သစ်ခက်သံလွင် တကိုယ်တော်၊ နိုလိုင်း၏ "မြေပြင်" ကဗျာများ

မြေပြင်
KT#
 အက်ရာသေးသေးလေးကပဲ ဒို့တွေစရ
မီးလောင်ဖို့ဆိုတာ တကယ်တော့ လေပင့်ဖို့မလိုသလို
တရားကိုယ်မှာသာရှာ
လှိုက်လောင်နေတဲ့ဖွဲဟာ ချက်ချင်းပြာကျသွားတယ်
ဒီအထိရောက်လာခဲ့ပြီးပြီလေ
ဒို့တွေ ဒဏ်ရာမနက်ကြစို့ရဲ့
စခဲ့တုန်းကအကြောင်းတွေလည်းမပြောကြပါစို့
ဘယ်သူက ဗျာဒိတ်နဲ့လာတာ
ဘယ်သူက သင်စုန်းဆိုတာ
ဘဝကို သုညကစရတယ်ပြောပြီး
ချွန်းအထောက်မှာ ဖဲအသေနဲ့ ထပ်ဆွဲနေတာပဲပေါ့
အချိုရေရွှဲနေအောင် ဆမ်းထားခဲ့ပြီးပါပြီ
ဒို့တွေ သုံးဆောင်ကြပါစို့ရဲ့
ဒို့တွေ အဝေးဆုံးကို ဝေးဝေးပြေးကြပါစို့
ခေတ်ပေါ်ကဗျာကို ဒို့တွေ ဆက်ရေးကြပါဦးစို့ ။     ။
.... 
မြေပြင် ၂
KT#
 မိုက်တွင်း မဆုံးတော့သလို
နှိုက်တဲ့လက်တွေ မဆုံးတော့ဘူး။
မိုးမျှော်သလို ပျော်စရာများ
မြေပြင်မှာရှာမရဘူး။
ဇာတ်နာတယ်ပြောပြီး ထိုးအိပ်နေတာပါ
ကောင်းကင်လွှတ်ဖို့
လက်လုပ် စက္ကူစွန်လေး လွှတ်တင်နေတာပါ
ရေဆန်ရမှာသိလည်း  လှေမျောနေသလိုပေါ့
လာပါကွယ်
ပျင်းလို့လည်း ပျော်သလိုသာ နေကြပါစို့။
(ဆိုကြပါစို့)။     ။
....
 မြေပြင်  ၃
KT#

 လိပ်ပြာဆိုတာ နားတတ်မှ လှတာ
ဒို့တွေ ဂိုက်ပေးကြမ်းကြပါစို့ကွာ
ဒီအချိန်ထိ..
ဘဝကို တွင်းဆုံးကျသည်အထိ
ရည်ရွယ်ချက် ရှိရှိနဲ့
အနုပညာဘယ်လောက်သား
ညောင်ရေ ဘယ်လောက်ဖိုးလောက် 
ဒို့တွေလာင်းခဲ့ဖူး
အကျိုးလိုခဲ့ကြဖူးသလဲဆိုတာ..။      ။

....
မြေပြင် ၎
KT#
 ဒီဘဝမှာ အေးအတူ ဆိုပေမယ့်
အပူက ဘယ်လိုမှမမျှတဲ့အခါ
ပျော်ခဲ့ဖူးတာတွေ ပြန်ထုတ်ကြည့်ချင်တဲ့အခါ
(ဆိုကြပါစို့)
အမှတ်တရအဖြစ်ဆိုတာတောင်
သပ်သပ်ဖယ်ထားဖြစ်တဲ့ စာအိတ်ဖြူဖြူတွေ။
သဲခြေကြိုက်ကို မဲတွေနှိုက်နေတာပေါ့ကွာ
လေဥနဲ့ အသံမြည်တဲ့ သန္ဓေသား
ဖဲအသေနဲ့ ဖားတွေချည်း။      ။
....
 မြေပြင်  ၅
KT#
 တိုက်ခန်းထဲမှာလည်း ဖျာခင်းမှ အိပ်ရတယ်
အခုအချိန်အထိ ပြတင်းပေါက်ကလာတဲ့လေ
ပူတယ်လို့ မတွေးဖူးဘူး
အခု ခင်ဗျားနဲ့ကျ တကယ်ဘုရားတနေရလား
တခါတခါ
လက်ရှိလူ့အဖြစ်ထဲ ထပ်ဖြစ်ချင်သောစိတ်ကူးများ
မြေအောက် လေအောက်
အရိပ်အောက် အပူငုပ်နေတဲ့ကမ္ဘာ
တွင်းဆုံးကျတယ်ဆိုပြီး ရေးဖူးတဲ့ကဗျာ
ကြွေတဲ့ကြယ် ကျွံတဲ့ကျင်းဆိုတာ
ဒို့ခေတ်ရဲ့စိတ်အခြေအနေ
ဒို့တွေရဲ့လက်ရှိအခင်းအကျင်းမျိုးပါ။

နိုလှိုင်း

Comments