သစ်ခက်သံလွင် အက်ဆေး၊ သင်းရည်လွင်၏ " ပြောင်းလဲနေတဲ့တိမ် "






 ဘဝဟာ ကြွေအံကစားသလိုဖြစ်တယ်။ ဘဝဟာ လူရွှင်တော်တယောက် ပျက်လုံးတွေရှိတယ်။ ဘဝဟာ နေလိုပူတယ်။
ဘဝဟာ ရေခဲစိမ်ဖြစ်တယ်။


ပြောင်းလဲနေတဲ့ တိမ်
  
အချိန်တို့အကုန်မြန်သည်။ မသိနိုင်သောဘဝတိုတို၏မြစ်တို့စီးဆင်းသွားသလို ဖြစ်သည်။ လူတယောက် အတွက်ကန့်သတ်ထားသောနေ့များ အစားထိုးပြန်မရ။
မမြင်ရသောလမ်းများကြွေနေသော ကြယ်များ အနန္တ။
ရေပေါ်ဆီတချို့၊ ကိုယ်ရည်သွေးတချို့ အနံကြီးကွင်းကျယ် တွင်ကျယ်နေသောအနံ့များ လမ်းဘေး ဆိုင်တွေလိုညှော်လို့။


ကျွန်တော်တို့ပေးဆပ်နေသည်။ ပေးဆပ်နေဆဲဖြစ်သည်။ မည်သူမျှ မတွေးကြ။ အားလုံး ခေါင်းတွေ မော့ထားကြ။
အားလုံး ဘေးဘီမကြည့်ကြ။ ကိုယ့်သီချင်းနဲ့ကိုယ်။
ကိုယ့်အဖျားသွေးနဲ့ကိုယ်အေးစက်နေကြဆဲ။


အတ္တကိုယ်စီ။ မျှော်လင့်ခြင်းဟာ ဗုံတလုံးလို အသံထွက်မကောင်းခဲ့ဘူး။ ဒါပေမဲ့ ပျော်ပျော်နေ သေခဲ။ သည်လိုစီးဆင်းခဲ့ကြတယ်။ ဘဝဟာ လောင်းကြေးရှိတယ်။
ဘဝဟာ အပေးအယူရှိတယ်။ ဘဝဟာ ငိုသံတွေ ရှိတယ်။ ဘဝဟာ ကြွေအံကစားသလိုဖြစ်တယ်။ ဘဝဟာ လူရွှင်တော်တယောက် ပျက်လုံးတွေရှိတယ်။ ဘဝဟာ နေလိုပူတယ်။
ဘဝဟာ ရေခဲစိမ်ဖြစ်တယ်။


နတ်နေကိုင်းလေးတခုတောင် အပြည့်အဝမသိမ်းပိုက်နိုင်တော့ ကျွန်တော်တို့ဟာ လိပ်စာမှား ရောက်လာတဲ့ အရိုင်းစိုင်းတွေလို တောမှားနေတဲ့ယုန်တွေ ဖြစ်လာတယ်။ တခါတခါ ပစ်ကွင်းထဲ လည်စင်းခံ သိုးတွေ လည်း ဖြစ်တယ်။ ကြေကွဲခြင်းဟာ အရင်းအနှီးများတဲ့ လက်ဆောင်လဲဖြစ်တယ်။ သည်လိုနေ့တွေမှာ ကျွန်တော်တို့ကြွင်းကျန်နေကြဆဲ။

အခွင့်အရေးဆိုသည်စကားသည် ကျွန်တော်တို့နဲ့ မပတ်သက်။ အရာရာသိမ်းပိုက်နိုင်သော ဖြည့်ဆည်း ပေးနိုင်သောအိပ်မက်များ တိုရေရှားရေနိုင်လွန်းသည်။ ဘုရင်ခံတယောက် စိတ်ကူးမျိုး တွေးလို့ ရနေတာလေးကပဲ အကောင်းဆုံး ဆုလာဘ် ဖြစ်ရသည်။ ငိုရင်း ရယ်တတ်ခဲ့ပြီ။
ပေးဆပ်ခြင်းဟူသည် အလိုအလျောက်ဖြစ်နေသော စက်တလုံးကျွန်တော်တို့ အော်သံခေါ်သံများ အသံဝင်နေမြဲ။ အမြဲတန်းမေ့နေသော မေ့ကျန်ခဲ့သော မေ့ထားခဲ့သော မြက်ခင်းလေးဖြစ်သည်။ ဘယ်တော့ပြန်ရောက်မယ်မသိတဲ့ ရထားတစင်းလည်း ဖြစ်သည်။
လူတယောက်အတွက် သူ့ဘဝသည် သူ့အရေးအခင်း။

သူ့ရဲ့ကိုယ်ရေး ရာဇဝင်ဖြစ်သည်။ ခုချိန်ထိတော့ သူ့ရေးနေတဲ့ စာမျက်နှာတခုမညီမညာဖြစ်နေဆဲ။ ကိုယ် ငေးမောမိသောလမ်းများ အတွေးထဲ ဝေးနေဆဲ။ ဒုက္ခဟာ ချိုခဲ့ပြီ။

သည်နေ့ဟာ ကြိုးပြတ်နေတဲ့ ဂစ်တာပဲ။ 

ကျေနပ်စွာနေတတ်ရုံ။ ရှင်သန်နေရဦးမည်။ လုပ်နိုင်သလောက် လုပ်နေရဦးမည်။ တတ်နိုင်သလောက်
ရိုးသားခြင်းအလံ လွှင့်နေရဦးမည်။ ချိန်ခါမရွေး ပျောက်ကွယ်သွားနိုင်တဲ့ မီးခိုးတွေလို ဟောင်းနွမ်းသွား မယ့် စာမျက်နှာတခုလိုဖြစ်လို့မရ။ အကောင်းဆုံးတွေ ပေးချင်နေခဲ့သည်။ 


တချိန်ချိန်ဆိုတာ ရောက်မလာခင် နောက်ဆုံး သီချင်းတပုဒ်မဆိုဖြစ်ခင် ဘဝကို ကျေနပ်နေချင်သေးသည်။
လူဆိုတာက အချိန်မရွေးပြောင်းလဲနေတဲ့ကောင်းကင်ကြီးထဲက တိမ်မျှင်သေးသေးလေးတခုမဟုတ်ပါလား။


သင်းရည်လွင်
July 2016

Comments