သစ်ခက်သံလွင် ကဗျာရှည်၊ နေစိမ့်ရဲ့ "လူငယ်တယောက်ရဲ့ကောက်ကြောင်း"

“ လူငယ်တယောက်ရဲ့ကောက်ကြောင်း”

Culture Type
လူငယ်လေးတယောက်ကို ခဏခဏငေးမောနေမိ။

သူ ဘာတွေလိုချင်နေသလဲ

သူ ဘာတွေဖြစ်ချင်နေသလဲ

မိဘတွေ မစဉ်းစားမိခင်

သူ့ထပ်ခိုးပေါ် ပစ်တင်ထားတဲ့အရာတွေက

ကောင်းကင် ရေတံခွန် ကြယ်တာရာဥယျာဉ်

နဂါးငွေ့တန်း ရိုလာကိုစတာ

တံလျှပ်လိုလက်လက်ထ အကြည့်တွေ

ဒိုးယိုပေါက် မိုးကုပ်စက်ဝိုင်း။



လူငယ်တယောက်

ပညာရေး သားရဲတွင်းကိုခုန်ဆင်း

ပညာတတ်မှ လူရာဝင်မယ်ဆိုတဲ့ ဆိုလိုဂန်အတိုင်း

မတတ်အောင်သင်သော စီမံကိန်းများ ထောင်ချောက်ထဲ

တမိသားစုလုံး ငွေခန်းကြေးခန်းကို

ပင်လယ်ကမ်းခြေမှာ အပမ်းပြေ

ကာပယ်ချီနိုနဲ့ ပုစွန်ကင်စားနေရသလို

မျက်စေ့စုံမှိတ်လိုက်ကြရ။



တိတ်တဆိတ်

သူပြုစုထားတဲ့မဂ္ဂါဝပ်တွေ

သက်တန့်မိုက်ခရိုဝှေ့ခ်တွေ

ဂြိုဟ်တခုခုမှာ အဏုမြူဓာတ်ခွဲခန်း

အင်ဂျင်အလွတ် ပျံသန်းမှု

ပိုင်နာနာရိုက်ထည့်ထားတဲ့ ထုထည်နဲ့။



မိဘတွေက ဘွဲ့လက်မှတ်တခုနဲ့

မူလီရစ် ရည်ရွယ်ချက်တွေကြား

သူ့ကိုယ်သူ ရှာဖွေရင်းနဲ့ ပျောက်ဆုံးနေသူ

အနေအထားအရ

ညစောင့်လည်းဘွဲ့ရ

သန့်ရှင်းရေးလည်းဘွဲ့ရ

ယာဉ်မောင်းလည်း ဘွဲ့ရ

အရောင်းဝန်ထမ်းလည်းဘွဲ့ရ

ခေတ်ကြီးက စားပွဲထဲ အံချော်နေတုန်း။



လူငယ်တယောက်

ဘာတွေကို ယုံကြည်လိုက်ရမှာလဲ

ကြယ်တွေကို လက်ညှိုးထိုးလိုက်တိုင်း

နာမည်ရှိနေတာကိုလည်း ကျိတ်ပြီးအားကျနေ

လောလောဆယ်တော့

မအောင်မြင်တဲ့ခွဲစိတ်ခန်းက

ဆရာဝန် ခေါင်းခါလက်ခါ ပိုင်ရှင်မဲ့လူနာ။



သူ့ရှေ့ကို ဘာတွေပြုတ်ကျလာမလဲ

တွေ့လိုက်ကြလား တွေ့လိုက်ကြလား

လမ်းချော်ပြီး ဝင်လာမယ့်ရထား

ဘရိတ်ပေါက်ပြီး လမ်းလယ်တုံးကိုဝင်ဆောင့်တဲ့ကား

သူ့ရှေ့မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေပေါက်ကွဲ

သူ့ရှေ့မှာ လေယာဉ်ပျံတွေပျက်ကျ

သူ့ရှေ့မှာ မြေမြှုပ်မိုင်းတွေ ထပေါက်

သူ့ရှေ့မှာ ဆန္ဒပြပွဲတွေက သွေးစိမ်းရှင်ရှင်

သူ့ရှေ့မှာ ယမ်းငွေ့မစဲသေးတဲ့ စစ်ပွဲတွေ

ရှင်ကွဲ ကွဲသွားကြတဲ့ မိသားစုတွေ
သေကွဲ ကွဲသွားကြတဲ့ချစ်သူတွေ။

 
www.pinterest.com



သူနေတဲ့နိုင်ငံမှာ

ပရဟိတအဖွဲ့အစည်းတွေ ပေါသလို

လာဘ်ပေးလာဘ်ယူတွေ ခေတ်စားလာတယ်

ရေတွေကြီးတယ် မီးတွေလောင်တယ်

ငလျင်တွေလှုပ်တယ်  ကမ်းတွေပြိုတယ်

မုန်တိုင်းတွေတိုက်တယ်

သူ့ကျောပိုးအိတ်ထဲမှာက မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ။



အသက်နှစ်ဆယ်ဝန်းကျင်

လူငယ်တယောက်

သင့်ဘဝအတွေ့အကြုံ ကိုယ်ရေးအကျဉ်းထဲ

အတိတ်မှန်သမျှ စာသင်ခန်းထဲမှာ

လေ့ကျင့်ခန်းစာအုပ်တွေနဲ့

သင်ကြားခြင်းအလွန်

သာလိကာအတောင်ပံတွေနဲ့

ပျံသန်းတဲ့အတတ်ကို

ပြန်လည်စစ်ဆေးခြင်း အိမ်စာတွေနဲ့။



လူငယ်တယောက်

အောင်လက်မှတ်ကိုမိတ္တူပွားပြီး

ဗီဇာလျှောက် သင်္ဘောသားလိုကျွန်လုပ်

သင်တန်းတွေတက်ပြီး ဂျပန်ထွက်

ထိုင်းနယ်စပ်မှာ ဘတ်ငွေသွားရှာ

ကုမ္ပဏီတခုခုမှာ ရရာအလုပ်ဝင်လုပ်

လက်ရဲဇက်ရဲ ယာကူဇာဂိုဏ်းဝင်

လောလောလတ်လတ်ကြီး

အမွှာမွှာ အမွှန်းခံထားရတဲ့ ငါးကင်တကောင်

ဖိုထဲမှာ မီးတရဲရဲ

နို့ဓာတ် မစင်သေးတဲ့ ညှော်နံ့နဲ့။



သူလျှောက်မယ့်လမ်း သူထွင်လို့

အဖြောင့်ကြီးမှာ လာလာတိုက်တဲ့ခလုပ်တွေ

သင်ခန်းစာတွေနဲ့ မရှောင်တိမ်းနိုင်

သူ့ဆီ ပြန်လှည့်လာတဲ့ လမ်းမပေါ်

အမှောင်ခေတ်က အန်ဖတ်တွေထိုးအန်လို့။



ဘဝကို ငရဲမီးမြှုပ်ထားတဲ့အသားတုံး

အငမ်းမရ အရသာခံနေရပုံ

လူငယ်တယောက်ရဲ့သွေးသားထံ

ငြင်းဆန်ရင်းနဲ့ ရောက်လာတာက

ကောက်ရိုးမီလို ထတောက်တတ်တဲ့ ပျော်ရွှင်မှု

အရက် မိန်းမ မူးယစ် ဆေးဝါး

ကူးစက်ရောဂါ ရေဘဝဲလက်တံတွေနဲ့။
Culture Type
 သူ သိတယ်…. သူ့ရှေ့

ချက်ချင်းရောက်လာမှာမဟုတ်တဲ့ ဝါရှင်တန်မြို့ကြီး

နိပါတ်တော်ထဲက ဖုတ်သွင်းရထား

အာလာဒင်ပုံပြင်ထဲက ဘီလူးစောင့်မီးခွက်

သူစောင့်နေတယ်

ပြတ်ရွှေ့ကြောပေါ် ဖင်ခုထိုင်ထားတဲ့ အချိန်ကိုက်ဗုံး

နက်နက်တူးပြီး သူ့ဆီလွင့်စင်လာမယ့် ဥက္ကာခဲ

တောင်ထိပ်မှာ တက်တူးထိုးဖြစ်ဖို့

သူ့အရေပြားပေါ်က ကွက်လပ်မှာ နေရာအလွတ်ချန်ထားရဲ့။



ဘေးလူက ကြားနေရတယ်

သူ့မော်လီကျူး သူ့သိပ်သည်းဆ သူ့တစ်သျှူးမျှင်

တခုချင်းစီရဲ့ အသက်ရှူသံ

သင့်အတွက် မနက်ဖြန် နမူနာအညွှန်းထဲ

သူ့နာမည် ခပ်ကြောင်ကြောင် ရှာဖွေနေမိ။



လူငယ်တယောက်ရဲ့ကောက်ကြောင်းမှာ

ကျောက်တံနဲ့ရေးတဲ့ ကျောက်သင်ပုန်းပေါ်က

အက္ခရာတွေ လောကဓံကြာပွတ်နဲ့ အပျိုရည်ပျက်

အရိုးနုမှာ လွန်းနာထားခဲ့ရတော့

မွေးရာပါ တိုက်ခိုက်ရေးသမားလို

ကံတရားကို အဖြေမှန် မမှန် စစ်ဆေးရအောင်

သူဟာ … ဘုရားသခင် မဟုတ်လေဘူး။

နေစိမ့်
၂၀၁၆၊ အောက်တိုဘာ၊ ၁၁ ရက်



Comments