သစ်ခက်သံလွင်ကဗျာစင်မြင့်။ သင်းရည်လွင်၊ ဇာနည်သွေး(ပလိပ်)၊ ကျော်ကျော်(မြရည်စမ်း)၊ တေဇလင်း -နည်းပညာတက္ကသိုလ်

စက်တင်ဘာအဝါ 
www.pinterest.com
 သည်အချိန်လေးပါပဲ
လိမ္မော်ရောင်တွေ တောထသွားတာ
ဓမ္မဟာ နားမပါသူအတွက် အဆိပ်တွေပဲ
တိတ်တိတ်နေတဲ့စိတ်တွေ
မီးတောက်ခဲ့ပြီ
သည်အချိန်လေးပါပဲ
အရပ်ဆယ်မျက်နှာ မေတ္တာသုတ်တွေ
အလေအလွင့်ဖြစ်ခဲ့ပုံများ ။

သင်းရည်လွင်
စက်တင်ဘာ ၂၀၁၆
သမိုင်းသွေးသူများ
www.pinterest.com
 မကြောက်တရားတွေနဲ့
ချောက်ထဲက အနာဂတ်တွေအတွက်
အရိုးကို ကြိုးလိုကျစ်ပေးထားတယ်
ရဲရဲကြီးသာ ဆွဲတက်ခဲ့လိုက်
အမှောင်တွေ ပိတ်နေလို့
ဘာမှ တွေးမထိတ်နဲ့
စွေးစွေးနီတဲ့ သွေးနဲ့
တဖိတ်ဖိတ်လတ်သွားစေ့မယ်
မယုံမရှိနဲ့
လွင့်နေတဲ့အလံကိုကြည့်
အဲ့ဒီလောက်
ထိထိမိမိတောက်ပနေတာ
သူတို့ရဲ့သစ္စာတွေပဲ
ဇွဲမာန်တွေ တဝင့်ဝင့်နဲ့
အားပါးတရ မြှောက်ပင့်လိုက်တဲ့
တော်လှန်ရေး ကဗျာတေးသွားဟာ
အဲ့ဒီသူရဲကောင်းတွေရဲ့
ရင်ခုန်သံ စစ်စစ်တွေပေါ့
အရိုင်းအစိုင်းတွေကြားမှာတောင်
သမိုင်းမမှားအောင် လှခဲ့တဲ့
ကျုပ်တို့ရဲ့
ဘာမထီ နှင်းဆီရဲရဲတွေ
ဘာမှ တွေဝေမနေနဲ့
အရှင်လတ်လတ် လင်းဆွတ်နေတဲ့
မြန်မာ့မြေပေါ်က ကြယ်ပွင့်တွေနဲ့
ရင်ဘတ်ချင်း ဂျပ်ပင်ထိုးရအောင်
အဲ့ဒီအခမ်းအနားမှာ
နဂါးမှာ ဂဠုန်ခွခဲ့သလို
ခြင်္သေ့ကို ဒေါင်းတွေခွပ်ကြမှာ
ကြည့်လို့ လှတယ် လာ……။       ။

ဇာနည်သွေး ( ပလိပ် )
အလွတ်တန်းဖိတ်ခေါ်ပွဲ
www.distanz.de
ကမ္ဘာကြီးမီးမလောင်ခင်
ချ အနင်းခံရပြန်ရပြီ...
အဆင်းအတက်ရွှေ့ကွက်ကြား
ဗျာများနေကြတယ် ။

အိုဇုန်းလွှာပေါက်
ဒီလောက်ကျယ်တာတောင်
ပဒေသာပင်ကပေါက်
မြေဆီလွှာကမခြောက်တော့
အရာရာဟာတွယ်တာစရာတွေကြီးပဲလေ။

မြင်းလည်းဒီလမ်းကြောင်းခုန်
ဘုန်းကြီးလည်းဒီလမ်းကြောင်းရွေ့
အရင့်အရင်နေ့ရက်များက
ကစားကွက်တွေပါပဲ
ဘုရင်က ရှေ့မတက်နိုင်တော့မှ
သရေပွဲမှန်းပြီး
ရထားနဲ့နေရာလဲလိုက်တယ်
ပွန်းတွေအကျများပြီး
ပွဲသစ်ပြန်စကြတဲ့အခါ
မြေလွာအဆီရစ်လာတယ်။  ။

ကျော်ကျော်(မြရည်စမ်း)
၃.၉.၂၀၁၆
မြင်းရိုင်းတွေနေတဲ့မြို့
www.pinterest.com
အခုန်အထွက်ကြမ်းတယ်
ကိုယ့်ဇက်ကြိုးကိုယ်ကိုင်
ယိုင်လှရင်ပြန်ထ
ဘယ်သူမှတခုတ်တရမရှိဘူး
သိလျှင်မသိဘူးငြင်းချင်ငြင်းတယ်
ရှိလျှင်မရှိဘူး ကင်းချင်ကင်းတယ်
ချစ်ခြင်းမုန်းခြင်းဟာ ခဏလေးအတွင်း
နေ့မြင်ပြီး ညမှာပျောက်ချင်ပျောက်တယ်
ပန်းနဲ့ပေါက်လည်းနာချင်နာတယ်
ကိုယ့်ဘဝကိုယ်ကယ်ဆယ်ပြီးသွားနေကြ
အကြမ်းထည်စစ်စစ်ပြည်တွင်းဖြစ်
မြို့ပြ … ။ ။

တေဇလင်း
နည်းပညာတက္ကသိုလ်

Comments