Sunday, September 11, 2016

k

သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈" တပ်မဟာ(၄)သို့ တခေါက်တခါ"

ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..

၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 
 
 စိုးလွင်
(၂၁၁) (၀မ်ခ)


ီဇိုင်း မိုးမခ
....လမ်းခရီးမှာ ရန်သူတပ်စုတစု စခန်းထိုင်ထားတဲ့ ရွာတရွာမှာ ခဏနားကြတယ်။
ရွာသူကြီးရောက်လာပြီးပြောတယ်..သူ့ကို ရန်သူတပ်စုမှူးက မှာလိုက်တယ်။ ကျောင်းသားတွေကိုပြော လိုက်ပါ။ သူတို့စခန်းကိုမတိုက်ဖို့..ကျောင်းသားတွေလိုတာ ပေးလိုက်ပါတဲ့....


တပ်မဟာ(၄)သို့ တခေါက်တခါ

မယ်ညောခီး ခံစစ်စခန်းကနေ ပြန်ဆင်းလာပြီး..ABSDFဗဟို(မိုးသီးဇွန်) ရှိတဲ့ မာနယ်ပလောမှာ လေ လွင့်နေတုန်း ဗဟိုကနေ ကျနော့်ကိုစစ်ရုံးအုပ်အဖြစ် တာဝန်ပေးတယ်။ စစ်ရုံးအုပ်ဖြစ်လို့ ၃ လလောက်
 နေတော့...K.N.U နယ်မြေ တပ်မဟာ(၄) မှာရှိနေတဲ့ တပ်ရင်း(၂၀၃)က ရဲဘော်သစ်တွေကို အခြေခံစစ် ပညာသင်တန်းပေးဖို့..တပ်ရင်း(၂၁၄) က ရဲဘော်တယောက်နဲ့အတူ သင်တန်းနည်းပြလုပ်ဖို့ တာဝန်ပေးပြန် တယ်...။
ဒီလိုနဲ့ ကျနော်တို့သင်တန်းဆရာနှစ်ယောက်လည်း ပျော်ပျော်ရွင်ရွင်နဲ့..မာနယ်ပလော ကတဆင့် ထိုင်းနိုင်ငံ ဘန်ကောက် Bangkok ကိုဖြတ်ပြီး တပ်ရင်း(၂၀၃)ရှိရာ တပ်မဟာ(၄)ကို ရောက်သွား ရောဆိုပါတော့။
ရောက်ပြီး တပတ်လောက်နေတော့ အတူပါလာတဲ့သင်တန်းဆရာကို သင်တန်းအချိန်ဇယားနဲ့ သင်ခန်းစာ ကိစ္စတွေ နှစ်ယောက်သားဆွေးနွေးဖို့ ပြောကြည့်တော့..ရပါတယ် ဖြစ်ပါတယ်ဆိုပြီး ရှောင်ထွက်သွားတယ်။ ဆုံတိုင်းပြောပေမဲ့ အပြောမခံဘဲ ရှောင်ဖယ် ဖယ်လုပ်နေတယ်။
ဒါနဲ့ ဘာကြောင့်ဆိုတာ လေ့လာကြည့်တော့ ABSDFအဖွဲ့ရဲ့ ဆက်သွယ်ရေးသင်တန်း နည်းပြချုပ်ဦး ၀င်းမောင်(ဆက်သွယ်ရေး တပ်ကြပ်ကြီးဘ၀နဲ့ စစ်တပ်မှ ထွက်ထားသူ) နဲ့ တိုင်ပင်ပြီး လုပ်နေကြ တာကိုး။
သင်တန်းအတွက် တာဝန်ရှိတဲ့သူထဲမှာပါတဲ့ ကျနော့်ကိုချန်ထားပြီး သူတို့အချင်းချင်းတိုင်ပင်ပြီး လုပ်နေကြ တယ်။ သင်တန်းနဲ့ပတ်သက်ပြီး ဘာမှအသိမပေးဘူး။ ဘာကြောင့်အသိမပေးလဲဆိုတာ ကိုယ်လည်းမသိရ။
အချိန်တန်တော့ ကျနော်ကိုမခေါ်ဘဲ သင်တန်းစရောဆိုပါတော့။
မသင်ရတော့ သက်သာတာပေါ့။ အချိန်တန် မူလတာဝန်ရှိရာဗဟိုကို ပြန်ရတာပေါ့လို့ တွေးပြီး သူတို့သင်တန်းလုပ်နေရာကိုမသွားဘဲ ကိုယ့်ဘားတိုက်မှာပဲ နေနေတာပေါ့။
ရက်နည်းနည်းကြာလာတော့...ငါ ဒီအတိုင်းထိုင်နေတာတော့ မကောင်းပါဘူး၊ ကူလို့ရတာလေးတွေ ကူလိုက်အုံးမယ်ဆိုပြီး(စိတ်ကောင်းဝင်နေတဲ့အချိန်) ဆိုပြီး သင်တန်းရှိရာနေရာကို ထွက်လာခဲ့တယ်။
သင်တန်းကိုရောက်သွားတဲ့အချိန်မှာ ကျနော်ကို ရှောင်ဖယ်ဖယ်လုပ်နေတဲ့သင်တန်းဆရာက (သူနဲ့ကျနော်နဲ့ တပ်မဟာ ၃ မှာ တနှစ်လောက်အတူတာဝန်ထမ်းဆောင်စဉ်က..သူနဲ့ သူတပ်ရင်းနဲ့ အဆင်မပြေဖြစ်စဉ်က ကျနော် သူ့ဘက်က ကာကွယ်ပြောပေးခဲ့ဖူးတယ်။
သူကိုတော့ မပြောပြခဲ့ဘူး) သင်တန်းသားတွေကို သေနတ်ပစ်ခြင်း သင်ခန်းစာပြပေးနေတာကိုတွေ့ရတယ်။ ကျနော်ကြည့်လိုက်တော့ ရဲဘော်တွေရဲ့ခြေထောက်တွေဟာ အနေအထား မှားနေတာကို တွေ့ရတယ်။
အမှန်ထားရမယ့်အနေအထားက..ပစ်မှတ်ရယ်၊ သေနတ်ရယ်၊ ညာဘက်ခြေထောက်ရယ်က တတန်း ထဲဖြစ်ပြီး ဘယ်ခြောက်ထောက်ကို ဆန့်နိင်သမျှ ဆန့်ထုတ်ထားရမှာ။
အခုတော့ ခြေထောက်နှစ်ချောင်းကို ၄၅ ဒီဂရီဆီ ခွဲထုတ်ထားကြတယ်။
ကျနော်လည်း နီးရာရဲဘော်တယောက်ကို ပြင်ပေးရင်..အနီးရောက်လာတဲ့ သင်တန်းဆရာကို မှားနေတဲ့ အကြောင်း တိုးတိုးလေးကပ်ပြောလိုက်တယ်။ (ရဲဘော်တွေသိရင် သိက္ခာကျမှာစိုးလို့)။
ဒါပေမဲ့ ကျနော်ပြောတာကို သူကဂရုစိုက်ဘဲ ကျနော်အမှန်ပြင်ပေးထားတဲ့ရဲဘော်ကို အရင်အမှား အတိုင်း ပြန်လုပ်ခိုင်းလိုက်တယ်။ ကျနော် ပေါက်ကွဲပြီပေါ့။
ဒါပေမဲ့ ဘာမှပြန်မပြောဘဲ ပြန်လာခဲ့လိုက်တယ်။ ညနေ သူ သင်တန်းကပြန်လာတော့ နေ့လည်က အဖြစ်ကို ပြန်ပြောကြရင်း အခြေအတင်ဖြစ်ကြရော။
ကျနော်လည်းပေါက်ကွဲပြီး ထိုးဖို့စိမ်ခေါ်မိရော။ ဒါပေမဲ့ သူဘက်က ဘာမှမပြောလာတော့ ရန်ပွဲဟာ ပြီးသွားရောဆိုပါတော့ဗျာ။
ကျနော်လည်း ဘယ်တော့မှ သင်တန်းဘက်ကိုမသွားဖို့ဆုံးဖြတ်လိုက်တယ်။


ဒီလိုနဲ့နေရင်...တရက်တော့ သူ သင်တန်းမလုပ်ဘဲ အိပ်နေတာတွေ့ရတယ်။ ကျနော်လည်း ဘာမှမမေးပါ ဘူး. .နှစ်ရက် သုံးရက်လောက်နေတော့ ဆယ်သွယ်ရေးကဦးဝင်းမောင် ကျနော်တို့နေတဲ့ ဘားတိုက် ကို ရောက်ချလာတယ်.။ သင်တန်းဆရာဖျားနေတဲ့အတွက် အခြေခံစစ်ရေးပြ သင်တန်းပြီးသွားတဲ့ ရဲဘော်သစ်တွေကို ကိုယ်စီတိုက်ပွဲ.. တပ်စိပ်တိုက်ပွဲတွေပြပေးဖို့ လာပြောတာ။

ကျနော်လည်း ပထမတော့..ကျနော်နဲ့ မပတ်သက်ချင်တဲ့သင်တန်းကို မပြနိုင်ဘူးလို့ ပြောလိုက်မလို့ဘဲ။ ဒါပေမဲ့ ဦးဝင်းမောင်ရဲ့မျက်လုံးနဲ့ မျက်နှာအနေအထားက ကျနော့်ကို ပညာစမ်းချင်တဲ့ပုံ ပေါက်နေ တာရော..တော်လှန်ရေးရဲ့တာဝန်တရပ်လို့ ခံယူထားတာကြောင့်ရော.. လုပ်မယ်လို့ ကတိပေးလိုက်တယ်။
နောက်နေ့ကျတော့ ရဲဘော်သစ်တွေကို ကိုယ်စီတိုက်ပွဲတွေ..တပ်စိပ်တိုက်ပွဲတွေ ပြပေးလိုက်တယ်။
စပြပြခြင်းအချိန်မှာ ဦးဝင်းမောင်နဲ့အဖွဲ့တွေ ဒီကောင် ဖြစ်မှဖြစ်ပါမလားဆိုတဲ့အကြည့်တွေနဲ့ လာကြည့်သေး တယ်။ ကျနော်လည်း ကိုယ်တတ်သမျှ အပင်ပမ်းခံပြီး အခေါက်ခေါက်အခါခါ ပြပေး လိုက်တာမြင်တော့ မှ..တော်ပါပြီမောင်စိုးလွင်ရယ်။ နားနားနေနေလုပ်ပါ။ အပင်ပန်းသိပ်မခံနဲ့ ဘာနဲ့ဖြစ်လာဘာရော။ အဲဒီတော့မှပဲ ဦးဝင်းမောင်လည်း ကျနော့်ကို လေးစားတဲ့ပုံစံတွေ ပြလာတော့တယ်။
သူတို့ဆရာဦးဝင်းမောင် ပုံစံပြောင်းလာတာတွေ့တော့ သင်တန်းဆရာအပါအ၀င် တခြားသူတွေလည်း ကျနော့်အပေါ် ကောင်းမွန်တဲ့ဆက်ဆံရေးအပြုအမူ ပြလာကြတယ်။ သုံးရက်လောက်နေတော့ မူလ သင်တန်းဆရာ ပြန်လုပ်နိုင်ပြီပြောလို့ ကျနော်လည်း သင်တန်းပြီး ဆုံးချိန်အထိ ဘာမှမလုပ်တော့ဘူး။

သင်တန်းပြီးဆုံးလို့ ဗဟိုကိုပြန်ရတော့မယ်ဟေ့လို့တွေးပြီးပျော်နေချိန်မှာ..တပ်ရင်း ၂၀၃ မှာ တပ်စုမှူး တာဝန်ထမ်းဆောင်ပေးဖို့ ဗဟိုကတာဝန်ပေးပြန်ရော။

(တပ်ရင်း ၂၀၃ ကတောင်းလို့ ဗဟိုက တာဝန်ပေးတယ်လို့ ပြောတာပဲ)
တော်လှန်ရေးတာဝန်ထမ်းတာပဲ၊  ဘယ်နေရာရောက်ရောက်ဆိုပြီး ကျနော်လည်း လက်ခံလိုက် တာပဲ။ (သင်တန်းမှာ ခံလိုက်ရတာကို အမှတ်မရှိ..)

သင်တန်းပြီးဆုံးပြီးတော့..စစ်ကြောင်းဖွဲ့ဖို့ ရှေ့တန်းကိုဆင်းရမယ်ဆို့လို လှေစီးပြီး မင်းသမီးချောင်း အတိုင်း ဆင်းကြတာပေါ့။

ရှေ့တန်းစခန်းထောက်တခုကိုရောက်လို့ ဗဟိုကော်မတီဝင် ကိုကြင်သန်းနဲ့တွေ့တော့.. ဒီနယ်မြေနဲ့ ပတ်သက်တဲ့မြေပုံတခုလောက်ရနိင်မလာလို့ အကူအညီတောင်းကြည့်လို့ ..သူမှာရှိတဲ့ မြေပုံတခုတော့ ထုတ်ပေးပါတယ်။ ကြည့်ကြည့်လိုက်တော့ ဒီနယ်မြေနဲ့ပတ်သက်တဲ့ မြေပုံလည်း မဟုတ်ဘူး။ ဒါပေမဲ့ လိုရမယ်ရဆိုပြီး ယူလာခဲ့လိုက်တယ်။
(မင်းသမီးစခန်းမှာရှိတဲ့ ရဲဘော်အတော်များများက ဒီက ဒေသခံတွေ..ကျနော်က ဒီနယ်မြေကို တခါမှ မရောက်ဖူးဘူး အစိမ်းသက်သက်)..လမ်းခရီးမှာ ရန်သူတပ်စုတစု စခန်းထိုင်ထားတဲ့ ရွာတရွာမှာ ခဏနားကြတယ်။
ရွာသူကြီးရောက်လာပြီးပြောတယ်..သူ့ကို ရန်သူတပ်စုမှူးက မှာလိုက်တယ်။ ကျောင်းသားတွေကိုပြော လိုက်ပါ။ သူတို့စခန်းကိုမတိုက်ဖို့..ကျောင်းသားတွေလိုတာ ပေးလိုက်ပါတဲ့။
(သူတို့စိုးရိမ်လည်း စိုးရိမ်စရာ..သူတို့က တပ်စုတစုထဲ..ကိုယ်တွေက အင်းအား၂၀၀ ကျော် လောက် ရှိတယ်.)
နောက်တနေရာ တနသာင်္ရီမြစ်တနေရာ ရောက်ပြန်တော့ ..မြစ်တဘက်ကမ်းမှာ ရန်သူစစ်ကြောင်း တကြောင်းသွားနေတာတွေ့တော့ ကျနောတို့လည်းနေရာ ယူကြပေါ့။
ညမိုးချုပ်တော့ တဖက်ကမ်းက ရွာသားတယောက်ရောက်လာပြီး..ရန်သူစစ်ကြောင်း ပေါ်တာဆွဲပြီး ဆက်ထွက်သွားကြောင်း၊ ပုံမှန်ဆို သူတို့ရွာတွင် ညအိပ်သော ရိက္ခာထောက်ပံရေး စစ်ကြောင်းဖြစ်ကြောင်း၊ အခုတော့ သူပုန်တွေ အင်းအားများတာတွေ့လို့ ညမအိပ်ရဲဘဲ ဆက်ထွက်သွားတာဖြစ်ကြောင်း သတင်း လာပေးတယ်။

ဒီလိုနဲ့ပဲ စစ်ကြောင်းတွေရဲ့ဆုံရပ်ဖြစ်တဲ့ သကြက်ရွာ (နံမည်အမှတ်မှားနိုင်)ကို ရောက်သွားရောဗျာ။ တာဝန်တွေပေးကြ စစ်ကြောင်းတွေဖွဲ့ကြတော့ ကျနော့်ကို DAB စစ်ကြောင်း (အလွယ် ပြောရရင် မဟာမိတ် K.N.U နဲ့ တွဲတိုက်ရမယ့်စစ်ကြောင်း) မှာ တပ်စုမှူးတာဝန်ပေးတယ်။

ဒီမှာတခုပြောရမှာက ဒီ မြိတ် -ထားဝယ်ဘက်မှရှိတဲ့ ကျောင်းသားတပ်ရင်းတွေမှာက ပင်လယ်ပြင် စစ်ကြောင်းနဲ့ ကုန်းတွင်းစစ်ကြောင်း(DAB စစ်ကြောင်း)ဆိုပြီး နှစ်မျိုး ရှိတယ်။ ပင်လယ်ပြင်စစ်ကြောင်းကို လူတိုင်းသွားချင်ကြတယ်..ဘာကြောင့်ဆို ရွာတွေနဲ့နီးတော့ အစားအသောက်ပေါတယ်။ ငွေရွှင် တယ်..တပ်မှူးတွေကလည်း သူတို့နဲ့အဆင်ပြေတဲ့ရဲဘော်ကို ပင်လယ် ပြင်စစ်ကြောင်းကို ခေါ်တယ်။ တပ်မှူးမလိုချင်တဲ့သူ ကလန်ကဆန်လုပ်ချင်တဲ့သူတွေ ပြစ်ဒဏ်ကျ တဲ့ရဲဘော်တွေက DAB စစ်ကြောင်းသွားပေတော့ပဲ။ DAB စစ်ကြောင်းက ငတ်တယ်.. ငွေမရဘူး.. ကိုယ်ကတော့ ဘယ်တပ်မှူးမှ မလုပ်ချင်တဲ့ DAB စစ်ကြောင်း တပ်စုမှူးပေါ့။ ဒီလို့နဲ့ တာဝန်ခွဲဝေပြီး ကြတော့ ကျနော်တို့တပ်စုလည်း DAB စစ်ကြောင်းဖွဲ့မယ့်ဒေသဆီကို ထွက်ခွာလာခဲ့ကြတယ်။ စစ်ကြောင်းဖွဲ့မယ့်ရွာကိုရောက်တော့ စစ်ကြောင်းမှူးလုပ်မယ့် K.N.U က တပ်မှူးက ခရီးလွန်နေလို့ ကျနော်တို့တပ်ဖွဲ့လည်း ရွာမှာစခန်းချရင် စစ်ကြောင်းမှူးကို စောင့်ရပြန်ရော။ စောင့်လို့ ၃ ရက် လောက်နေတော့ ဒီဒေသမှာလှုပ်ရှားနေတဲ့ ကျောင်းသား တပ်စုမှူးတဦး ကျနော့်ကို လာတွေ့တယ်။ (သူလည်း ကျနော့်လိုပဲ မာနယ်ပလောဘက်ကလာပြီး တာဝန်ထမ်းနေတဲ့ ရဲဘော်တဦး)..
သူ ကျနော့်ကိုတောင်းဆိုတာက..ကျနော်တို့တပ်စု ပင်လယ်ဘက်ကိုဆင်းပြီး တပ်ရင်းရိက္ခာ အတွက် ငွေ ရှာပေးဖို့။ ကျနော်လည်း ပြန်ပြောလိုက်တယ်။ ငါ့ကို တာဝန်ပေးလိုက်တာ DAB စစ် ကြောင်းနဲ့တိုက်ပွဲဝင်ဖို့ သာ တာဝန်ပေးလိုက်တာ။ တပ်ရင်းအတွက် ငွေရှာဖို့မပါဘူး။ နောက်ပြီး ငါနဲ့စစ်ကြောင်းမှူးလည်း မတွေ့ ရသေးဘူးလို့ပြောတော့..သူနဲ့ စစ်ကြောင်းမှူးနဲ့ခင်ကြောင်း သူပိုင်ကြောင်း၊ တပ်ရင်းရံပုံငွေရှာတာလည်း DAB စစ်ကြောင်းရဲ့လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း၊ စစ်ကြောင်းမှူးရောက်တဲ့အချိန် သူပြောထားပေး မယ်ဖြစ်ကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော့်တပ်စိပ်မှူးတွေကလည်း ဟုတ်မှန်ကြောင်း သူ့ဘက် ကထောက်ခံပြီး ၀ိုင်းပြောကြတယ်။ (အမှန်တော့ သူတို့တအုပ်စုလုံး တိုင်ပင်ပြီး ကျနော်ကို ၀ိုင်းလိမ် လိုက်ကြတာ)
ကျနော်လည်း သူတို့ပြောတာကို ယုံကြည်ပြီး သွားဖို့သဘောတူလိုက်တယ်။ ကျနော်တို့သွားမယ့်ဒေသနဲ့ ကျနော့်မှာ ပါလာတဲ့မြေပုံကိုတိုက်ကြည့်တော့ ကံကောင်းထောက်မစွာ ဘဲ အံကျဖြစ်နေတယ်။ ကျနော်လည်း တပ်စုထဲက တပ်စိပ်တစိပ်ကိုရွေးပြီး ရည်မှန်ချက်ထားတဲ့ ဒေသကို ထွက်ချလာလိုက်တယ်။ လမ်းမှာ တညအိပ်ပြီး နှစ်ရက်မြောက်တဲ့နေ့မှာ မီးလောင်ချောင်း ရွာနဲ့နာရီဝက်ခရီးအကွာလောက်မှာရှိတဲ့ ပင်လယ်ချောင်းဖျားတနေရာမှာ စခန်းချကြတယ်။ ကျနော်တို့စခန်းချတဲ့နေရာကို ဒီရေတက်မှ လှေနဲ့လာနိုင် သလို ချောင်းကလည်း ကွေ့ကောက်ပြီး ချောင်းလက်တက်များစွာရှိနေလို့ ဒေသခံမဟုတ်ရင် လူ စိမ်းတွေရောက်ဖို့မလွယ်ဘူး။ နှစ်ရက်လောက်နေတော့ မနက်စောစော လှေတစီးနဲ့ ထွက်လာလိုက်တာ မိုးမလင်းခင် ဒီရေ အတက်နဲ့အတူ ကပြင်ဆိုတဲ့ရွာကို ရောက်သွားကြတယ်။ ရောက်သွားနဲ့ ရွာရဲ့ ထွက်ပေါက် ၀င်ပေါက်တွေ့ကို ရဲဘော်တွေကို ပိတ်ခိုင်းလိုက်တယ်။ ဒီရွာတွေက ဒီရေအတက်အကျနဲ့မှ ၀င်ထွက်လို့ရတော့ သတင်းပေါက်သွားရင် ကျနော်တို့အားလုံး ပိတ်မိသွားနိုင်တယ်လေ။ ကျနော့်တပ်စိတ်မှူးနဲ့ ဒုစုမှူးကလည်း ဒေသခံဖြစ်နေတော့ ကျနော့်ကို ရွာလူကြီးရှိရာအိမ် ခေါ်သွားတယ်။ (အမှန်ပြောရရင် ကျနော့်အလုပ်က မျက်နှာပြပြီး လူကြီးတွေကိုပြောရုံပဲ။ ကျနော့်ရဲဘော်တွေက ဒီရွာမှာ သူဌေးဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်သူတွေလဲ၊ ဘယ်မှာရှိနေလဲဆိုတာ ရွာခံတွေနဲ့ပေါင်းပြီး ဒီကောင်တွေက အားလုံးသိနေတယ်။ ရသမျှသတင်း ကျနော့်ကိုလာပေးထားတယ်။ သူတို့အချင်းချင်းပြောကြရင် မြိတ် ထားဝယ်လိုပြောကြတော့ ဗမာ့ဖြစ်တဲ့ ကျနော် နားမလည်းတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့).. ကျနော် လည်း ရွာလူကြီးကို ဒီရွာမှာရှိတဲ့ သူဌေးတွေကို ခေါ်ခိုင်းလိုက်တယ်။ ရွာလူကြီးလည်း သူဌေးတွေခရီး လွန်နေကြောင်း ကျနော့်ကို ပြောတယ်။။ ကျနော်လည်း ရထားတဲ့သတင်းနဲ့ သူဌေးတွေ ဘယ်မှာ ရှိနေလဲ ဆိုတာသိကြောင်း ပြောလိုက်တော့မှ သူခေါ်ပေးမယ်လို့ ပြောလာတော့တယ်။
(သူ့ခင်မျာလည်း ကျနော့်ကို ကြောက်ကြောက်နဲ့လိမ်ရရှာတာပါ..ကိုယ်က သေနတ်ကိုင်ထား တာကိုး) ..မကြာဘူး သူဌေးတွေရောက်လာတယ်။ (သူတို့က မှောင်ခိုလှေတွေနဲ့ ချမ်းသာနေကြသူတွေ)။
ရောက်လာတာနဲ့သူတို့ကို ကျနော်လာရင်းအကြောင်း ပြေပြလိုက်တယ်။ ကျနော်တို့တော်လှန်ရေးတပ်တွေအတွက် ရိက္ခာဖိုးငွေနဲ့ လက်နက်ဝယ်ဖို့ငွေလိုတယ် လှူကြပါပေါ့။ သူတို့တွေကလည်း လှေအတွက်ကောက်ခံတဲ့အခွန်ငွေတွေကို ပင်လယ်ပြင်မှာပေးဆောင် ပြီးဖြစ်ကြောင်း၊ ငွေလက်ခံဖြတ်ပိုင်းရှိကြောင်း အကြောင်းပြကြတယ်။ ကျနော်ကလည်း ခင်ဗျာတို့ကို အခုလိုတောင်းနေတာကလည်း အခွန်ထပ်ဆောင်ခိုင်းနေတာမဟုတ်... အလှူခံနေခြင်းသာ ဖြစ် ကြောင်း၊ မတရားလည်း မတောင်းလိုကြောင်း..ခင်ဗျားတို့ တစ်ထောင် ချမ်းသာရင် တစ်ကျပ် လောက်တော့ လှူတန်းစေလိုကြောင်းပြောလိုက်တယ်။
သူဌေးတွေလည်း တိုင်ပင်ပြီး ငွေထုတ်ပေးကြတယ်။ ကျနော်လည်း ရတာငွေတွေကို စာရင်းလုပ်ပြီး ဒုစုမှူးထံ အပ်ထားလိုက်တယ်..(သူဌေးတယောက်က ကျနော့်ကိုပြောတယ်။ ဗိုလ်ကြီးတယောက်ပဲ ကျနော်တို့ကို စေတနာရှိသလောက် ထည့်ခိုင်းတာတဲ့။ အရင်လူတွေဆို ဘယ်နှစ်သိန်း ပေးရမယ် ဆိုပြီး ပြောတာတဲ့)။ ကျနော်တို့လည်း ဒီရေအကျနဲ့အတူ ကပြင်ရွာကနေ စခန်းချရာနေရာ ကို ပြန်လာခဲ့ကြ တယ်။ စခန်းမှာနေစဉ်အတွင်း ရဲဘော်တွေလည်း နီးစပ်ရာဆွေမျိုးတွေဆီ သွားလည် ကြတယ်။ အလည်ကပြန်လာတဲ့ ရဲဘော်တွေကိုသွားကြည့်လိုက်ရင် စီးကရက်တွေ၊ ငွေတွေ ပါလာတာကိုတွေ့ ရတယ်။ ဘယ်လိုရလာသလဲမေးလိုက်တော့ ဆွေမျိုးတွေ ပေးတယ်လို့ ပြောတယ်။ (ကျနော့်အကူရဲဘော်က ကျနော်တပ်မှူးလုပ်ပြီး ဆေးပေါ့လိပ်သောက်တာကို အမြင် မတော်လို့တဲ့ မာပိုလိုစီကရက် တတောင့်ပေး တယ်)။
ဒီလိုနဲ့နေရင်း တရက်ကျတော့ ကျနော် ဒုစုမှူးက ပြောလာတယ်..မြိတ် -ထားဝယ် ကားလမ်းပေါ်မှာ ရှိတဲ့ မီးလောင်ချောင်းရွာကနေ ဖြတ်သန်းနေတဲ့ခရီးသည်တင်ကားတွေကို စစ်ချင်တယ်တဲ့။ (အစိုးရစစ်တပ်က ပါလာတတ်တဲ့ရဲဘော်တွေကို ဖမ်းချင်လို့)။
ဒါနဲ့ မီးလောင်ချောင်းရွာကိုသွား ကားတွေပိတ်ဖမ်းပေါ့။ ။ရဲဘော်တွေ ကားတွေဖမ်းပြီးစစ်နေချိန်မှာ ကျနော်က လက်ဖက်ရည်ဆိုင်ထဲကထိုင်ပြီးကြည့်နေတယ်။ ရွာလူကြီးလည်း လက်ဖပ်ရည်ဆိုင်ထဲမှာ ရှိနေတယ်။ ကျနော့်ကိုတော့ စကားလာမပြောရဲဘူး။
ခဏနေတော့ ကားစပယ်ယာတယောက် ကျနော့်ဆီပြေးလာပြီး အရင်ကတပ်မှူးတယောက်ကို တော့ မှာလို့ ကတ်ဆက်တလုံး ၀ယ်ပေးလိုက်ကြောင်း၊ အခုတော့ ငွေပဲယူဖို့ ပြောတယ်။ ကျနော်လည်း..ငါ ငွေလိုချင်လို့ ကားတွေစစ်ဆေးနေတာမဟုတ်ကြောင်း။ ကိစ္စရှိလို့ စစ်ဆေးနေ တာဖြစ်ကြောင်း ပြောလိုက်တယ်။
ဒီအချိန်မှာပဲ ကျနော့်တပ်စိပ်မှူးရောက်လာပြီး ခရီးသည်တင်ကားခေါင်းမိုးပေါ်မှာ စစ်တပ်က လုပ်ခိုင်းထားတဲ့ ၀ါးကပ်တွေပါလာကြောင်း သတင်းပို့လာတယ်။။ ကျနော်လည်း အနီးမှာရှိနေတဲ့ စပယ်ယာကို.. ဒီဝါးကပ်တွေကို မီးရှို့ပစ်လိုက်ရင် ဘာဖြစ်နိုင်သလဲလို့ မေးလိုက်တော့ သူတို့ ကလည်း ဖြစ်ပျက်တဲ့ အကြောင်းကို စစ်တပ်ကို သတင်းပို့ရမယ်။ စစ်တပ်ကလည်း ၀ါးကပ်တွေ လုပ်ပေးခိုင်းတဲ့ရွာကို ထပ် လုပ်ခိုင်းမယ်လို့ပြောတယ်။ ဒါနဲ့ ကျနော်လည်း ရွာသားတွေ ထပ်ပင်ပန်း မှာစိုးလို့ ၀ါးကပ်တွေ မီးမရှို့ ဘဲ ပြန်ပေးလိုက်ဖို့ တပ်စိပ်မှူးကို အမိန့်ပေးလိုက်တယ်။ တဆက်ထဲ စပယ်ယာဘက်လှည့်ပြီး..မင်းတို့ စစ်တပ်ကို အမြဲတမ်းသတင်းပို့ရလား မေးတော့.. ကားသမား ရော ရွာလူကြီးရော အမြဲတမ်း သတင်းပို့ ရကြောင်း၊ နောက်ကျပြီး သတင်းပို့တဲ့သူက အရိုက်ခံရ ကြောင်းပြောတယ်။ ဒါဆိုလည်း မင်းတို့နှစ်ယောက် တိုင်ပင်ပြီး တပြိုင်ထဲ သတင်းပို့ ကြကွာ။ ငါ့နံမည်ကတော့ စိုးလွင်ပဲ။ လူ လက်နက်အင်းအားတော့ မပြောနိုင်ဘူး။ မင်းတို့ဟာမင်းတို့ကြည့်ပြီးပို့ပေးတော့လို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ ကိုယ့်အတွက်နဲ့ မဆိုင်တဲ့သူတွေကိုတော့ မထိခိုက်စေချင်ဘူး။ ကျနော်လည်း သူတို့ကိုပြောပြီးတာနဲ့ လက်ဖက်ရည်ဆိုင် အပြင်ဘက်ကိုထွက် လမ်းလျှောက်စကားပြောစက်ကို ထုတ်ပြီး"ဇင်ယော်မှ လင်းယုန်... ဇင်ယော်မှ လင်းယုန်...ဇင်ယော် ပြောနေတယ်..တပ်ခွဲနှစ်ခွဲလုံးကို အဆင်သင့်လုပ်ခိုင်းထားလိုက်။ ဒီကပြီးရင် ထွက် လာခဲ့မယ်။ ဆုံရပ်မှာ ဆုံမယ်..ဒါပဲ။
(အမှန်တော့ ကျနော့်မှာ တပ်စိတ်တစိတ်ပဲပါတာ။ ဘာစက်နဲ့မှလည်း အဆက်အသွယ်မရှိဘူး။ ရန်သူကို လှည့်စားလိုက်တာပေါ့။ ရန်သူလည်း ယုံသွားလို့လားမသိဘူး။ ကျနော်တို့ပြန်တဲ့အချိန်ထိ ဘာအနှောင့် အယှက်မှ မတွေ့ရဘူး)
ကျနော်တို့လည်း မီးလောင်ချောင်းရွာမှာ ၂ နာရီလောက်နေပြီး စခန်းချရာနေရာကို ပြန်လာခဲ့ကြတယ်။
နှစ်ရက်လောက်နေပြီး နောက်ရက်ကျတော့ ရဲဘော်တွေကို အပြင်မထွက်ခိုင်းတော့ဘူး။ ကျနော့်တပ်စိပ်မှူးကိုလည်း လမ်းပြတယောက်ရှာထားဖို့ ကြိတ်မှာထားလိုက်တယ်။ ညဘက်ရောက်မှ ရဲဘော်အားလုံးကို မနက်ခရီးထွက်မယ် အဆင်သင့်လုပ်ထားဖို့မှာပြီး၊ မနက်စောစောအလင်းမထွက်ခင်မှာ ကျနော်တို့တဖွဲ့လုံး လမ်းပြရှိရာတဲဘက်ကို ထွက်လာခဲ့ကြတယ်။ လမ်းပြနဲ့တွေ့တာနဲ့ ကျနော်သွားလိုတဲ့ အရပ်ကို ညွန်းပြပြီးလိုက်ပို့နိုင်သလားမေးလိုက်တော့ အံ့သြတဲ့မျက်နှာနဲ့ကြည့်ပြီး လိုက်ပို့နိုင်ကြောင်း ဖြေ တယ်။
(လမ်းမှာသွားရင် လမ်းပြက ပြောပြတာက ဒီလမ်းကြောင်းကို ကွန်မြူနစ်တွေပဲသုံးပြီး.. ကျောင်းသားနဲ့ K.N.U မသုံးကြောင်း ပြောပြတယ်။ အမှန်က ဒီလမ်းကြောင်းကို ကျနော်လည်း မသိဘူး။ မြေပုံအညွန်း ကိုကြည့်ပြီးမှ လမ်းပြကို ညွန်းပြရတာ။ ပါလာတဲ့ မြေပုံအပိုင်းလေးရဲ့ ကျေးဇူးပေါ့)..ကျနော်တို့လည်း ခပ်ကြမ်းကြမ်းလျှောက်လိုက်ကြတာ တရက်ထဲနဲ့ DAB စစ်ကြောင်း ရှိရာရွာကို မိုးချုပ်ခါစမှာ ရောက်သွားကြ တယ်။ ရောက်လို့ နားရမယ်မကြံသေးဘူး စစ်ကြောင်းမှူး ခေါ်တယ်ဆိုလို့ သွားတွေ့ရတယ်။ စစ်ကြောင်းမှူးလည်း သူ့ကိုမပြောဘဲ ရှေ့တန်းဆင်းသွားလို့ ဆူပါလေရော။ ကျနော်တို့ထဲက တပ်စုမှူးက စစ်ကြောင်းမှူးကို သူပိုင်ကြောင်း သူပြောပြထားပေးမယ်ပြောလို့ ကျနော်ဆင်းသွား တာဖြစ်ကြောင်း ပြောပြတော့ ... သူကို ဘယ်သူမှ ဘာမှ လာမပြောကြောင်း ပြန်ပြောတော့ အံ့သြ ပြီး ဒေါသထွက်ရတယ်။ ကျနော်လည်း စစ်ကြောင်းမှူးကို တောင်းပန်ပြီး...ကျနော့်ကို ဂျောက်(ချောက်) တွန်းတဲ့တပ်စူမှူးကို အရေးယူပေးဖို့ တပ်ရင်းကို သတင်းသွားပို့ချင်ကြောင်းပြောတော့၊ စစ်ကြောင်းမှူးက သွားခွင့်ပေးတယ်။ ဒါနဲ့ပဲ နောက်နေ့မနက် ကျတော့ လှေကြုံနဲ့တပ်ရင်းရှိရာကို တယောက်ထဲ ထွက်လာခဲ့လိုက်တယ်။ တပ်ရင်းရောက်ပြန်တော့လည်း တပ်ရင်းမှူး ဒုရင်းမှူးတွေက ရှေ့တန်းကို တခြားလမ်းက ဆင်းသွား တော့ မတွေ့ရဘဲလွဲပြန်ရော။
ကျနော်ရှေ့တန်းကို ပြန်ဆင်းသွားရင် ကောင်းမလားစဉ်းစားလိုက်တော့..သင်တန်းစကထဲက ကိုယ့်ကို ၀ိုင်းနှိပ်ကွပ်နေကြတာ အခုချိန်ထိဆိုတော့(ကျနော့်ကို နှိပ်ကွပ်တဲ့သူတွေကလည်း မာနယ်ပလောက လာတဲ့သူအချင်းချင်းဆိုတော့ ပိုစိတ်နာတယ်။ ကျနော့်စိတ်ကိုလည်း ကျနော် သိတယ်။ သေနတ်တွေ ကိုင်ထားကြတော့..မဟုတ်တာတွေ မဖြစ်ချင်တော့ဘူး)။။ ရှေ့တန်းကို ပြန်မဆင်းဖို့ ဆုံးဖြတ်လိုက်တော့ တယ်။
ဒီလိုနဲ့တပ်ရင်းမှာနေရင် မင်းသမီးစခန်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဝင်းမင်းကို အကူအညီ တောင်းပြီး Bangkok ကို ပို့ခိုင်းရတယ်။ အဲဒီကမှတဆင့် ဗဟိုရှိရာ သေလောထကို ပြန်လာခဲ့ လိုက်တယ်။

စိုးလွင်(၂၁၁)(၀မ်ခ)