ
ငါလည်း ထမင်းဆာပြေသွားရဲ့။
မြေကရားထဲက
လက်ဖက်ရည်ကြမ်းခါးခါးကို
တရှုးရှုးမှုတ်သောက်ကြရင်း
အဖနဲ့ငါ
စိတ်ကူးချင်းရောလေ့ရှိတယ်။
ယာမြေတခွင်
နေရာအနှံ့
အဖခြေရာ
ထပ်ကာ ထပ်ကာ
ငါ့ခြေရာတွေ
ဒီလိုနဲ့
အဖခြေရာနီးပါး
ငါ့ခြေရာတွေကြီးမားလာခဲ့ပေါ့။
(၂)
ငါ့ဦးခေါင်းဟာ ကမ္ဘာကြီး
ချက်ချင်း
နှမ်းစေ့ တစေ့
အာကာသထဲလမ်းလျှောက်
တယောက်ထဲစကားပြောနေ
အိပ်
မက်
တွေ
လား
အိပ်မက်တွေလား။
တောစောင့်နတ်
တောင်စောင့်နတ်အပေါင်းတို့
ကောင်းကင်ပြင်၌
သီးနှံစိုက်ပျိုးနိုင်ရန်
ဖန်ဆင်းပေးတော်မူကြပါ။
တိတ်ဆိတ်နေတဲ့
နွားစာကျင်းထဲ
နွားစာခြောက်တချို့
ကာရန်မဲ့သေဆုံးနေတယ်။
ကျီနံဘေးမှာ
သံချေးတက်ထယ်သွားအိုတလက်
တဝါးဝါး သမ်းဝေနေတယ်။
နှမ်းဖတ်ရည်အိုး
အာခေါင်ခြောက်ကပ်
ရေငတ်နေတယ်။
ငါ့ရဲ့
လယ်ယာလုပ်နိုင်စွမ်းအားတွေ
ပင့်ကူမျှင်အထပ်ထပ်
ရစ်ပတ်လို့။
အနာဂတ်ကို
အာဏာအသိမ်းခံလိုက်ရတယ်။
မိန်းမရေ
ငိုမနေနဲ့တော့
ငါတို့ရဲ့ဝမ်းနည်းပူဆွေးမှုကို
မဖော်ပြနိုင်အောင်လို့
မျက်ရည်တွေပါ
အသိမ်းခံလိုက်ရပြီမဟုတ်လား။
(၃)
ခြေလှမ်းတွေက
ယာတောဆီ
အမှတ်တမဲ့လှမ်းမိနေပြန်တယ်။
ရုတ်တရက်
သံဆူးကြိုး
လက်နက်ကိုင်အစောင့်တပ်သား
ငါ့ခြေလှမ်းများကို
ဟန့်တားလိုက်ကြပေါ့။
ခပ်လှမ်းလှမ်းမှာ
ငါတို့ရဲ့
နာကျင်မှုနှလုံးသွေးများနဲ့ခြယ်သ
အနီရောင်ဆိုင်းဘုတ်တခု
တပ်နယ်မြေ
တာဝန်မှအပ ဖြတ်သန်းသွားလာခွင့်မပြု။ ။
ညီတင့်
၁၃၅၄ သီတင်းကျွတ်လပြည့်ကျော်
၎ ရက်
ကဗျာရေးသူမှတ်ချက်။ ။ ၁၉၉၀
ပြည့်လွန်မှာ စိုက်ပျိုးရေးကလွဲပြီး ဘာမှမလုပ်တတ်တဲ့ ကျနော့်မိတ်ဆွေတဦး ယာမြေအားလုံး
သိမ်းဆည်းခံခဲ့ရ။ အဲဒီတုန်းက ရေးခဲ့တဲ့ကဗျာပါ။ သူ့ခမျာ အဲဒီမြေတွေပြန်ရရေး ကနေ့တိုင်
ကြိုးစားနေရှာဆဲ…။
Comments
Post a Comment