သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ စိုးခိုင်ညိန်း၏ "ညနေခင်း" ကဗျာများ

ညနေခင်း ၁
bombmagazine.org
 စိတ်က တဖြေးဖြေး အုံ့မှိုင်းလာတယ်
အစဉ်အလာအရဆို
တစ်ခုခုကို လွမ်းပစ်လိုက်ရတော့မယ်
တိမ်တွေက တရွေ့ရွေ့နဲ့
ခံစားမှုကို မီးထွက်အောင်သွေးလို့
ကဖေးဆိုင်မှာ အဖေးတက်အောင်ထိုင်လည်း
ကော်ဖီခွက်ထဲက ငါးကိုတောင်
မိအောင် မမျှားနိုင်သေးတဲ့အဖြစ်
အမှောင်ရဲ့ခြေသံမှာ အထိတ်ထိတ်အပြာပြာ
နေရောင်ဟာ လွတ်ထွက်သွားတဲ့ ငါးပဲ။ ။

စိုးခိုင်ညိန်း(28.9.14)
 ....
ညနေခင်း ၂
abstractartpictureswallpaper.blogspot.com
တံတားအောက်ကနေ စောင့်နေတယ် 
အိမ်ပြန်မယ် အိမ်ပြန်မယ်တဲ့ ဘတ်စ်ကားတစီးက အော်သွားတယ်
သူရောက်လာတော့ လက်ဆွဲခြင်းကို လှမ်းယူတယ်
နောက် လက်ချင်း ချိတ်လိုက်ကြတယ် 
နေလုံးက သွေးသံရဲရဲနဲ့ မြစ်ပြင်မှာ မေးတင်နေပြီ
ပလက်ဖောင်းပေါ်က ဆိုင်တဆိုင်မှာ ထိုင်ကြတယ်
အသုပ်ပုဂံကို နှစ်ယောက်သား ဆိတ်ဆွနေတယ်
ဘာစကားမှ ပြောစရာမလိုဘူး 
တစ်ယောက် မျက်လုံးမှာ တယောက် ပုံရိပ်တွေ 
ကြာပါပြီ နှစ်ယောက်အကြားမှာ ညပ်နေတဲ့ ညနေခင်းတွေကို မဖယ်ရှားနိုင်သေးဘူး။။

စိုးခိုင်ညိန်း (10.8.2016)
.... 
ညနေခင်း ၃
improvedandnew.blogspot.com
 လမ်းမီးတွေ လင်းလာပြီ
ပန်းခြံမှာ တယောက်တည်း ထိုင်နေတယ်
အပန်းဖြေသူတို့ အပန်းပြေကြရဲ့လား
ပန်းပွင့်တွေထဲ ကျနော်ရယ်သံတွေ ထည့်ထားခဲ့တယ်
မွှေးရနံ့ကို ရှူမိသူတို့ပျော်ပါစေ
ရင်ထဲက ချော်ရည်တွေ ပန်းမထွက်ခင်လေး
တုန်ယင်စွာမောဟိုက်နဲ့ ပြေးထွက်ခဲ့တယ်
ဖိုထားခဲ့မိတဲ့ မီးများရှိရာဆီ။။

စိုးခိုင်ညိန်း (17, 8, 2016)
ညနေခင်း ၎
b1103113haa102.blogspot.com
ရှင် ကျမကိုပစ်ထားတာပဲ
ကျမစောင့်နေတယ် ဆံပင်တွေရှည်သည်အထိ
မီးစွဲနေတဲ့ အသံထဲကားတွေ တစီးပြီး တစီးဖြတ်သန်းသွား
မီးခိုးတွေဟာ ဖုန်းထဲက ထွက်ကျလာ
ပေါက်ကွဲသွားတဲ့ ဆပ်ပြာပူဖောင်းထဲမှာ မြင်ရလား
ရှင်နဲ့ကျမရဲ့ဇာတ်ဝင်ခန်းတွေ 
အခု မျက်ရည်ပြင်မှာ မျက်လုံးက နီနေပြီ
ရှင် နမ်းလိုက်တာနဲ့ မှောင်ကျသွားဖို့ အသင့် ။။

စိုးခိုင်ညိန်း (21, 9, 2016) 
….

ညနေခင်း ၅
www.artistsnetwork.com
လေထုထဲမှာ မင်းပုန်းကွယ်နေတာ ကိုယ်သိတယ်
ကိုယ်သင်းနံ့ကို မင်းဘယ်မှာဝှက်ထားမလဲ
လွမ်းဆွတ်ခြင်းက အနီရောင်သန်းနေပြီ
သစ်ရွက်တွေကို ခြွေချလိုက်ပါတော့ကွယ်
ကိုယ့်မှာ စောင့်မျှော်ရတာမောလှပြီ ။

စိုးခိုင်ညိန်း (6, 8, 2016)

Comments